ဩဂုတ် ၂၃ – ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရဲ့ ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မယ်ဆိုင်ချောင်းကို ပြန်လည်ပြုပြင် ထိန်းသိမ်းပေးဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိ မိုးရာသီကာလအတွင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာတဲ့အတွက် ရေကြီးရေလျှံမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒါကြောင့် မယ်ဆိုင်ချောင်းအနီး ရပ်ကွက်တွေဖြစ်တဲ့ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က) နဲ့ မယ်ခေါင်ရပ်ကွက် အနောက် မြို့ပတ်လမ်းတွေရှိ နေအိမ်တွေနဲ့ လမ်းတွေမှာ ရေဝင်ရောက်မှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“အခုက ရှေ့ကဝင်ထားတဲ့ရေက မကျသေးဘူး။ နောက်ရေကထပ်ဝင်၊ အဲဒီလိုတွေ ဖြစ်နေတာ။ မိုးရွာ၊ ရေကြီးပြီး ရေကျရင် ရွှံ့ဗွက်ကျန်။ ရွှံ့ဗွက်ရှင်းပြီးတခါ မိုးကပြန်ရွာ၊ ရေထပ်ကြီးနဲ့ သံသရာလည်နေတာ။ အဓိက ကတော့ မယ်ဆိုင်ချောင်းရေ လျှံတာပေါ့။ ဒီနှစ် မိုးရာသီကတော့ အဆိုးဆုံးပဲ။ မယ်ဆိုင်ချောင်းမှာ နုံးတွေများပြီး ကောနေတာကို မဖြေရှင်းနိုင်သရွေ့ ဒီပြဿနာတွေက တောက်လျှောက် ဖြစ်နေဦးမှာပဲ။ ဒါကြောင့် နောက်နှစ်၊ နောက်နှစ်တွေမှာ ဒီပြဿနာ ပိုပြီး ဆိုးမလာအောင် ရပ်ကွက်လူကြီးတွေနဲ့ ဌာနဆိုင်ရာအဖွဲ့စည်းတွေ ညှိနှိုင်း အဖြေရှာဖို့ လိုအပ်နေပါပြီ” လို့ ပုန်းထွန်ရပ်ကွက်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။
တာချီလိတ်မြို့ ရေဘေးကြုံရတဲ့ အဓိက အကြောင်းအရင်းမှာ မယ်ဆိုင်ချောင်း မြစ်ဖျားခံရာ မိုင်းဆတ်မြို့နယ်ဘက်မှာ သစ်တော ပြုန်းတီးနေမှုတွေနဲ့ ရွှေတူးဖော်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“မယ်ဆိုင်ချောင်းက ကောနေတာတော့ ကြာပြီ။ မိုင်းဆတ်ဘက်က ကျလာတဲ့ ရေနဲ့အတူပါလာတဲ့ နုံးတွေ၊ အနည်တွေကြောင့်ပေါ့။ အဲဒီဘက် မိုင်းဆတ်တကြောက ရွှေတွေတူးနေတာလေ။ ဒါကြောင့် မိုးနည်းနည်း ကြီးလိုက်တာနဲ့ နုံးမြေတွေနဲ့ပြည့်နေတဲ့ ချောင်းက ချက်ချင်း ရေလျှံကျလာတာ” လို့ တာလော့ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ လက်ရှိ ရေကြီးမှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို ငဲ့ညှာသောအားဖြင့် စီမံချက်တွေချမှတ်ပြီး မယ်ဆိုင်ချောင်း ပြန်လည် ထိန်းသိမ်းရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးစေချင်တယ်လို့ သူက ပြောပါတယ်။
“ရေမကြီးအောင် ဘယ်လို လုပ်ရင်ကောင်းမလဲဆိုတာက ပညာရှင်တွေနဲ့ပဲ တွက်လို့ရမှာကိုး။ ဒီပြဿနာရဲ့ ဇစ်မြစ်ကို သေသေချာချာ ကိုင်တွယ်နိုင်မှသာ တာချီလိတ် ရေကြီး၊ နုံးတင်မှုကို ဖြေရှင်းနိုင်မှာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အပြင် တောင်ပေါ်ရေတွေ စီးဆင်းလာတာကြောင့် ဩဂုတ် ၂၁ ရက်၊ ည ၇ နာရီဝန်းကျင်ကစပြီး မယ်ဆိုင်ချောင်းနံဘေးက အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အခု မိုးရာသီကာလအတွင်း တာချီလိတ်မြို့ ရေကြီးမှုဟာ ရှစ်ကြိမ်အထိ ရှိလာပြီဖြစ်ပြီး လက်ရှိ ရေဝင်ရောက်နေတဲ့ နေရာတွေမှာ သွားရေးလာရေးအတွက် စက်လှေတွေကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။
ဒါကြောင့် ချောင်းရေလျှံပြီး ရပ်ကွက်တွေအတွင်း ရေဝင်ရောက်နေတာနဲ့ ပတ်သက်လို့ စနစ်တကျ ကြိုတင် ကာကွယ်မှုတွေ လုပ်ဆောင်ပေးဖို့ ဒေသခံ ပြည်သူတွေက လိုလားနေကြပါတယ်။
“လက်ရှိမှာလည်း မြို့ထဲက အမှိုက်တွေနဲ့ ပြည့်နေတဲ့ မြောင်းတွေကို ဆယ်ထားတာပဲ။ ဆယ်ထားတယ် ဆိုပေမယ့် မြို့ထဲမှာ အရင် ရှိနေတဲ့ရေရယ်၊ တောင်ပေါ်ရေရယ် ပေါင်းသွားတော့ ရေကြီးတာကတော့ ဆက်ဖြစ်နေတုန်းပါပဲ။ မြို့ပေါ် မိုးရွာတဲ့အချိန်နဲ့ တောင်ပေါ် မိုးရွာတဲ့အချိန် နှစ်ခုဆုံရင်တော့ ပိုဆိုးတာပေါ့လေ။ မြို့ပေါ် ကုန်းတွင်းပိုင်းက ရေတွေကလည်း အနိမ့်ပိုင်းရပ်ကွက်တွေဘက်ကိုပဲ စီးတာကိုး” လို့ တာလော့ရပ်ကွက် နေထိုင်သူက ပြောပါတယ်။
လက်ရှိ တာချီလိတ် ရေကြီးရတဲ့ အကြောင်းရင်းတွေထဲမှာ မယ်ဆိုင်ချောင်း မြစ်ဖျားခံတဲ့ လွယ်ဆန်ဆွန်တောင်ဘက်မှာ မိုးများတာကလည်း တခုအပါအဝင်ဖြစ်ပြီး သစ်တောတွေ ပြုန်းတီးနေတဲ့အတွက် မြေအောက်ရေတွေ ထိန်းထားနိုင်ခြင်း မရှိတော့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၂၂ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေဟာ လက်ရှိမှာ တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
Photo – CJ