သူတို့အိမ်အခန်း (၈၇)

ဆူးငှက်

တက္ကသိုလ်တဲ့၊ လွမ်းစရာ့ရက်တွေ
————————————

တက္ကသိုလ်ကျောင်းသား ဘဝကို ပြန်တွေးမိတော့ စိတ်ထဲမှာတော့ တစ်နေ့မနေ့ကလို ထင်နေမိသည်။ တကယ်တမ်း ပြန်စဉ်းစားလိုက်တော့ နှစ်ပေါင်း၄၀ကျော် ၅၀နီးပြီလေ။

ကျွန်တော်တို့ တက္ကသိုလ် တက်ကြတယ်ဆိုတာ မြို့ပေါ်က နေ့ကျောင်းသားတွေမို့ သိပ် မထူးခြားလှပေ။ မနက်လင်းရင် အိမ်ကစက်ဘီးနဲ့ထွက်၊ စုရပ် သူငယ်ချင်းအိမ်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ကနေ ကျောင်းကို စက်ဘီးကိုယ်စီဖြင့် တစ်စုတဝေး တပျော်တပါး သွားကြသည်။ အထက်တန်း ကျောင်းသားတုန်း ကလည်း ဒီလိုပါပဲ။

သို့သော် ကျောင်းစတက်တော့ ထူးထူးခြားခြား အတွေ့အကြုံအဖြစ် စီနီယာ ကိုကိုဦး(ကိုဇော်မျိုးဦး) ပြောသလိုပါပဲ။ တစ်ကျောင်းလုံးနှင့် သက်ဆိုင်သည့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို အားကစားရုံမှာ တခမ်းတနား ကျင်းပသည်။ ထိုနေ့ကစပြီး အထက် တန်းကျောင်းနဲ့ မတူတဲ့ တက်္ကသိုလ် အရသာကို နဖူး တွေ့ ဒူးတွေ့ စတွေ့ရတော့သည်။

မေဂျာအသီးသီးက ကျောင်းသူ ကျောင်းသားများက တန်းစီပြီး ကိုယ့်မေဂျာ ရှေ့မှသည် အားကစားရုံဆီ တန်းစီ၍ လမ်းလျှောက် သွားကြသည်။ တစ်သုတ်ပြီး တစ်သုတ်ပေါ့။ မောင်မယ် သစ်လွင်လေးများကို စီနီယာအကိုကြီး၊ အစ်မကြီးများက လမ်းဘေးဝဲယာကနေ တန်းစီပြီး အားပေးကြသည်။ ကြိုဆိုကြသည်။ ကိုယ့်မေဂျာမှာကိုပဲ ကျောင်းရောက်တာ ၃ရက်၊ ၄ရက်မျှသာ ရှိသေးတော့ မြန်မာပြည် တစ်နံတစ်လျားက မတစ်ထောင် သားသမီး တွေကို အခုမှပဲ ရင်တခုန်ခုန်နှင့် ကျီးကန်းတောင်းမှောက် ကြည့်ကြရသည်။ ဟုတ်တယ်လေ တစ်မိုးတည်း အောက်မှာ လေးနှစ်လုံးလုံး (ပုံမတော်ရင် ငါးနှစ်၊ ခြောက်နှစ်လည်း ဖြစ်သွားနိုင်တာပေါ့) တွေ့ကြရမှာ ဆိုတော့ ဖြူသလား၊ မည်းသလား ဆိုတာ စောင့်စား ရင်ခုန်ရတာ ထုံးစံပါပဲလေ။

ကျွန်တော်တို့က သင်္ချာအဓိက ဆိုတော့ မိန်း(Main) ဟု ခေါ်ကြသည် ပင်မ အဆောက်အဦးကြီး အရှေ့ဖက်ခြမ်း စာသင်ဆောင်တစ်ထပ် မြေစိုက်ဝါးကကပ်တဲ (အဲဒီတုန်းက)တွေ ရှေ့မှာ စုကြရသည်။

 

ဖရက်ရှာဝဲလ်ကမ်း (ဝါ) မောင်မယ်သစ်လွင်ကြိုဆိုပွဲတဲ့
————————————————————

တက်္ကသိုလ်၏ ပထမဆုံး မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့တွင် ယောင်ချာချာနှင့် ကျွန်တော်နှင့် ကျော်ရွှေ သူငယ်ချင်း နှစ်ယောက်သာ ဖြစ်ပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ ကျွန်တော်တို့လို သူငယ်ချင်း နှစ်ယောက်တွဲတွေက ကိုအုန်းမြင့်နဲ့ ကိုမျိုးထွန်း၊ (သူတို့က ဖားသားလဖုန်းကတည်းက တတွဲတွဲ)။ ကိုမြင့်အောင် (မြို့မဘလောက်)နဲ့ ကိုဟီးရားလား (သူတို့က အာနာပူနာဖတ်စာ ကတည်းက တတွဲတွဲ)။ ကိုစိုးမြင့်နဲ့ ကိုမြင့်ဆွေ (လျှပ်စစ်ဝန်ကြီး ဌာန) (သူတို့ကလည်း အထက ၁၄ ကတည်းက တတွဲတွဲ)။ အဲဒီနှစ်ယောက်တွဲ သုံးစုံနဲ့ ကျွန်တော်တို့ ရွှေတချောင်း အနောက်ခြမ်းသား နှစ်ယောက်တွဲ တစ်စုံတို့ ပေါင်းမိကြသည်။ ၈ယောက်ပေါ့။

ကျွန်တော် နဲ့ ကျော်ရွှေက ပုပုမည်းမည်း သေးသေး။ ကိုအုန်းမြင့် နဲ့ ကိုမျိုးထွန်းက အလုံးတူ ရပ်တူ ဝါသနာတူ မျက်မှန် ကိုယ်စီနဲ့အထိ ပုံစံတူ။ ကိုမြင့်အောင်က ဖြောင့်ဖြောင့် တောင့်တောင့် (ရုပ်ရှင်မင်းသားကြီး ဝင်းဦးဂိုက်)၊ ကိုဟီးရားလားက ရှည်ရှည်ကိုင်းကိုင်း။ ကိုစိုးမြင့်က ပုပု ၀၀။ ကိုမြင့်ဆွေကလည်း ပိန်ပိန်ရှည်ရှည်။ နောက်နှစ် ဝင်းဟန်ရောက်လာတော့ တုတ်တုတ်မည်းမည်း ရှည်ရှည်။ ကျွန်တော်တို့အုပ်စုက ဘယ်လိုမှ စိတ်ဝင် စားဖွယ်ရာ ကြည့်ပျော်ရှုပျော် ကွက်..တစ်ကွက်မှ မပါ။ ကံဆိုးချင်တော့ ကိုယ့်မေဂျာမှာလည်း ၄နှစ် ၄မိုး တစ်မိုးတည်းအောက်အတူနေ၊ ကသိုင်းရှုရမည့် ကျောင်းသူတွေမှာလည်း (အင်း.. မျက်နှာပူစရာ၊ အားနာစရာဖြစ်လည်း မတတ်နိုင်တော့ဘူး။ ရှေ့မျက် နှာနောက်ထားပြီး ပြောရဦးမှာပါပဲ) ။ ရင်ထဲ ဒိန်းခနဲ ခုန်ပြီး ကြက်သီးမွှေးညင်း ထတမျှ ခံစားစရာက တယ်ပြီး မမြင်လှပေ။ သူများမေဂျာတွေနဲ့များ ကွာပါ့။

ကနဦးအစ သုံးသပ်ချက် စစ်တမ်းများ
——————————————–

ကိုအုန်းမြင့်နဲ့ ကိုမျိုးထွန်းကတော့ မျက်မှန်ကြီးတွေ တဝင်းဝင်း နဲ့ ကိုယ့်ထက် ပါဝါအားကောင်းတော့ သူတို့အာဘော် မသိမသာ တီးခေါက် ကြည့်မိသည်။ သူတို့ကလည်း ဣန္ဒြေကြီး တစ်ခွဲသားနဲ့ ချိန်ချိန်ဆဆ မယုတ်မလွန် ပြောပါ၏။ အင်း..“ကျွန်တော်တို့ လဖုန်းကျောင်း မြောက် ဘက်လမ်းမှာ နေတဲ့ ကလေးမလေးက မဆိုးလှဘူးဗျ။ ဆံပင်က အများနဲ့မတူ စုတ်ဖွားဖွားနဲ့မျက်နှာမှာလည်း ဘာမိတ်ကပ်မှ မသုံးဘူး၊ နဂိုနေအသားပဲ။ သူ့ပုံစံက ထူးထူးခြားခြားမို့ မဆိုးဘူးလို့ အမှတ်ပေးရမှာပဲ”တဲ့။ ဒါနဲ့ သူတို့ညွှန်ပြလို့ ကြည့်မိတော့ အများတကာက တက္ကသိုလ်ကို ပွဲနေပွဲထိုင်လို ဝတ်စားဖီးလိမ်းပြီး တက် နေကြချိန် အဲဒီကျောင်းသူက ပေါ့ပေါ့ပါးပါး ဖျပ်ဖျပ် လတ်လတ်၊ အခုခေတ်စားနေတဲ့ Free Style ဆိုတာ ကို ၁၉၇၅-၇၆ ကတည်းက သူမကခေတ်မီစွာ ကျင့်သုံး နေတာမျိုးပေါ့။

ကိုမြင့်အောင်နဲ့ ကိုဟီးရားလားကလည်း Free Style ကို နှစ်သက်တယ်ထင်ပါ့။ နောက်တစ်ယောက် ကို ပြပြန်တယ်။ သူက ရွာဟိုင်းဈေး (ယခု မန်းမြို့ဈေး) မြောက်ဘက်မှာ နေသတဲ့။ သူကလည်း ဆံပင်ပုံစံက ဖွာလန်ကျဲပုံစံ။ မျက်နှာမှာလည်း ဘာသနပ်ခါး၊ ဘာ မိတ်ကပ်မှ မပါဘူး။ အဝတ်အစားကလည်း ရှပ်အင်္ကျီ လို ခပ်ပွပွတွေ ဝတ်တယ်။ ထဘီက ခြေမျက်စိဖုံး.. ဒရင့်တိုက်။

ကိုစိုးမြင့်နဲ့ ကိုမြင့်ဆွေက နှစ်ယောက်တတွဲတွဲ ပေမယ့် သဘောထားက မတူဘူး။ တစ်ယောက်စီက တစ်ဦးစီကို အဆိုပြုကြတယ်။ ကိုစိုးမြင့် ပြတဲ့သူက ဖြူတယ်။ ယဉ်တယ်။ မြန်မာပြည် အနောက်ခြမ်း တိုင်းရင်းသူလေး ပုံစံက သိသာတယ်။ ညွှတ်လောက် သူပါပဲ။ ကိုမြင့်ဆွေပြတာက အရပ်နည်းနည်း မြင့်တယ်။ ဆံပင်ဖြောင့်ဖြောင့် ရှည်ရှည်။ အသားနည်းနည်း ညိုတယ်။ ဗမာဆန်တဲ့ အညာသူစရိုက် ပေါ်တယ်။

ကဲ.. ကျွန်တော်နဲ့ ကျော်ရွှေကရော။ ကျွန်တော်တို့ကတော့ ကိုယ့်ထက်အသက် လေးငါး ခြောက်နှစ်ကြီး..။ ဝါကြီးတဲ့ လူကြီးတွေနဲ့ တန်းတူ ရည်တူ သဘောထား မပေးဝံ့ပါ။ ပေးပိုင်ခွင့်လည်း မရှိပါ။ ကလေးမို့ ကလေးလိုပဲ နေရသည်လေ။ ဒါပေမယ့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ သွားကြဖို့ ကျွန်တော်တို့ မေဂျာက တန်းစီကြသောအခါ ကျွန်တော်တို့ရှေ့က တစ်ယောက်ကျော်မှာ ရှိသောသူလေးကိုတော့ ဖျပ်ခနဲ ဖြစ်မိတာ ဝန်ခံပါသည်။ သူက သွယ်သည်။ ယဉ်သည်။ ဆံပင်လေးက ကျောလယ်ထိရှည်ကာ ရိုးရိုးလေးပါပဲ၊ ဆံညှပ်လေးနှင့် စည်းပြီး နောက်ချထားသည်။ အသားအရေကလည်း မဖြူပေမယ့် မညို၊ သူက သူ့အဖော်နှင့် စကားပြောနေရာမှ နောက်သို့ လှည့်ကြည့်ချိန် အမိအရမြင်လိုက်ရတော့ မဟာဆန်ဆန် ယဉ်ကျေး တင့်တယ်ပါဘိ ဟူသော စကားလုံးဖြင့် ရုတ်ချည်း ခံစားမိသည်။

မျက်ခုံးက ပါးလျား ကော့ညွတ်၊ မျက်ဝန်းက ရေးရေးသွယ်လျ၊ နှာတံက စင်းစင်း တိကျပြတ်သား နှုတ်ခမ်းပါးထက်မှာ စပယ်တင်မှဲ့နှင့်။ ထိုနေ့က သိသာ စေခြင်းကလည်း ဝတ်ထားသည့် ဆွယ်တာပြာရင့်လေးက love ဆိုတဲ့ အင်္ဂလိပ် စာလုံးလေးတွေ ဖြန့်ကျဲထားပုံ ဒီဇိုင်းလေ။ ပိုပြီး ယဉ်ကျေးစေတာက သွယ်သွယ်ခြေဖဝါးအောက်က ကတ္တီပါ ဖိနပ်ပါးပါး ရိုးရိုးလေးပါပဲ။ ကျွန်တော်ဖြင့် မြင်မြင်ချင်း ကျောင်းတက်ဖို့ ၄နှစ်စာအတွက် အားတက် ပျော်မွေ့စေပြီပေါ့။ သို့သော် သည်အကြောင်းကိုတော့ သူငယ်ချင်း အရင်း ကျော်ရွှေမှ အစ ဘယ်သူ့ကိုမှ ပြောမပြသေးဘဲ ရင်ထဲမှာပဲ သိမ်းထားမိသည်။

ဤသို့ဖြင့် တက်္ကသိုလ်ကို စတက်ပြီး တစ်ပတ်မျှ မပြည့်ခင် မှာပဲ လွတ်လပ်တဲ့ တက်္ကသိုလ် ကျောင်းသား စရိုက်ဖြင့် နှလုံးသားတွေ နိုးထဖို့ ကြိုးစားကြည့်ခဲ့ကြတာ ပါပဲလေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW