မတ် ၃၁ ၊ ၂၀၂၆
GG (VOM)
တောင်သူရောင်းစျေး ကြက်သွန်နီ တပိဿာကို ၁၀၀၀ ကျပ်အောက်အထိ ကျဆင်းနေတဲ့အတွက် ကြက်သွန်စိုက်တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရပြန်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
နယ်မြေတည်ငြိမ်မှုမရှိတဲ့ဒေသတွေ ၊ မြို့နဲ့ အလှမ်းဝေးတဲ့ကျေးရွာဘက်တွေမှာ ကြက်သွန်စျေးပိုပြီးကျနေတာဖြစ်ကြောင်း ၊ နွေကြက်သွန် တပိဿာကိုမှ ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်သာရှိပြီး မိုးကြက်သွန်ကတော့ အဲဒီစျေးထက်ပိုပြီး နည်းတယ်လို့ သိရပါတယ်။
ကြက်သွန်စျေးနူန်းကျဆင်းတဲ့အပြင် ဝယ်လိုအားလည်းနည်းတာကြောင့် လက်ရှိကျေးရွာဘက်တွေမှာ ပွဲစားအဆင်းနည်းပြီး အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
” အကုန်စျေးတက်နေတဲ့အချိန် တောင်သူစိုက်တဲ့သီးနှံတွေပဲ စျေးကျနေတော့ တမင်များလုပ်နေသလားလို့တောင် ထင်မိတယ်။ အခု အရောင်းအဝယ်အေးနေတယ်။ ၉၀၀ ဆိုတာ အကြီးအသေးအရော ဂျွန်ပေါ့။ နယ်မြေအခြေအနေမကောင်းတော့ တောင်သူက မလှောင်နိုင်ဘူး ရတဲ့စျေးနဲ့ရောင်းရတော့ ရောင်းအားကများပြီး စျေးကျတာလဲပါမယ်ထင်တယ်။၉၀၀ ၊ ၁၀၀၀ စျေးဆိုတာ မကိုက်ဘူး ။ တဧကကို ပိဿာ ၆၀၀၀ ကနေ ၇၀၀၀ လောက်ထွက်မှ အရင်းရမှာ။ အဲဒီထွက်နူန်းအောက်လျော့ရင် ရှုံးတယ်။ ကျွန်တော်ဆိုရင် ၃ ဧကခွဲစိုက်တာ ပိဿာချိန် ၁၈၀၀၀ ၊ ၁၉၀၀၀ လောက်ထွက်တယ်။ ကုန်ကျစရိတ်က ၂၀၀ လောက်ကုန်တယ်။၁၀၀၀ စျေးရောင်းရရင်တောင် အရင်းမရဘူး ။ ” လို့ မုံရွာမြို့နယ်က ကြက်သွန်စိုက်တောင်သူ ဦးစိန်က ပြောပါတယ်။
ကြက်သွန်စိုက်ပျိုးမှုကုန်ကျစရိတ်က နယ်မြေဒေသအလိုက် ကွာခြားမှုရှိပြီး တဧကကို အနည်းဆုံး သိန်း၄၀ လောက်မှ သိန်း ၆၀ လောက်အထိ ကုန်ကျမှုရှိတာကြောင့် ကြက်သွန်နီတပိဿာကို အနည်းဆုံး ၁၅၀၀ ကျပ်လောက်ရမှသာ တောင်သူတွေအနေနဲ့ အရှုံးနည်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်မှာ ကြက်သွန်စိုက်ဧကတွေလျော့ကျခဲ့တာကြောင့် ကြက်သွန်အထွက်နူန်းလျော့ကျမှုရှိသလို ဖြစ်ထွန်းမှုနည်းတဲ့အခြေအနေကြောင့်လည်း ကြက်သွန်အထွက်နူန်း လျော့ကျမှုရှိနေတယ်လို့ သိရပါတယ်။
ကြက်သွန်စျေးကျဆင်းချိန်နဲ့ ကြက်သွန် အထွက်လျော့ခြင်းကိုပါ ရင်ဆိုင်နေကြရတဲ့အတွက် တောင်သူတွေမှာ အရှုံးကြီးတယ်လို့သိရပါတယ်။
” ကြက်သွန်က ဒီဘက်မှာ မလှိုင်ပွဲစားက သိပ်မဆင်းဘူး ။ မိတ္ထီလာ ပွဲစားပဲလာတာများ တယ်။ကြက်သွန်အပေါ်လိုက်ပြီး ၁၁၀၀ တော့ ပေးတယ်။ အဲဒါတောင် အရင်းသာသာပဲရတယ်။ ကျွန်တော့်မိတ်ဆွေတယောက်ဆို တဧကကို ပိဿာ ၆၀၀ ကျော်ပဲထွက်တော့ ရှုံးတာမှ ခွက်ခွက်လန်ပဲ။ မနှစ်ကနဲ့ ဒီနှစ်အခြေအနေအဆိုးဆုံးပဲ ။ ဟိုဘက်တလောကဆို တပိဿာကို ၃၀၀ ၊ ၄၀၀ ရလို့ ရောင်းကိုမရောင်းဘဲ နွားကျွေးပစ်မယ် ပြောလိုက်တယ်။ ” လို့ မလှိုင် ကြက်သွန်စိုက်တောင်သူ ကပြောပါတယ်။
နွေကြက်သွန်က ရက်ရှည်ထားပြီး သိုလှောင်ဖို့အတွက် ကောင်းပေမယ့် မိုးကြက်သွန်ကတော့ ဥစိုက်ဖြစ်တာကြောင့် သိုလှောင်လို့မရဘဲ ချက်ခြင်းစားသုံးဖို့အတွက်သာ ကောင်းလို့ စျေးနည်းပြီး အဝယ်လည်း ပိုအေးတယ်လို့ သိရပါတယ်။
” နွေကြက်သွန်က ပင်လေးစိုက်ဆိုတော့ တန်ဆောင်တိုင်လောက်အထိ အထားခံတယ်။ မိုးက အထားမခံဘူး ။ ပြီးတော့ဒီနှစ်မှာ စိုက်ဧကတွေ လျော့တယ်။ မနှစ်ကတည်းကအခြေအနေမကောင်းတော့ခုနှစ်လျှော့စိုက်ကြတာ။ကျွန်တော်ဆို ရှစ် ဧကကျော်ရှိတာကို ခုနှစ် ငါး ဧကမစိုက်ဘူး။ နယ်မြေမအေးချမ်းတဲ့ဘက်ကျ ပေါ်တာနဲ့ ရတဲ့စျေးနဲ့ မြို့ပေါ်တက်အကုန်ရောင်းကြတာ။ အခက်အခဲကြားက စိုက်ရတာကို စျေးကျတော့ တောင်သူတွေပိုဒုက္ခရောက်တာပေါ့။ ” လို့ မုံရွာက တောင်သူ ဦးစိန်က ထပ်ပြောပါတယ်။
ကုန်သည်နဲ့ပွဲစားတွေကတော့ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီစျေးမြင့်တက်မှု အခြေအနေနဲ့ ဝယ်ယူရခက်တဲ့ အခြေအနေတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတဲ့အတွက် ကြက်သွန်စျေးက နည်းနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်ကားအစီးရေ ဝင်ရောက်မှုများပြားတဲ့အတွက်ကြောင့်လည်း ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတာကြောင့် စျေးကွက်မတက်ဘဲ ဖြစ်နေတာလို့ ဆိုပါတယ်။
” ရန်ကုန်ကို ကြက်သွန်အဝင်များရင် စျေးကကျတာပဲ ။အခုက မြစ်သားတမျိုးပဲစျေးနည်းနည်းမြောက်တယ်။ ကျန်တာအငုတ်ပဲ ။ ဒါကြောင့်ပြောတာ တောင်သူတွေ ကြက်သွန်ကိုထိန်းရောင်းကြပါ။ ဒါဆိုကားအဝင်နည်းမယ် ။ စျေးပြန်တက်လာနိုင်မယ်။ အခုက စရိတ်တွေကလည်း တက်နေတာ ။ ” လို့ ရန်ကုန်က ကုန်သည်တယောက်က ပြောပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်ကားအစီးရေ ၄၀ ဝင်ရောက်မှုရှိထားပြီး ဆိပ်ဖြူက ၁၃၅၀ မှ ၂၂၀၀ ကျပ် ၊ မြစ်သားက ၁၈၀၀ မှ ၃၁၀၀ ကျပ် ၊ မြင်းခြံက ၁၅၀၀ မှ ၂၁၀၀ ကျပ် ၊ မုံရွာက ၁၄၀၀ မှ ၂၁၀၀ ကျပ်သာ စျေးဖွင့်ထားပါတယ်။
ကြက်သွန်ကို စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း မှာ အဓိကစိုက်ပျိုးမှုရှိတာဖြစ်ပြီး မြစ်သားကြက်သွန်က စျေးကွက်မှာစျေးတန်းအမြင့်ဆုံးဖြစ်ပါတယ်။
ဓာတ်ပုံ – SHW
