မိတ္တီလာလာမြို့အဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ အိမ်စီးကားကို ဓားပြတိုက်ပြီး ကားနဲ့ငွေယူသွား

မတ် ၂၆ – ၂၀၂၅
GG (VOM)
မန္တလေးတိုင်း ၊မိတ္တီလာမြို့အဝင် ကုန်းသာရွာအနီး ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ ဒီနေ့မတ် ၂၆ ရက်နေ့လယ်ပိုင်းက ခရီးသွား အိမ်စီးကားတစီး ဓားပြတိုက်အနုကြမ်းစီးခံရပြီး ကားနဲ့ ငွေသားအပြင် ပစ္စည်းတချို့လည်း လုယက်ခံခဲ့ရတယ်လို့သိရပါတယ်။
သေနတ်တွေကိုင်ဆောင်ထားတဲ့ အရပ်ဝတ်စားတွေနဲ့ လူခြောက်ယောက်က သေနတ်နဲ့ထောက်ပြီး ဓားပြတိုက်လုယက်သွားတာဖြစ်တယ်လို့ ကာယကံရှင်တွေက အသိပေးထားပါတယ်။
“ကားတော့ပါသွားပြီ။အရပ်ဝတ်တွေနဲ့လုပ်သွားတာ။သေနတ်ထောက်ပြီး အကုန်ယူသွား တာပါ။ ရောင်းဖုန်းတွေရယ် ငွေအနည်းငယ် ပစ္စည်းတစ်ချို့ရယ် ပါသွားတယ်။ မိတ္တီလာ အဝင် power full ဆီဆိုင်နဲ့ မလှမ်းမကမ်း လူရှင်းတဲ့နေရာမှာ ခံလိုက်ရတာပါ။ အိမ်စီးကားနဲ့ လူတွေရှေ့ကပိတ်ရပ်ပြီးသေနတ်တွေနဲ့ထောက် စစ်စရာရှိလို့ဆိုပီး သူတို့စီးပီးမောင်းထွက်သွားတယ်။ ” လို့ ဓားပြတိုက်ခံရသူက သူ့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ပြောပြထားပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုအသိပေးတိုင်ကြားထားသလို ဂိတ်တွေကိုလည်း အကြောင်းကြားထားတယ်လို့သိရပါတယ်။
ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့အတွက် ကာယကံရှင်တွေကို VOM မှ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။
ဓားပြတိုက်ခံရသူတွေနဲ့ရင်းနှီးသူတယောက်က ကတော့ ” သူတို့တော်တော်လေးလန့်နေတဲ့အခြေအနေရှိတယ်။ကျွန်တော်တို့လည်း.ဖုန်းဆက်နေတာ မကိုင်သေးတော့ အတိကျမသိရသေးဘူး။ကားတွေ ငွေတွေပါသွားတယ်ဆိုတာတော့သိတယ်။လူတွေကို ဘာမှလုပ်မသွားလို့တော်သေးတယ်ပြောရမယ်။ နေ့ခင်းကြီးဖြစ်ပျက်နေတာ ဘယ်နေရာမှာမှမလုံခြုံတော့ဘူး။”လို့ ပြောပါတယ်။
ဓားပြတိုက်လုယက်ခံရသူတွေကတော့ ရမည်းသင်းမြို့နယ်က ဖုန်းအရောင်းအဝယ်လုပ်ကိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။
မတ် ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းပေါ်မှ ဖုန်းရောင်းချသူ အမျိုးသမီးတယောက်လည်း အသတ်ခံခဲ့ရပါတယ်။
Photo – ဓားပြတိုက်ခံရသူ

Related posts

Leave a Comment

VOM News

FREE
VIEW