ဧပြီ ၈ ၊ ၂၀၂၆
GG (VOM)
“ဝ” UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းမြို့၊ ယောင်ပန်ရွာအနီးရှိ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ရာနဲ့ချီရှိနိုင်တယ်လို့ ကနဦးသတင်းတွေအရ စုံစမ်းသိရှိ ရပါတယ်။
မနေ့က ဧပြီ ၇ ရက်နေ့ ၊ညနေ ၃နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုအတွင်းမှာ လူပေါင်း ၁၆၀ လောက်အထိ သေဆုံးမှုရှိနိုင်ကြောင်း သတင်းတွေထွက်နေပြီး VOM အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး ။
” ယမ်းသိုလှောင်ရုံပေါက်ကွဲမှုမှာက လူ ၁၆၀ လောက်သေတယ်လို့ အဲဒီဘက်က သတင်းရတယ်။ သေချာတော့ မပြောနိုင်သေးဘူး ။ ပြောတာတော့ အဲဒီထက်လည်းပိုနိုင်တယ် သိရတယ်။ အခုအဲဒီနေရာမှာဝတပ်ဖွဲ့တွေက လုံခြုံရေးယူထားတယ် ။ ” လို့ ပန်ဆမ်းဒေသခံနဲ့ အဆက်သွယ်ရှိသူ တယောက်က ပြောပါတယ်။
အဆိုပါ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဝ အာဏာပိုင်တွေက ဒီကနေ့အထိ ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေရ ဆဲ ဖြစ်ကြောင်းသိရှိရပါတယ်။
လက်ရှိမှာတော့ အဆိုပါ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဦးဆောင်ပြုလုပ်တဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီးထားတယ်လို့ ကနဦးသိရပါတယ်။
ပေါက်ကွဲမှုအခြေအနေနဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ ဝအာဏာပိုင်တွေဘက်က ဒီကနေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
