မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲစကားဝိုင်း ဒုတိယနေ့ကို နေပြည်တော်မှာ ဆက်လက်ကျင်းပနေ

မတ် ၂၅ – ၂ဝ၂၅
KKO(VOM)
မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်း PEACE TALK 2025 ရဲ့ဒုတိယနေ့ကို ဒီကနေ့ နေပြည်တော် MICC – 2 မှာရှိတဲ့ အမျိုးသားစည်း လုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ဆက်လက်ကျင်းပနေပါတယ်။
မတ်လ ၂၄ ရက်နေ့က စတင်ကျင်းပလျက်ရှိတဲ့ အဲဒီငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကိုနစက အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် NSPNC အဖွဲ့ဝင်တွေ EAO တွေနဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ကဏ္ဍအလိုက်တတ်သိပညာရှင်တွေနဲ့ ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတက်ရောက်လုပ်ဆောင်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေ အပါ တပ်မတော်က အငြိမ်းစားအရာရှိဟောင်းကြီးတွေ စုံလင်စွာတက်ရောက်ဆွေးနွေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ သုံးရက်ကြာပြုလုပ်နေတဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲရဲ့ပထမနေ့မှာတော့ ပဋိပက္ခလျော့ချရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှု့ ရပ်စဲရေးလုပ်ငန်းစဉ်တရပ်ဖြစ်ပေါ်ရေးတို့ကို အစုအဖွဲ့ (၁)က ဆွေးနွေးခဲ့သလို အစုအဖွဲ့(၂)ကတော့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အရေးပါတဲ့ ကဏ္ဍတွေကို အသီးသီးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းရဲ့ဒီကနေ့ မတ် ၂၅ ရက် ဒုတိယနေ့မှာ ဆိုရင်တော့ ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအပြောင်း အလဲနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်သက်ရောက်မှုတွေ အပါအဝင် နိုင်ငံတကာဆက်ဆံရေးဒေသတွင်းနဲ့ နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှု၊ မြန်မာ့ငြိမ်းချမ်းရေး အခန်းကဏ္ဍ အစရှိတဲ့ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“နှစ်ပေါင်းများစွာအကျပ်အတည်းကြုံနေပြီးဖြေရှင်းဖို့ အခက်တွေ့နေရတဲ့ မြန်မာ့ငြိမ်း ချမ်းရေးနဲ့ ပတ် သက်လို့ စစ်ဘက်၊အရပ်ဘက်တာ ဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးပါတီတွေ အပါအဝင် စီးပွားရေးသမားတွေပါတက်ရောက်ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂၀၂၅ ကို ဒီကနေ့မှာ ဒုတိယနေ့အဖြစ် ဆက် လက်ဆွေးနွေးလျက်ရှိပါတယ်”လို့ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲစကားဝိုင်းကို တက်ရောက်နေတဲ့ တတ်သိပညာရှင်တယောက်က ပြောပါတယ်။
အဲဒီငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို အခုမတ်လ ၂၄ ရက်နေ့ ကနေ မတ်လ ၂၆ ရက်နေ့အထိ သုံးရက်တိုင် နေပြည်တော်ရှိ MICC-2 မှာ ကျင်းပနေတာဖြစ်ပြီး “ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်နဲ့ ကဏ္ဍအလိုက် တတ်သိပညာရှင်တွေက ပါဝင်ဆွေး နွေးနေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းကို NSPNC, EAO တွေနဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် အဖွဲ့အစည်းအသီးသီးက လူပုဂ္ဂိုလ်ပေါင်း(၁၂ဝ)ကျော်ခန့်က တက်ရောက်ဆွေးနွေးနေကြတာဖြစ်တယ်လို့လည်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်တယောက်က ထပ်လောင်း ပြောပြပါတယ်။
“ပြင်ပမှာတော့သတင်းတွေကြား နေရတယ်။အခုနိုင်ငံရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း လုပ်နေတယ်။ဒါတွေကို ကြည့်ခြင်းအားဖြင့် ၂ဝ၂၅ အလွန်မှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကအပြောင်းအလဲတခုဖြစ်လာမလား၊ အရွေ့တခုဖြစ်လာမလားပေါ့၊ ဒါကစိတ်ဝင်စားဖို့ကောင်းပါတယ်၊စောင့်ကြည့်ရမှာပါပဲ”လို့ ပြည်တွင်းက ဝါရင့်သတင်းစာဆရာ တယောက်က သူရဲ့အမြင်ကိုပြောပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲစကားဝိုင်းကို နေပြည်တော်မှာမနက်ဖြန် မတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဆွေးနွေးပွဲကို အစုအဖွဲ့(၂)ခုခွဲ ကျင်းပနေသလို နယ်ပယ်အသီးသီးပုဂ္ဂိုလ်တွေနဲ့ တတ်သိပညာရှင်တွေက ကဏ္ဍအလိုက်ဆွေးနွေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းဟာ နစက အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း ကျင်းပတဲ့ နယ်ပယ်ကဏ္ဍအသီးသီးက ပါဝင်သင့်၊ပါဝင်ထိုက်သူတွေ ပုဂ္ဂိုလ်တွေအစုံအလင်တက်ရောက်ဆွေးနွေးနေကြတဲ့ ဆွေးနွေးပွဲတခုဖြစ်တယ်လို့လည်း အဲဒီပွဲမှာ တက်ရောက်နေတဲ့ တတ်သိပညာရှင်တယောက်က ပြောပါတယ်။
Photo – NSPNC
ပုံစာ – နေပြည်တော်မှာ ကျင်းပလျက်ရှိတဲ့ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲစကားဝိုင်း မြင်ကွင်းပုံရိပ်အချို့။

Related posts

Leave a Comment

VOM News

FREE
VIEW