မက်ဒရစ်၊ ဇန်နဝါရီ ၁၉-၂၀၂၆
ရတီ(VOM)
စပိန်နိုင်ငံတောင်ပိုင်းတွင် မြန်နှုန်းမြင့်ရထားတွေ မတော်တဆမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မာလာဂါမှ မက်ဒရစ်ကို မောင်းနှင်လာတဲ့ မြန်နှုန်းမြင့်ရထားတစင်းဟာ ကော်ဒိုဘာမြို့အနီး အဒမ်မူဇ်မြို့မှာ လမ်းချော်ပြီး ဘေးရထားကြောင်းပေါ် ဝင်တိုက်ခဲ့တာလို့ ရထားလမ်းကွန်ရက်အော်ပရေတာ အဒစ်ဖ်က ပြောပါတယ်။
မက်ဒရစ်မှ ဟွေလ်ဗာကို ဦးတည်သွားတဲ့ ဒုတိယရထားတစင်းဟာလည်း လမ်းချော်ခဲ့ပါတယ်။ ရထားမတော်ဆမှုတွေကြောင့် လူ ၃၀ ကျော်ဟာ ဒဏ်ရာရအပြင်းအထန်ရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူအန်တီက ပြောပါတယ်။
မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေမယ့် ထူးဆန်းတယ်လို့ ဆိုပါတယ်။ ရထား အပျက်အစီးတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေဖို့ ခက်ခဲကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အသက်ရှင်နေသူတယောက်ဆီကို ရောက်ရှိဖို့ အလောင်းတလောင်းကို ဖယ်ရှားသွားရောက်ခဲ့ရတယ်လို့ ကော်ဒိုဘာ မီးသတ်ဌာနမှူး ဖရန်စစ္စကို ကာမိုနာက စပိန်အစိုးရပိုင် ရုပ်သံထုတ်လွှင့်သူ RTVE ကို ပြောပါတယ် ။
မက်ဒရစ်နဲ့ အန်ဒါလူစီယာကြားရှိ ရထားဝန်ဆောင်မှုအားလုံးကို မတော်တဆမှုအပြီးမှာ ရပ်ဆိုင်းထားပြီး တနင်္လာနေ့အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ မတော်တဆမှုမှာ သေဆုံးသူနဲ့ဒဏ်ရာရသူတွေအတွက် လွန်စွာဝမ်းနည်းရကြောင်း စပိန်ဘုရင်၊ မိဖုရားနဲ့ ဝန်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်တို့က ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Reuters
