ဧပြီ ၈ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ ၁ မှာရှိတဲ့ စက်သုံးဆီ သိုလှောင်တဲ့ဂိုဒေါင်မှာ မီးလောင်မှုဖြစ်ပွားပြီး ရပ်ထားတဲ့ ဆီဘောက်ဆာကားသုံးစီးလောက်လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဧပြီ ၈ ရက်နေ့ ၊ ၈ နာရီ ၃၅ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး စက်သုံးဆီ သိုလှောင်တဲ့နေရာ ဖြစ်တာကြောင့် မီးလောင်အားပြင်းပြီး မီးလောင်ချိန်လည်း ကြာမြင့်ခဲ့တဲ့အတွက် ၂ နာရီကျော်လောက်အထိ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ် ။
” ကရိန်နော်အပန်းဖြေစခန်းနားက ဆီသိုလှောင်ရုံပါ။ရပ်ထားတဲ့ကားသုံးစီးလောက်လည်း မီးလောင်သွားတယ်။ ဆီ ပေပါတွေလည်းမီးလောင်တယ်။ မီးကများတော့ တော်တော်လေးငြှိမ်းယူရတယ်။ ဘေးအိမ်တွေတော့ မီးမကူးဘူး ။ မီးဟပ်တဲ့ကားတွေလည်းရှိတယ်။ ” လို့ မြေပြင်ရောက်ရှိခဲ့တဲ့ ဒေသခံကပြောပါတယ်။
ရပ်နားထားတဲ့ ဆီဘောက်ဆာကနေ ကားတိုင်ကီထဲကို ဆီလှယ်ရာကနေ ပိုက်ဆက်ကပြုတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကိုတော့ တွက်ချက်နေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ် ။
” စက်သုံးဆီတင်ထားတဲ့ကားက တစီးလောက်ပဲပါသွားတယ်။ ကျန်တာက မီးဟပ်တဲ့သဘောပါ။လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူး ။ဆီပေပါတော့ နည်းနည်းပါသွားတယ်။ ကျန်တာက အခွံတွေလည်းပါတယ်။ အခုမှ တွက်ချက်နေတုန်းပါ။ ” လို့ မီးသတ်ဦးစီး အရာရှိကပြောပါတယ်။
မီးလောင်မှုကို မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တွေ နဲ့အတူ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း အပါအဝင် ဒေသခံတွေ ဝိုင်းဝန်းပူးပေါင်း ငြှိမ်းသတ်ခဲ့ကြောင်းသိရပါတယ်။
ဓာတ်ပုံ – မီးသတ်
