မတ် ၂၁၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကနေ ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့ သွားလာဖြတ်သန်းခွင့်ကို ပိတ်င်ထားတာကြောင့် ဒေသတွင်း ကုန်စျေးနှုန်းကြီးမြင့်လာသလို စစ်ရှောင်တွေအတွက် စဆးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ စစ်ရှေုာင်ကူညီသူတွေက ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်လို့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အဲဒီလမ်းပိုင်းကို ခေတ္တယာယီပိတ်ထားမယ်လို့ ကယားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသာများကာကွယ်ရေး တပ် (KNDF) စစ်ဗျူဟာ အမှတ် ၂က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဆီဆိုင်-လွိုင်ကော်လမ်းမကြီးတလျှောက်မှာ နစကတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲထိတွေ့မှုတွေ အချိန်မရွေး ဖြစ်ပွားနိုင်လာတာကြောင့် လုံခြုံရေးအရ အဲဒီလမ်းမကြီးကို ဒီကနေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ယာဉ်ကြီးယာဉ်ငယ်တွေ သွားလာအသုံးပြုတာတွေ မပြုလုပ်ကြဖို့ သတိပေးထားလိုတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“ကုန်ပစ္စည်းတွေ ဝင်ရောက်ရာ လမ်းကြောင်းကို ပိတ်လိုက်တော့ ဒေသတွင်းမှာ ကုန်စည်ရှားပါး ပြတ်လပ်လာမယ်။ ဈေးကြီးပေးပြီး ဝယ်ရတဲ့ အခြေအနေတွေ ကြုံလာနိုင်ရတယ်။ ကျန်းမာရေးကိစ္စ အပါအဝင် အရေးကြီးကိစ္စသွားရမယ့် သူတွေ ဒုက္ခရောက်တာပေါ့ဗျာ။ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အသက်အန္တရာယ်က စိတ်မချရတဲ့ အခြေအနေဖြစ်သွားတာပေါ့”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ မိဘပြည်သူတွေအနေနဲ့ မဖြစ်မနေလိုက်နာပေးကြရန်နဲ့ ပြည်လည်သွားလာနိုင်မယ် အချိန်နေ့ရက်ကို ပြန်လည်အသိပေးသွားမှာဖြစ်ပြီး အထက်ပါ ထုတ်ပြန်ချက်အတိုင်း လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမယ့် မည်သည့်အကြောင်းအရာကိုမဆို KNDF ဗျူဟာအမှတ် ၂ အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့ အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဲဒီလို ပိတ်ပင်လိုက်တာကြောင့် ကယားပြည်နယ်အတွင်းမှာ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ဈေးကြီးလာနိုင်သလို အလှူရှင်တွေကို မှီခိုအားထားနေရတဲ့ စစ်ဘေးရှောင်စခန်းတွေ အနေနဲ့ ရိက္ခာနဲ့ ဆေးဝါးပစ္စည်းပြတ်လပ်တာမျိုး ကြုံတွေ့လာရနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ နစကနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်နီးပါး နေအိမ်တွေ မီးလောင်ကျွမ်းနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local