မတ် ၃၁ – ၂၀၂၆
SS (VOM)
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အစိုးရတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့အတူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသခံ နှစ်သောင်းနီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ တပ်ရင်းကနေ ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့မှ စတင်ကာ လက်နက်ခဲယမ်း၊ ရိက္ခာတွေနဲ့ ထွက်ခွာလာတာဖြစ်ပြီး ကားအစီးအရေ ၁၃၀ ကျော်နဲ့အတူ ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၂) နဲ့ ပေါက်မြို့နယ်ရှိ ကပစ ၂၄ စက်ရုံကို ဦးတည်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကြောင်းလာရာ လမ်းတလျှောက်မှာ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီး၊ လေယာဉ်တွေရဲ့ ပစ်ကူနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာကြောင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ အိမ်ထောင်စု ၃၀၀၀ ကျော်၊ လူဦးရေ နှစ်သောင်းရှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲ တိမ်းရှောင် ခိုလှုံနေကြရတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။
“အခက်အခဲတွေကတော့ အများကြီးပါပဲ။ စားနပ်ရိက္ခာ၊ ဟင်းချက်စရာတွေ အရေးပေါ် လိုတယ်။ အကြီးမားဆုံး အခက်အခဲကတော့ သောက်သုံးရေပါပဲ။ တောတောင်တွေထဲဆိုတော့ ရေက စိမ့်ရေပဲရှိတာလေ။ သန့်ရှင်းမှု လုံးဝ မရှိဘူးပေါ့။ အဲဒီရေကိုပဲ စစ်ယူပြီး ရသလောက်လေးကို အကုန်လုံး မျှဝေ သုံးစွဲနေကြရတာ။ အရေပြားရောဂါ ဖြစ်နေတဲ့သူတွေလည်း ရှိတော့ ဆေးဝါးတွေလည်း လိုအပ်နေတယ်” လို့ သူက ပြောပါတယ်။
စစ်ကြောင်းကြောင့် ပေါက်မြို့နယ်အတွင်းက ဒေါသာ၊ တောင်ချို၊ သပွတ်စု၊ သရက်လေးပင်၊ မြေခြား၊ လယ်လမ်း၊ သရဖီ၊ ရွာသာအေး၊ သီးခြောက် အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကပစ စက်ရုံတွေကို ဦးတည်လာတဲ့ အစိုးရတပ်တွေဟာ ဒီကနေ့ မတ် ၃၁ ရက်မှာတော့ ပေါက်မြို့နယ်ထဲက ပင်တောင်ကျေးရွာနဲ့ တပ်ကုန်းကျေးရွာမှာ စစ်ကြောင်းတကြောင်း ရောက်ရှိနေပြီး နောက်ချန် စစ်ကြောင်းကတော့ သရက်လေးပင်ကျေးရွာနဲ့ တောင်ချိုကျေးရွာတွေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။
“အဲဒီ စစ်ကြောင်းကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြိုကြားကြိုကြား ကြားဖြတ် တိုက်ခိုက်နေတာရှိတယ်။ ဒါကြောင့် ဒီရက်ပိုင်းထဲ တိုက်ပွဲတွေတော့ ဖြစ်နေတာတော့ရှိတယ်။ ဒါပေမယ့် အစိုးရတပ်ဘက်က လေကြောင်း ပစ်ကူတွေနဲ့ဆိုတော့ ဒီဘက်က ထင်သလောက် ဖိအားပေး ထိုးစစ်မဆင်နိုင်ကြဘူး။ အစိုးရ စစ်ကြောင်းကသာ တဖြည်းဖြည်း ရှေ့တိုးလာနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အစိုးရတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့မှာ ပေါက်မြို့ပေါ်ကို ရောက်ရှိခဲ့ပြီး အဲဒီကတဆင့် ပေါက်နယ် တောင်ပိုင်းကို ဆက်လက်ထွက်ခွာကာ နယ်မြေရှင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန် ဗျူဟာစခန်းအနီးမှာလည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး အစိုးရစစ်ကြောင်းဟာ အခုရက်ပိုင်းမှာ ငဖဲ – စေတုတ္တရာ ကားလမ်းဘေးက ရွာတွေထဲ ဝင်ရောက်နေဆဲဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်တွေအနေနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ နတ်ရေကန်ဗျူဟာကို စစ်ကူဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး AA ပူးပေါင်းတပ်တွေက ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် မြေပြင်မှာလည်း တိုက်ပွဲ ပြင်းထန်နေသလို နတ်ရေကန်ဗျူဟာဘက်ကိုလည်း အစိုးရတပ်က လေကြောင်းကနေ လေယာဥ်၊ ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မကွေးတိုင်းအတွင်းက ငဖဲနဲ့ ပေါက်မြို့နယ်အပြင် ဆိပ်ဖြူ၊ စလင်း၊ မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ရေစကြို၊ မြို့သစ်မြို့နယ်နဲ့ ယောဒေသဘက်တွေမှာလည်း တိုက်ပွဲတွေ၊ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေအပြင် လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
