ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတား မိုင်းထောင် ဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၆
SS (VOM)
မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ ညနေ ၄ နာရီခွဲက ကရင်ပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ အစိုးရသတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီ တံတားကို KNPP၊ KNDF အဖွဲ့တွေနဲ့ PDF အမည်ခံအကြမ်း ဖက်သောင်းကျန်းသူတွေက မိုင်းထောင် ဖျက်ဆီးတာဖြစ်ပြီး တံတားရဲ့ အရှေ့ဘက် ချဉ်းကပ်လမ်းနဲ့ ကပ်လျက် တံတားတိုင်အမှတ်၊ K-2 မှ P-4 အထိ အရှည် ၆၅ ပေခန့် ကျိုးကျ ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ တံတားဟာ ဖားဆောင်းမြို့ရဲ့ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း – ချိကွဲ – စောင်းလော့ လမ်းကြောင်းပေါ်မှာ တည်ရှိပြီး အများပြည်သူ အားထား အသုံးပြုလျက်ရှိတဲ့ သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်တယ်လို့ သိရပါတယ်။
“ပြည်နယ်အတွက် အချက်အချာကျတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့တံတားပါ။ ကယားပြည်နယ်ထဲက မြို့နယ်တွေကို ချိတ်ဆက်ပေးတဲ့ အဓိကလမ်းကြောင်းလို့ ပြောလို့ရတယ်။ ဒီတံတားကလည်း ဒေသတွင်း သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် တကယ်ကို အရေးပါတဲ့ တံတားပါပဲ။ ဒီတံတားလည်း ပျက်စီးသွားပြီဆိုတော့ ဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုတော့ ပြည်သူတွေပဲ ခံကြရမှာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းကလည်း သံလွင်မြစ်ကူးတံတား (ဖားဆောင်း) မိုင်းခွဲ ဖျက်ဆီးခံခဲ့ရပြီး အဲဒီတံတားဟာ သံလွင်မြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို ဆက်သွယ်ထားတဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဖားဆောင်းမြို့နယ်အတွင်း မြို့အထက်ပိုင်းက နန့်ကစ်ကျေးရွာ အနီးဝန်းကျင်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သလို အစိုးရတပ်က သံလွင်တံတားဘက်မှာလည်း တပ်ဖြန့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ ဖားဆောင်းမြို့တွင်းမှာ ရှိနေတဲ့ အစိုးရတပ်တွေဟာ နန့်ကစ်ဘက်ကနေ ရှေ့တိုးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး တဖက်မှာလည်း အမှတ် (၁၃၅) ခြေလျင်တပ်ရင်းကနေ မီတာ ၄၀၀ (ပေ ၁၃၀၀ ဝန်းကျင်) အကွာက သံလွင်တံတား (ဖားဆောင်း) ဘက်ကို တပ်ဖြန့်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“အစိုးရတပ်က မြို့တွင်းမှာ နေရာယူထားတာ။ လက်နက်ကိုင်‌တပ်တွေက နန့်ကစ်၊ ပါပု၊ စေတီကုန်းဘက်ကနေ မြို့အဝင်နေရာတွေကို ပိတ်ထားတာ။ လက်ရှိမှာ အစိုးရတပ်က နန့်ကစ်ကနေ ဖောက်ထွက်ဖို့ ကြိုးစားနေတာ။ ဒါကြောင့် တိုက်ပွဲ ဖြစ်နေတာ။ ဖားဆောင်းတံတားဘက်မှာလည်း အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်လာလို့ လက်နက်ကိုင်တပ်တွေ တံတားနားက ပြန်ဆုတ်ပေးထားရတဲ့ အနေအထားရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်မှာ ဖားဆောင်းမြို့တွင်းကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီးနောက် သံလွင်တံတား ဝန်းကျင်ကို ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၂ နာရီဝန်းကျင်မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက အစိုးရတပ်တွေ စစ်ရေး အားသာနေတဲ့ အနေအထားပါ။ အဓိက ကတော့ လေကြောင်းပစ်ကူပေါ့။ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ လောလောဆယ်တော့ ဖားဆောင်း တမြို့လုံးနီးပါးကို အစိုးရတပ်က ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်သွားပြီ။ မကြာခင် အလုံးစုံ ပြန်ရသွားနိုင်တယ်။ ဖားဆောင်းကို ပြန်ပေးလိုက်ရရင်တော့ မော်ချီးနဲ့ မယ်စဲ့မြို့အတွက် အခြေအနေ မကောင်းနိုင်ဘူး။ အဲဒီဒေသတွေမှာ ဆက်ပြီး စစ်ရေး တင်းမာလာနိုင်တယ်” လို့ သူက ပြောပါတယ်။
အစိုးရတပ်အနေနဲ့ ဖားဆောင်းမြို့အတွင်း စစ်တပ် အခိုင်အမာ ခြေကုပ်ပြန်ယူနိုင်ခဲ့ပါက မော်ချီး သတ္တုတွင်းဒေသနဲ့ သံလွင်မြစ် အရှေ့ခြမ်းရှိ ဒေသတွင်း လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်အတွင်းကိုပါ ဆက်လက် ထိုးစစ်ဆင်လာ နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အစိုးရတပ်တွေဟာ ဖားဆောင်းတံတား အနီးဝန်းကျင်မှာ ခြေကုပ်ယူထားတယ်လို့ သိရပြီး အဲဒီတံတားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်တပ်တွေက မိုင်းခွဲ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ တံတားပျက်စီးနေတာကြောင့် ဒေသခံတွေအတွက် ကုန်စီးဆင်းမှုနဲ့ ခရီးသွားလာရေးပိုင်းတွေမှာ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
Photo – သတင်းမှန်ပြန်ကြား​ရေး

Related posts

Leave a Comment

VOM News

FREE
VIEW