ဧပြီ ၅-၂၀၂၆
MT(VOM)
လက်ဘနွန်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် (UNIFIL) အင်ဒိုနီးရှား စစ်သည် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို မနေ့က (ဧပြီလ ၄ ရက်၊ ၂၀၂၆) မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြန်လည်လက်ခံရရှိခဲ့ပါတယ်။ ဒီအခမ်းအနားကို သမ္မတ ပရာဘိုဝို ဆူဘီယန်တို ကိုယ်တိုင်တက်ရောက်ပြီး ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုခဲ့သလို မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားအစိုးရကတော့ ဒီတိုက်ခိုက်မှုတွေဟာ “ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး” လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး၊ ဒီဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးဖို့နဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေအတွက် ပိုကောင်းတဲ့ လုံခြုံရေးအာမခံချက်တွေပေးဖို့ တောင်းဆိုထားပါတယ်။
ကျဆုံးစစ်သည်များမတ်လကုန်ပိုင်းက လက်ဘနွန်မှာ တိုက်ခိုက်ခံရမှုကြောင့် အင်ဒိုနီးရှားစစ်သည် ၃ ဦး ကျဆုံးခဲ့ရတာပါ။ သူတို့ကို ရာထူးတိုးမြှင့်ပြီး နိုင်ငံတော်အဆင့် စစ်ရေးအရ ဂုဏ်ပြုခဲ့ပါတယ်။
ရုပ်အလောင်းတွေ ပြန်ရောက်လာတဲ့အချိန်မှာပဲ ပြီးခဲ့တဲ့ သောကြာနေ့ (ဧပြီ ၃ ရက်) က လက်ဘနွန်မှာရှိတဲ့ ကုလသမဂ္ဂ စခန်းတစ်ခု အနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး နောက်ထပ် အင်ဒိုနီးရှား စစ်သည် ၃ ဦး ထပ်မံ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
လက်ရှိမှာတော့ အင်ဒိုနီးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ဘနွန်ရောက် တပ်ဖွဲ့ဝင်အားလုံးကို ဘေးကင်းအောင် ဗုံးခိုကျင်းတွေထဲမှာ နေကြဖို့နဲ့ အပြင်ထွက်တာတွေကို ရပ်ဆိုင်းထားဖို့ အမိန့်ပေးထားပါတယ်။
ကျဆုံးသွားတဲ့ စစ်သည်တွေကို ဒီနေ့ (ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့) မှာ သူတို့ရဲ့ ဇာတိမြို့တွေဖြစ်တဲ့ ဂျာဗားကျွန်းအနောက်ပိုင်းနဲ့ ယော့ဂျာကာတာမြို့တွေမှာ စစ်ရေးအရ ဂုဏ်ပြုပြီး သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
Source Channel News Asia
