ဝါရှင်တန်၊ မတ်-၂၁-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ပညာရေးဌာနကို စတင် ပိတ်သိမ်းဖို့ အမိန့်တရပ်ကို တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အလုပ်သိပ်မဖြစ်တဲ့ဌာနလို့ ထရန့်ကဝေဖန်ထားပြီး ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ပြည်နယ်တခုချင်းစီကို ပြန်ပေးမယ်လို့ ထရန့်က ပြောပါတယ်။ ဒီဌာနကို ပိတ်ပစ်ဖို့ဆိုတာ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်လိုအပ်မှာဖြစ်ပေမယ့် ဒါကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပညာရေးဌာနပိတ်သိမ်းမှုကို တားဆီးဖို့ ကြိုးပမ်းနေသူတွေရဲ့ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဌာနရဲ့ ဝန်ထမ်းတွေကို လျှော့ချမှုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ကြေညာခဲ့ဖြစ်ပါတယ်။
အိမ်ဖြူတော်ရှိ ကျောင်းစားရေးစာပွဲတွေမှာ ထိုင်နေတဲ့ ကလေးငယ်တွေကြားမှာ ဒီအမိန့်ကို လက်မှတ်ထိုးခဲ့တဲ့ ထရန့်ကတော့ အမေရိကန်ဟာ အခြားနိုင်ငံတွေထက် ပညာရေးအတွက် ငွေပိုမိုသုံးစွဲနေပေမယ့် အမေရိကန်ကျောင်းသားတွေဟာ စာရင်းရဲ့ အောက်ဆုံးရောက်နေတယ်လို့ ဆိုပါတယ်။
ပညာရေးဌာနကို တရားဝင်ဖျက်သိမ်းဖို့အတွက် ကွန်ဂရက်ရဲ့ အတည်ပြုချက်မရခဲ့ရင်တောင် အမေရိကန်အစိုးရဟာ အမေရိကန်နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီနည်းတူ ရန်ပုံငွေနဲ့ ဝန်ထမ်းလျှော့ချမှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်လာနိုင်ပါတယ်။
ဒါပေမယ့် ထရန့်ရဲ့ အမိန့်မှာတော့ အစိုးရအနေနဲ့ ဘယ်လိုလုပ်မယ်ဆိုတာအသေးစိတ်နဲ့ ဘယ်လိုအစီအစဉ်တွေကို ဖယ်ရှားမယ်ဆိုတာမျိုးကိုတော့ အသေးစိတ် ထုတ်ပြန်တာမရှိသေးပါဘူး။
၁၉၇၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပညာရေးဌာနဟာ ကျောင်းသားချေးငွေတွေကိုလည်း စီမံခန့်ခွဲနေပြီး ဝင်ငွေနည်း ကျောင်းသားတွေကို ကူညီပေးတဲ့ အစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။
Ref:BBC
Photo:CNN