အလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ ပတ်စ်ပို့၊ OWIC ကတ်နဲ့ ပြည်ပထွက်ခွာခွင့် မပြု

ဇန်နဝါရီ ၁၈ – ၂၀၂၆
SN (VOM)
အလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ (အလုပ်နိုင်ငံကူးလက်မှတ်)၊ OWIC (အလုပ်သမား သက်သေခံကတ်) နဲ့ ပြည်ပထွက်ခွာခွင့် မပြုတော့ဘူးလို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန်နဝါရီ ၁၇ ရက်မှာ အသိပေးထားပါတယ်။
ဒါကြောင့် အလည်၊ ဘုရားဖူး၊ ဆေးကုသဖို့အတွက် ပြည်ပ ထွက်ခွာမယ့်သူတွေ အနေနဲ့ PJ (အလုပ်နိုင်ငံကူးလက်မှတ်) အစား PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ပြောင်းလဲ ကိုင်ဆောင်ကြဖို့ ဌာနဆိုင်ရာက အကြံပြုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူ တယောက်က “ညွှန်ကြားချက်တွေ တမျိုးပြီးတမျိုး ထုတ်တာတော့ ထုတ်နေတာပဲ။ ဘာ့ကြောင့်လဲလို့ မေးရင် ဌာနကလူတွေက တိကျရေရာတဲ့ အဖြေ မပေးနိုင်ကြဘူး။ ထိုက်သင့်တဲ့မှန်ကန်တဲ့ ပတ်စ်ပို့၊ OWIC ကတ်၊ အလုပ်ဗီဇာရှိရင် လဝက က လေဆိပ်အထွက်မှာ စစ်ဆေးပြီး သွားခွင့်ပြုရမှာပါ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း အသက် ၃၅ နှစ်အောက် လူငယ်တွေ PJ ကနေ PV ပတ်စ်ပို့ ပြောင်းလဲခွင့်ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ရုတ်တရက် ရပ်ဆိုင်းထားတာ ပြန်မဖွင့်သေးဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် နိုင်ငံကူးလက်မှတ် PJ နဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ အနေနဲ့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်ပါက အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဆိုက်ရောက်ကောင်တာမှာ ရောက်ရှိကြောင်း သတင်းပို့ခဲ့မှသာ ပြည်ပပြန်လည် ထွက်ခွင့်ပြုမယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
“အားလုံးကို ဒီထက်ပိုပြီး အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်။ တခြားသော နိုင်ငံတွေလိုပဲ ဘယ်လို ပတ်စ်ပို့အမျိုးအစားနဲ့ ဖြစ်ပါစေ ပြည်ပထွက်ခွင့် ပေးသင့်တယ်” လို့ ပြည်ပနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေသူက ပြောပါတယ်။
အဲဒီလိုပဲ PJ နဲ့ OWIC ကတ် ကိုင်ဆောင်ထားပြီး နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်မယ့် ခွင့်ပြန် အလုပ်သမားတွေ အနေနဲ့လည်း ဝင်ရောက်လာကြောင်းကို သက်ဆိုင်ရာ နယ်စပ်ရှိ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနရုံးမှာ အသိပေးရမှာဖြစ်သလို ပြည်ပကို ပြန်လည် ထွက်ခွာမယ်ဆိုပါကလည်း ထွက်ခွာခွင့်အတွက် နေပြည်တော်ကို လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒါက အခွန်ဆောင် ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာပါ။ မိသားစုနဲ့ ပြန်တွေ့ရဖို့အရေးကို ခက်ခဲအောင် လုပ်ဆောင်နေကြတာ။ ပြည်ပထွက် အလုပ်လုပ်နေရတဲ့ ကိုယ့်နိုင်ငံသားကို ပြည်ပက ဒုက္ခမပေးဘဲ ကိုယ့်တိုင်းပြည်က အလုပ်သမားရုံးက ဒုက္ခပေးနေတာ” လို့ ပြည်ပရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ်။
ဒါအပြင် အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေနဲ့ ခွင့်ပြန် အလုပ်သမားတွေကို အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုမယ်လို့ ကြေညာထားပါတယ်။
ဒါကြောင့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ PJ နဲ့ ပြည်ပထွက်ခွာမယ့်သူတွေ အားလုံး ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သိရပြီး အဲဒီနောက်ပိုင်းမှာလည်း PV နဲ့ ပြည်ပထွက်ခွာမယ့် သူတွေပါ လေယာဉ်ပေါ်တက်ခွင့်မရဘဲ လှည့်ပြန်နေရတယ်လို့ သိရပါတယ်။
PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကို အလည်အပတ် ထွက်ခွာရာမှာ အထောက်အထား၊ လေယာဉ်လက်မှတ် (အသွား၊ အပြန်)၊ ဗီဇာ၊ Show Money ၊ ဟိုတယ်ဘိုကင်တွေ အပြည့်အစုံရှိကြပေမယ့် လေယာဉ်ပေါ် တက်ခွင့်မရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW