မတ် ၂၆ – ၂ဝ၂၅
KKO(VOM)
ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာနဲ့ လာမယ့်နှစ်ဇန်နဝါရီလအတွင်းမှာ အပြီးပြုလုပ်သွားမယ်လို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီပြောကြားမှုကို အခုမတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ နစက အစိုးရအဖွဲ့ရဲ့အစည်း အဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတိအလင်း ပြောကြားလိုက်တာဖြစ်ပြီး သူရဲ့အစိုးရ အဖွဲ့ကိုလည်းလွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ဖို့ကိုလည်းမှာကြားခဲ့တယ်လို့ သိရပါတယ်။
“ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့ စတုတ္ထပတ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တို့အတွင်းမှာ ကျင်းပပြုလုပ်ဖို့လျာထားပါတယ်။အခုရွေးကောက်ပွဲကို မဲမသမာမှုပြုလုပ်ဖို့မလွယ်ကူတဲ့ စနစ်ဖြစ်တဲ့ Electronic Voting Machine စနစ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ရွေးကောက်ပွဲ အထမြောက်တဲ့အဆင့်ကိုဦးစား ပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်”လို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါအပြင် နိုင်ငံရေးပါတီတွေ အနေနဲ့လည်းရွေးကောက်ပွဲဝင်ရောက်နိုင်ဖို့ဥပဒေနဲ့အညီ ခွင့်ပြုပေးထားတယ်လို့ နစက ဥက္ကဌ က ဆိုပါတယ်။
အဲဒါအပြင် ယခုလာမယ့် ရွေးကောက်ပွဲမှာ မဲများသူအနိုင်ရတဲ့(FPTP)စနစ်အပြင် အချိုးကျ PR စနစ်ပါ သုံးမယ်လို့ နစက ဥက္ကဌရဲ့ပြောကြားမှုအပေါ်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနယ်ပယ်မှာ ဝေဖန်သုံးသပ်မှုအချို့တော့ရှိနေပါတယ်။
“သူက ဘယ်လိုသဘောလဲတော့မသိဘူးပေါ့။မဲများသူအနိုင်ရတဲ့စနစ်အပြင် အချိုးကျ PR စနစ်ပါ သုံးမယ်လို့ ဆိုတော့ဘယ်လိုသဘောလဲပေါ့။တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွေက မဲများသူနိုင်တဲ့ပုံစံလား၊အမျိုးသားလွှတ် တော်၊ပြည်သူ့လွှတ်တော်ကျတော့မှအချိုး ကျ PR စနစ်လား၊ဒါကတော့ ရှင်းရှင်း လင်းလင်းမသိရသေးဘူး။ပုံမှန်အားဖြင့်တော့ ရွေးကောက်ပွဲတွေကျင်းပရင် စနစ်တခုပဲသုံးပါတယ်။အခုကစနစ်နှစ်ခုလုံးသုံးသပ်ဆိုတော့ ဒါကဘယ်လိုစနစ်၊ဘယ်လိုပုံစံနဲ့သွားမလဲဆိုတာပြောဖို့ခက်ပါတယ်”လို့ နိုင်ငံရေးလေ့လာအကဲ ခတ်သူတယောက်က VOM ကို ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည် တွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တယောက်ကတော့ နိုင်ငံရေးပါတီတခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ယခုကာလမှာ နိုင်ငံရေးပါတီတခုရဲ့လုပ်သင့်လုပ်ထိုက်တာ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တာတွေကိုစဉ်ဆက်မပြတ်ဆောင်ရွက်လုပ်ကိုင်နေပါတယ်”လို့ ပြည်တွင်းက နိုင်ငံရေးပါတီ ခေါင်းဆောင်တယောက်က ပြောပါတယ်။
ဒါအပြင် ယခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ အတွက် မြို့နယ်/ရပ်ကွက်တွေမှာရှိနေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်တွေကို ယခုကတည်းကကြိုတင်ဆောင်ရွက်ကြဖို့ ညွှန်ကြားမှုတွေလည်းရှိနေတယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။
“၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလမှာအထွေထွေ ရွေးကောက်ပွဲပြုလုပ်မယ်။ဒါကြောင့် ယခုအချိန်ကစပြီးလုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားတာရှိပါတယ်” လို့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးတယောက်က VOM ကို ပြောပါတယ်။
နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)မှာ သုံးရက်ကြာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ ဒီနေ့ မတ်လ ၂၆ ရက်မှာလည်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ လူပုဂ္ဂိုလ်အစုအဖွဲ့တွေက ရွေးကောက်ပွဲ၊လုံခြုံရေး၊တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုဆွေးနွေးကြလျက်ရှိတယ်လို့ အဲဒီ ငြိမ်းချမ်းရေးစကားဝိုင်းကိုတက်ရောက်နေတဲ့ တတ်သိပညာရှင်တယောက်က VOM ကိုပြောပါတယ်။
နိုင်ငံရေးလေ့လာအကဲခတ်သူတွေကတော့ နစက အနေနဲ့ရွေးကောက် ပွဲကို ပြုလုပ်လိုပါက အရင်ဦးဆုံးလုပ်ဆောင်ရမှာက ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ဉီးစွာဆောင်ရွက်ရမှာဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိထားတာဖြစ်ပါတယ်။
ပုံစာ ၁ – မတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နစက အစိုးရအဖွဲ့ အစည်းအဝေး။