မန္တလေးမှာ မြန်မာ့ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ဒီနှစ်သင်္ကြန်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ်

မန္တလေး၊ မတ် – ၂၇ – ၂၀၂၅
SA(VOM)
အရင်နှစ်သင်္ကြန်ပွဲတော်တွေနဲ့ မတူပဲ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့်မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် မြန်မာ့ရိုးရာယဥ်ကျေးမှုတွေကို အခြေခံပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က စီစဥ်ထားတယ်လို့ သိရပါတယ်။
“ဒီနှစ်မှာတော့ ပထမပိုင်းအစီအစဥ်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်က ဖဲကြိုးဖြတ်ပြီးတာနဲ့ ကျောင်းသူအင်အား ၉၀၀ က မဏ္ဍပ်ရှေ့မှာ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။ ဒုတိယပိုင်းအစီအစဥ်မှာတော့ ဒီနှစ်က ခါတိုင်းနဲ့မတူဘူး ယူနက်စကိုကနေပြီးတော့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်က လူသားမျိုးနွယ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ထားတဲ့အတွက် အခမ်းအနားအစီအစဥ် ဒုတိယပိုင်းအစီအစဥ်ကို ကြီးကျယ်ခမ်းနားစွာ လုပ်ဖို့ရှိပါတယ်။ အဲ့ဒါတွေကိုတော့ ပွဲတော်ကျင်းပဖို့ နီးတဲ့အချိန်မှာ အသေးစိတ် ပြောပြသွားမှာဖြစ်ပါတယ်” လို့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြား ရေးဌာန၊ ဌာနမှုး ဦးတင်ထွန်းဦးက VOM ကိုပြောပါတယ်။
ဒီနှစ်မှာ ထူးထူးခြားခြား မြန်မာ့သနပ်ခါးကို ယူနက်စကိုမှာ ဒြပ်မဲ့ယဥ်ကျေးမှု စာရင်း ဝင်အောင် တင်ထားတာ ရှိတဲ့အတွက်၊ ဗဟိုမဏ္ဍပ် ဖွင့်ပွဲအပါအဝင် မန္တလေးမြို့ တမြို့လုံးမှာရှိတဲ့ မဏ္ဍပ်တိုင်း နေရာတိုင်းမှာလည်း သနပ်ခါးယဥ်ကျေးမှုကို ထည့်သွင်းကျင်းပသွားဖို့ စီစဥ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
“ဒီနှစ်မှာ ယူနက်စကို ဒြပ်မဲ့ယဥ်ကျေးမှုရထားတဲ့ သင်္ကြန်ပွဲတော်ရယ်၊ ရဖို့အတွက် ဆောင်ရွက်နေတဲ့ သနပ်ခါးအတွက်ရယ် ဒီဘက်ကလည်း ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားပါတယ်၊ လိုလေးသေးမရှိ စီစဥ်ထားတယ်၊ အဲ့ဒီအတွက်လည်း အများပြည်သူအနေနဲ့ လာရောက်ပြီးတော့ ပါဝင်ဆင်နွှဲဲကျဖို့ ကျနော်အနေနဲ့ တိုက်တွန်းလိုပါတယ်” လို့ ပြန်/ဆက် ဌာနမှူး ဦးတင်ထွန်းဦးက ပြောပါတယ်။
၂၆ လမ်း လမ်းလျှောက်သင်္ကြန်ကိုတော့ ၆၆ လမ်း ၂၆ လမ်းထိပ်ကနေ ဝင်ခွင့်ပြုမှာဖြစ်ပြီး ပွဲတော်အတွင်းကို တုတ်၊ ဓား၊ လက်နက် ယူဆောင်ခွင့်လုံးဝခွင့်ပြုမှာမဟုတ်ပဲ တွေ့ရှိက တည်ဆဲဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
လမ်းလျှောက်သင်္ကြန်ဖြစ်တဲ့ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား ၇၁ လမ်းပေါ်မှာလည်း လူ ၅၀၀ တပြိုင်တည်း စားသောက်နိုင်တဲ့ စတုဒိတာမဏ္ဍပ်အကြီးတခုလည်း တည်ဆောက်ထားမှာဖြစ်ပြီး သင်္ကြန်အကြိုနေ့ကစလို့ သင်္ကြန်အတက်နေ့အထိ ထမင်းဟင်းတွေ ကျွေးမွေးနိုင်ဖို့ စီစဥ်ထားတယ်ဆိုတဲ့အကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြား ရေးဌာန ဦးစီးမှူး ဦးတင်ထွန်းဦးက VOM ကိုပြောပါတယ်။
ဒါ့အပြင် မန္တစျေးချိုတော်မှာ စျေးချိုသူရေကစားမဏ္ဍပ်၊ ကမ်းနားလမ်းမှာ ၂၆ လမ်းကနေ ၃၅ လမ်းအထိ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ် အကြီး ၂ ခု ပါဝင်မှာဖြစ်ပြီး မင်္ဂလာမန္တလေးမှာ လမ်းလျှောက်သင်္ကြန်အပါဝင် စတုဒိတာမဏ္ဍပ်တွေအပြင် ဖျော်ဖြေရေးပါဝင်တဲ့ရေကစားမဏ္ဍပ်အကြီးတခု တည်ဆောက်ထားမှာဖြစ်ပါတယ်။
မန္တလေးမြို့တော်ဝန်မဏ္ဍပ်ကြီးကိုတော့ ၂၆ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာမှာ တည်ဆောက်နေတာဖြစ်ပြီး လက်ရှိမှာ ၄၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးကျုံးပတ်လည်မှာ ဗဟိုမဏ္ဍပ်ကြီးအပါအဝင် လောလောဆယ် မဏ္ဍပ်စုစုပေါင်း အရေအတွက် ၂၄ ခုထိရှိမယ်လို့သိရပါတယ်။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ပုံဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW