ဧပြီ ၄ – ၂၀၂၆
SS (VOM)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရခြင်းကို နိုင်ငံတကာကတချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ ပါတီ၊ အသင်းအဖွဲ့တွေက ကြိုဆို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတာတွေ့ရပါတယ်။
နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ခံရခြင်းအတွက် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနဲ့ နီကာရာဂွါသမ္မတနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါအပြင် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ (SNCU)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ မိုင်းလားတပ် (NDAA)၊ ‘ဝ’တပ်ဖွဲ့ (UWSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီနှင့် ဒေသခံတိုင်းရင်းသားများ အဖွဲ့စသဖြင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတာတွေ့ရပါတယ်။
ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) အမျိုးသားဒီမိုကရေစီပါတီသစ်တို့ကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က
“လက်ရှိ အခင်းအကျင်းပေါ့၊ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခ အခက်အခဲက ကျော်လွှားနိုင်အောင် ဦးဆောင်နိုင်မယ့်ပုဂ္ဂိုလ်က ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်လှိုင်က လွဲပြီးရင် မရှိဘူး။ နိုင်ငံရေးအရ ဖြေရှင်းမှုရယ်၊ နိုင်ငံရေး ညှိနှိုင်းတိုင်ပင်မှုနဲ့ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံ ခေတ်သစ်ကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ပေါ့။ အခု ပြည်ထောင်စု လွှတ်တော်မှာလည်းပဲ ရွေးကောက်ပြီးပြီ။ လွှတ်တော်အသီးသီးကလည်း ရွေးပြီးပြီဆိုတော့ ဦးမင်းအောင်လှိုင်ဘက်မှာ တာဝန် ကြီးကြီးမားမား ရောက်သွားပြီ။ လက်ရှိ အခင်းအကျင်းကို သူ teamwork မပျက် ဦးဆောင်သွားနိုင်မယ်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။
ဒါကြောင့် လာမယ့်ကာလမှာ အားလုံး မျှော်မှန်းသလို ငြိမ်းချမ်းခြင်း၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ခြင်း၊ ညီညွတ်ခြင်း အဲဒီအရာတွေကို ဦးတည်ကာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အခြေခံဥပဒေနဲ့အညီ တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းတယ်လို့ သူက ပြောပါတယ်။
AFP ရဲ့ သဝဏ်လွှာထဲမှာလည်း အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံတဝန်းက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဥ်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပြီး ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း အသင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နှစ်ပေါင်းများစွာ လုပ်ကိုင်နိုင်စွမ်း ပြည့်ဝပြီး အောင်မြင်မှုကို သိမ်းကြုံးယူနိုင်သူ ဖြစ်တာကြောင့် မြန်မာနိုင်ငံ တိုးတက်အောင်မြင်မယ့် အစီအမံအသစ်တွေကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အဲဒီလိုပဲ ‘ဝ’ တပ်ဖွဲ့ (UWSA) ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်စဉ် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်ခဲ့ပြီး လူမှုစီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သလို အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုတွေကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဧပြီ ၃ ရက်မှာ အစောဆုံး သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒါအပြင် မြန်မာ – တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)၊ မြန်မာ – အိန္ဒိယ – တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာ – တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှော ဖလှယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟေးလုံကျန်း ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာ – တရုတ် အမျိုးသမီးများအသင်းတို့ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ လူမျိုးပေါင်းစုံ ညီညွတ်ရေးနှင့် အကျိုးဆောင်အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဘာသာရေး အဖွဲ့ချုပ် (ဗဟို)၊ ဘာသာပေါင်းစုံ မိတ်ဆွေများအဖွဲ့၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့ကလည်း ဝမ်းမြောက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဘန်ကောက်ပို့စ်မှာလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတည်းဟူသော မဏ္ဍိုင်ကြီးသုံးရပ် ပြန်လည်နိုးထလာခြင်းဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိခြင်းကို ဖော်ညွှန်းနေတာ ဖြစ်တဲ့အတွက် လူအများက အကောင်းမြင် ကြိုဆိုကြမယ့် ခြေလှမ်းတရပ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်က အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံတော်ရဲ့ (၁၁) ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်လာတာပါ။
မကြာခင်ရက်တွေမှာ အစိုးရအဖွဲ့အတွက် ဝန်ကြီးဌာနနဲ့ ဝန်ကြီးစာရင်းတင်ပြမှာဖြစ်ပြီးဧပြီ ၁၀ ရက်နေ့မှာ ကျမ်းသစ္စာဆိုကြမယ်လို့သိရပါတယ်။
Photo – CRD
