ငလျင်ဒဏ်ထိခဲ့တဲ့ မင်းတုန်းမင်းကောင်းမှု မဟာဗောဓိဘုရား ပြင်ဆင်ဖို့ သက်ဆိုင်ရာခွင့်ပြုချက်နဲ့ အလှူငွေ လိုအပ်

မန္တလေး၊ ဖေဖော်ဝါရီ- ၂၁-၂၀၂၆
Voice Of Myanmar
မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊အကွက်အမှတ်(၆၉၀) (၄၁-၂)လမ်းကြား(၇၁-၇၂)လမ်းကြားမှာတည်ရှိတဲ့ မဟာဗောဓိဘုရားဟာ ၂၀၂၅ မတ်လ ၂၈ ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အဆောက်အဦနဲ့ မဟာရံတံတိုင်းတွေ အတော်ပျက်စီးခဲ့ပါတယ်။
ဒီပျက်စီးမှုတွေကို ပြင်ဆင်ဖို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်နဲ့ အလှူရှင်တွေ လိုအပ်နေတယ်လို့ မဟာဗောဓိဘုရား ဂေါပက အဖွဲ့ကပြောပါတယ်။
မဟာဗောဓိဘုရားကို ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီးရဲ့ ရတနာပုံမြို့တည်နန်းတည်အထိမ်းအမှတ်အဖြစ် (၁၂၂၁)ခုနှစ်မှာ သီဟိုဠ်ကျွန်းကနေ မဟာဗောဓိပင်ကြီးအား အများပြည်သူများ ဖူးမျှော်ကြည်ညိုစေရန်အတွက် ဝင်းခင်းနဲ့ ပင့်ဆောင့်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက်ရတနာပုံမြို့တော်အတွင်းလှည့်လည်အပူဇော်ခံခဲ့ပြီး မဟာနွယ်စဉ်ရပ်မှာ ရွှေဖျင်းအိုကြီး (၄)လုံးခံ စိုက်ပျိုးတည်ထားကိုးကွယ်ခဲ့ရာကနေ ဒီနှစ် (၁၃၈၇)ခုနှစ်မှာ မဟာဗောဓိပင်ကြီးဟာ သက်တော် (၁၆၅)နှစ်ပြည့် ခဲ့ပြီးဖြစ်ပါတယ်။
ရှေးဟောင်းသမိုင်းဝင် မဟာဗောဓိပင်ဘုရားကြီးသက်တော် (၁၆၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မဟာဗောဓိပင် ဘုရားဂေါပကအဖွဲ့က (၂၇-၂-၂၀၂၆)ရက်နေ့ ညနေမှာ ဘုရားဝုဏ်အတွင်းကျေးဇူးတော်ရှင် သစ်တံခါးဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိဇောတ(ယော)ဆရာတော်ကြီးရဲ့ အထူးတရားပွဲ ကျင်းပပြုလုပ်မယ်လို့ မဟာဗောဓိပင် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှမောင်က VOM ကိုပြောပါတယ်။
ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်

Related posts

Leave a Comment

VOM News

FREE
VIEW