မိုးမိတ်ရှိ KIA တပ်စခန်း တခုကို TNLA တပ်ဖွဲ့က စီးနင်း ၊ ကွတ်ခိုင်ကလွှတ်ပေးလိုက်တဲ့ စစ်ကိုင်းpdf တွေကို မန်တုံက ထပ်ဖမ်း

မတ် ၂၁၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးရွာက KIA ဒေသကာကွယ်ရေး တပ်စခန်း တခုကို TNLA တပ်ဖွဲ့ အင်အား ၂၀၀ ခန့်က ဝင်ရောက် စီးနင်းခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးမိတ်က KIA ဒေသ ကာကွယ်ရေး တပ်ဖွဲ့ကို ဒီမနက် မတ်လ ၂၀ ရက်နေ့ အစောပိုင်း မိုးမလင်းခင် TNLA အင်အား အယောက် ၂၀၀ ခန့် လာပြီး ကားနဲ့ လာတင်သွားတယ်။ တခြားနေရာ သွားပို့လိုက်ကြတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
KIA ဒေသ ကာကွယ်‌ေရး တပ်ဖွဲ့ကို TNLA တပ်ဖွဲ့ တွေက အင်အား အလုံးအရင်းနဲ့ စီးနင်းကာ ကားပေါ် အတင်းခေါ်တင်ပြီး မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စုရှိ လယ်ကြီးရွာ ကနေ မန်ဖွယ်ရွာဘက် သယ်ပို့ မောင်းထုတ်ခဲ့တာလို့ သူက ပြောပါတယ်။
“အခုက ဒေသ ကာကွယ်ရေး တပ်ဖွဲ့ တွေ နေတဲ့ နေရာကို ဝင်ရောက်စီးနင်းတာ။ အရင်တခေါက်က အုပ်ချုပ်ရေးလိုင်းကအဖွဲ့နေတဲ့နေရာ ဝင်စီးတာ။ မိုးမိတ်မှာဘဲနေတဲ့ ဒေသခံတွေပဲလေ။ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဆိုတာ မြို့‌ေစာင့်၊ ရွာစောင့်တပ်ဖွဲ့ ပဲလေ။” လို့ နောက်ထပ် ‌ဒေသခံ တယောက်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နဲ့ နီးစပ်သူ တယောက်ကတော့ တော်လှန်ရေး သန္ဓေမမှန်တဲ့ သူတွေ ပါလာတော့ ပြဿနာပေါင်းစုံ ဖြစ်လာတာလို့ မြင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အခု မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ကွတ်ခိုင်မှာ ဖမ်းဆီးပစ္စည်းတချို့ သိမ်းယူပြီး ပြန်လည် လွှတ်ပေးလိုက်တဲ့ စစ်ကိုင်း PDF ရဲဘော် ၁၀ ယောက်ကို မတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်က မန်တုံအနီးက မန်ဘန်ရွာမှာ TNLA တပ်ဖွဲ့က အဲဒီ ရဲဘော် ၁၀ ယောက်နဲ့ သူတို့ ပါလာတဲ့ လက်ကျန် လက်နက်တွေနဲ့ ငွေ သိန်း ၅၀ ကိုပါထပ်မံ ဖမ်းဆီး သိမ်းယူထားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းဘက်က တက်လာတဲ့ PDF ရဲဘော် ၁၀ ယောက်က ကွတ်ခိုင်ဘက် လက်နက်ခဲယမ်းများ ပစ္စည်းတွေ လာရောက် ဝယ်ယူရာက အပြန် ကွတ်ခိုင်မြို့အထွက် ထမင်းဆိုင်မှာ TNLA တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး လက်နက်တချို့၊ ငွေသိန်းတထောင်ကျော်၊ စတားလင့်စက် တစုံ၊ Mipad တလုံး သိမ်းယူခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က မိုးမိတ်ခရိုင်၊ မိုင်းလုံရွာမှာ KIA အရာရှိတ‌ေယာက်အပါအဝင် စုစုပေါင်း ၄ ယောက်ကို TNLA က ပြန်ဖမ်းသွားခဲ့သလို မိုးမိတ် မြစ်ဆုံဘက်မှာလည်း KIA တပ်ဖွဲ့ဝင် ၁၂ ယောက်ကို TNLA ဘက်က ကားနဲ့လာတင်ပြီး တခြားနေရာမှာသွားပို့လိုက်တာ ဖြစ်ပါတယ်။
Photo Crd# Google

Related posts

Leave a Comment

VOM News

FREE
VIEW