လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာဒေသနဲ့ ပြည်ပ ရောက်နေသူတွေကို နစက ပြန်ခေါ်

မတ် ၂၁ – ၂၀၂၅
SN (VOM)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေရဲ့ ထိန်းချုပ်ဒေသနဲ့ ပြည်ပနိုင်ငံတွေဆီ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ မိမိတို့နေရပ် အသီးသီးကို ပြန်လာနိုင်တယ်လို့ နစက က ဒီကနေ့ မတ်လ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတွေကြောင့် တချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေဟာ EAO တွေတည်ရှိရာ နေရာတွေနဲ့ ပြည်ပနိုင်ငံတွေကို စိုးရိမ်စိတ်တွေနဲ့ တိမ်းရှောင်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီလို တိမ်းရှောင်နေကြရသူတွေဟာ ရောက်ရှိရာနေရာတွေမှာ လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် မိမိတို့နေရပ်ဒေသ အသီးသီးကို ပြန်လာလိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်နေတာကို သတင်းရရှိတယ်လို့ ဆိုပါတယ်။
“အခုလို စွန့်ခွာ တိမ်းရှောင်နေရသူတွေဟာလည်း မိမိတို့ရဲ့ နိုင်ငံသားတွေပဲဖြစ်လို့ တိမ်းရှောင်ရောက်ရှိ နေရာတွေကနေ မြန်မာနိုင်ငံက သူတို့ရဲ့ ဒေသအသီးသီးကို ပြန်လည်ဝင်ရောက်နိုင်ဖို့ စီမံ ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ အဲဒီ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
အခုလို ပြန်ခေါ်ရာမှာ နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူတချို့ကို အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အအုံတွေနဲ့ ပုဂ္ဂလိကပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမှု၊ (DCS) လှုပ်ရှားမှုမှာ ငွေကြေးအရဖြစ်စေ၊ တခြားနည်းလမ်းနဲ့ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူတွေ မပါဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် စိုးရိမ်စိတ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ တခြား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်တွေ၊ နိုင်ငံသားတွေကိုတော့ အထူးသက်ညှာစွာ ဖြေလျော့ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာတယောက်က “ဘယ်သူမဆို ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် တချို့က ပြန်စရာအိမ် မရှိကြတော့ဘူး။ သူတို့ကိုကြိုမယ့် မိသားစု မစုံလင်ကြတော့ဘူး။ တချို့ဆို မိသားစုဝင် တယောက်မှ မရှိကြတော့ဘူး။ ဒီလို အခြေအနေမျိုးမှာ ဘယ်လောက်ပဲ မြန်မာပြည်ကို လွမ်းဦးတော့၊ ပြန်မလာချင်ကြတော့ဘူး။ နောက်တခု ပြည်ပမှာနေတာက အိမ်ငှားနေကြရတာ။ အိမ်ရှင်နဲ့ နှစ်ရှည်စာချုပ် ချုပ်ပြီး ငှားနေရတာ။ နှစ်မပြည့်ဘဲ ပြန်မယ်ဆို လျော်ကြေးပေးရမှာ။ ဒီအတွက် ဘယ်သူ တာဝန်ခံမှာလဲ။ အပြန် လေယာဥ်လက်မှတ်ဖိုး ဘယ်သူတာဝန်ယူမှာလဲ။ စားဝတ်နေရေးအတွက် အလုပ်ကလည်း လိုသေးတယ်။ ဒီအတွက်ရော အာမခံချက်ရှိလား။ ဒါတွေအားလုံး အဆင်ပြေနိုင်ဖို့ အာမခံချက်ရော ရှိပါ့မလား။ အခုလို မရေရာတဲ့ အခြေအနေမျိုးမှာ မြန်မာပြည် ပြန်လာဖို့ ဆိုတာက ဘယ်သူကမှ စိတ်ကူးထဲတောင် ထည့်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
နစက ကတော့ အကြောင်းမျိုးမျိုးနဲ့ ပြစ်မှု ကျူးလွန်ထားသူတွေက လွဲလို့ စိုးရိမ်စိတ်ကြောင့် နေရပ်ဒေသအသီးသီးကို တိမ်းရှောင်နေရသူတွေ အနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ နေရပ်တွေဆီ ပြန်လည် ဝင်ရောက်လိုတယ်ဆိုရင် ဥပဒေအရ ဖြေလျော့ပေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် မိမိတို့နေရပ်ဆီ ပြန်လည် ဝင်ရောက်လိုသူတွေအနေနဲ့ EAO ဒေသမှာ ရောက်ရှိနေသူတွေ ဖြစ်တယ်ဆိုရင် နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီတွေနဲ့ ဆက်သွယ်နိုင်သလို ပြည်ပမှာ ရောက်ရှိနေသူတွေ ဆိုရင်တော့ သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ နစက က အသိပေး ကြေညာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW