ဟိုပုံးမှာ ဧက ၅၆၀ ကျော်ပေါ်ရှိ နေအိမ် ၂၀၀ကျော်ကို အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေလို့ သတ်မှတ်ကာ ဖယ်ရှားခိုင်း

မတ် ၂၆၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ ဧက ၅၆၀ကျော်ပေါ်က နေအိမ် ၂၀၀ကျော်ကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေလို့ သတ်မှတ်ပြီး ဖယ်ရှားဖို့ အမိန့်စာထုတ်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်းအနီးမှာ မြေကွက် ဖော်ထုတ်ပြီး အဆောက်အဦဆောက်လုပ်တာ၊ အုတ်တံတိုင်းကာရံတာ၊ ကျောက်တိုင်စိုက်ထူတာတွေကို စိစစ်ခဲ့ရာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေ ၅၆၁ဒသမ၇၅ဧကပေါ်မှာ အမိန့်မရရှိပဲ တရားမဝင် လူနေအိမ် ဆောက်လုပ်တာ၊ မြေကွက်ဖော်ထုတ်တာ၊ အုတ်တံတိုင်းကာရံတာ၊ ကျောက်တိုင်စိုက်ထူတာတွေကို တွေ့ရှိရတယ်လို့ အဲဒီအမိန့်စာမှာ ပါရှိပါတယ်။
ဒါကြောင့် အဲဒီမြေပေါ်မှာ လက်ရှိနေထိုင်တာတွေ မပြုလုပ်ဖို့၊ ထွက်ခွာသွားရမယ့် အပြင် အဲဒီမြေပေါ်က နိုင်ငံပိုင်ပစ္စည်းမှတပါး အခြားအရပ်ရပ်ပစ္စည်းတွေကိုလည်း အမိန့်စာထုတ်ပြန်တဲ့နေ့ကနေ ၁၅ရက်အတွင်း ရွေ့ပြောင်းထုတ်ယူဖို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စာကတော့ ၂၁ရက်တော့ ထုတ်ထားပြီး လာပို့သွားတာ။ အိမ် ၂၀၀ကျော် ပါသွားတယ်။ ဒီတိုင်း မဖယ်ရင် အင်အားသုံးပြီး ဖယ်ရှားမှာလို့လည်း ပြောသွားတယ်။ တချို့အိမ်တွေက ဆောက်ထားတာ တော်တော်လေး ကြာပြီ။ အခုမှ ဖယ်ရမယ်ဆိုတော့ ဆောက်ထားတဲ့ သူတွေကော၊ မြေကွက်ဝယ်ထားတဲ့သူတွေကော အများကြီးနစ်နာတာပေါ့”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
အဲဒီအမိန့်အတိုင်း လိုက်နာဖို့ပျက်ကွက်ပါက ၁၈၈၉ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေတို့အရ အရေးယူတာ ခံရမယ်လို့လည်း အဲဒီအမိန့်စာမှာ ဖော်ပြထားပြီး အိမ်ဆောက်လုပ် နေထိုင်နေကြသူတွေဟာ လက်ရှိမှာ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg

Related posts

Leave a Comment

VOM News

FREE
VIEW