သူတို့အိမ် အခန်း (၈၉)

ဆူးငှက်
မုံရွာ မိုးထိဗိမာန်က “အောင်ဘရားသား” မှာ
————————————————–
ကျွန်တော်သည် မုန့်ဖိုးထဲမှ စု၍ မဂ္ဂဇင်း ၂အုပ်ကို လစဉ် ဝယ်ဖြစ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော် မုံရွာက မမခင်ဝင်းတို့အိမ်တွင် အချိန်တော်တော်ကြာ နေဖြစ်ခိုက် ဈေးသစ် ဘုန်းကြီးလမ်းရှိ မမခင်ရီတို့ အောင်ရတနာရွှေဆိုင်က အပြန် မြင်းမူလမ်းပေါ် မိုးထိဗိမာန်တိုက်အောက်ထပ်က အောင်ဘရားသားစာအုပ်ဆိုင် သို့ ဝင်ကြည့်ဖြစ်သည်။ စာအုပ်ဆိုင် ကောင်တာတွင် မိုးဝေမဂ္ဂဇင်း အသစ်ကိုတွေ့၍ ယူကြည့်သောအခါ ဒဂုန်တာရာ၏ ပန်းနုရောင် နှစ်ကာလများ ဟူသော အခန်းဆက် ဆောင်းပါးကို တွေ့လိုက်ရတော့ ဝမ်းသာသွား၏။
ကျွန်တော်က ဒဂုန်တာရာကို ကြိုက်သည်။ မမခင်ဝင်းတို့အိမ်ရောက်ပြီး ယောက်ဖဦးဇော်ဝင်း (ဇော်ပုလဲ) ၏ စာအုပ်စင်ကို မွှေပြီး ဒဂုန်တာရာ၏ စာပေသဘောတရား၊ စာပေဝေဖန်ရေးနှင့် စာပေလှုပ်ရှားမှု ဟူသော မျက်နှာဖုံးက မိုးပြာရင့်တွင် စာရေးဆရာ၏ ပုံတူ ကောက်ကြောင်းပန်းချီနှင့် စာအုပ်ထူကြီးကို တွေ့တော့ ဖတ်လိုက်တာ လက်က မချချင်တော့။
တကယ်တော့ ဒဂုန်တာရာ ၏ မေ ကို ကျွန်တော်က ခပ်စောစောကပင် ဖတ်ဖူးသည်။ ထို့နောက် စပယ်ဦး ဝတ္ထုတို ပေါင်းချုပ်။ ထိုစာအုပ် ၂အုပ် ဖတ်အပြီး အခုစာအုပ်ကို ဖတ်ရခြင်း ဖြစ်သည်။ အခုစာအုပ်က အတော်ထူပြီး ရှေ့ပိုင်းက စာပေသဘောတရားဆိုတော့ အတော်အားစိုက် ဖတ်ရသည်။ စာပေဝေဖန်ရေး အခန်းရောက်တော့ ဖတ်ရတာ အရှိန်ရ လာ၏။ ထိုအခန်းဖတ်နေဆဲမှာပင် ဆရာဝေဖန်သော အခြားစာအုပ်တွေကို ဦးဇော်ဝင်း၏ စာအုပ်စင်မှာ ရှိလျှင် ဖတ်သည်။ ထို့နောက် ဆရာဒဂုန်တာရာ၏ မူးယစ်ဝေသော နွေဦးညများ၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ ရုပ်ပုံလွှာ စသည့် စာအုပ်များကို ဖတ်သည်။ စာပေလှုပ်ရှားမှု အခန်းရောက်တော့ ဆရာဒဂုန်တာရာ၏ ကြာပန်းရေစင်ကို ဖတ်လိုသော်လည်း ဦးဇော်ဝင်း စာအုပ်စင်မှာ ရှာမတွေ့။ ကျွန်တော်က ဆောင်းပါးကို အဖွဲ့အနွဲ့နှင့် ရေးသော ဆရာဒဂုန်တာရာ့ ရေးဟန်ကို အလွန်သဘောကျသည်။ ထိုအဖွဲ့အနွဲ့မှာပင် အချို့ဝါကျများက စကားပြောသလို မွှေနှောက် ရေးသားပြန်၏။
မြင်းမိုရ်တောင်နှင့် ဆီးစေ့ပဲ့
—————————–
စကားမစပ် မတန်မရာ ပြောရဦးမည်၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ ဖတ်တော့ သူက ထိုစာအုပ်ကို အသက်၂၀တွင် ရေးဖြစ်သည်ဟု ဆို၏။ ထိုစာအုပ်က သူ့ ဘဝမှတ်တမ်းလေ၊ ဆိုလိုသည်က ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ဆရာဒဂုန်တာရာက အသက်၂၀အရွယ်မှာပင် ရေးသည်ပေါ့။ ထို့ကြောင့် ကျွန်တော်ကလည်း ထိုစာအုပ်ကို ဖတ်စဉ်က ၂၀ ဝန်းကျင်ဆိုတော့ ကုန်သွယ်ရေး ၉ ဗလာစာအုပ် အသစ်၁အုပ်ယူ၍ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို စ ရေးသည်။ ဆရာ့ကို အတုခိုးလိုက်ပုံက ရှေ့က အမှာစာကိုပင် ဆရာ့လေအတိုင်း ကိုယ့်ကိုကိုယ် “သူ” ဟု သုံးနှုန်းရေးသားသည်။ ထို အမှာစာမှာပင် တစ်ပိုဒ်လောက်ရေးပြီး ရှေ့ဆက် ရေးစရာ မရှိတော့။
ဘယ့်နှယ် မြင်းမိုရ်တောင်ကို ဆီးစေ့ အပဲ့လေးနဲ့ ယှဉ်မိသည့် ဥစ္စာ၊ ဆရာဒဂုန်တာရာက အသက်၂၀မှာ မြန်မာစာပေ သာမက မြန်မာ့နိုင်ငံရေးအထိ မားမားမတ်မတ် အထင်ကရ ရှိနေပြီလေ။ ၁၄နှစ်သား ကတည်းက နာမည်ကျော် ဒဂုန်မဂ္ဂဇင်းကြီးက တခမ်းတနား နေရာပေးခံနေရသူလေ။ ကျွန်တော် အသက် ၂၀ က ဘာဟု ပြောရလောက်အောင်ပင် ဘာ ဘာ ဘာမှ မရှိ၊ ဖွတ်ကျား။ ထို့ကြောင့် ထိုဗလာစာအုပ်က ထိုတစ်မျက်နှာနှင့်ပင် ရပ်ကွက် ကင်းကြေးပေးရငွေ စာရင်းစာအုပ် အသွင် ပြောင်းသွားပါ၏။
တစ်လတစ်ကြိမ် ကင်းကြေး လာကောက်တိုင်း စာရင်းမှတ် တော့ ကင်းခေါင်း ဦးရေဝိုင်းက စာအုပ်ကို မျက်လုံးနားကပ်ကာ စာရွက်ကို တံတွေးဆွတ် လှန်ရင်း စာအုပ်ထဲ ဘာတွေ ရေးထားတာလဲကွာ၊ ဒီစာရွက်တွေ လှန်နေရတာ အလုပ်ရှုပ်လိုက်တာ ဟု လတိုင်း တတွတ်တွတ်ပြောနေတော့ စိတ်ပေါက်ပေါက်နှင့် ဆုတ်ပစ်လိုက်သည်။ ကဲ ထားပါတော့။ ကျွန်တော်က အောင်ဘရားသားမှာတွေ့သည့် မိုးဝေ မဂ္ဂဇင်း အသစ်ကို လှန်အကြည့် ဒဂုန်တာရာ၏ ပန်းနုရောင် နှစ်ကာလများ ဆောင်းပါးတွေ့လိုက်သည်နှင့် ဝမ်းသာကာ ထိုမဂ္ဂဇင်း ကို ဝယ်လိုက်သည်။ ထို့နောက် အသစ်ထွက် ရှုမဝ မဂ္ဂဇင်းကိုလည်း ဝယ်လိုက်သည်။ မှတ်မှတ်ရရ ၁၉၇၅ ၊ နိုဝင်ဘာလ။
ပန်းနုရောင် နှစ်ကာလများ
—————————-
မိုးဝေမဂ္ဂဇင်းတွင် ပါရှိသော ပန်းနုရောင် နှစ်ကာလများ က အခန်းဆက် ဆောင်းပါးဖြစ်သည်။ ထို အခန်းဆက် ဆောင်းပါးကို ဖတ်ရှုရသည်က ဆရာဒဂုန်တာရာ၏ လူထုလှုပ်ရှားမှု အတွေ့အကြုံများမို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား လှုပ်ရှားမှုသမိုင်း မှတ်တမ်းဟု ဆိုရပေမည်။ ထိုစဉ်ကာလ ၁၉၆၂ခုနှစ် ဆဲဗင်းဇူလိုင်အရေးအခင်းမှ စ၍ ၁၉၆၇၊ ၆၉၊ ၇၄၊ ၇၅ အထိ ကျောင်းသား အလုပ်သမား ပြည်သူတို့၏ အုံကြွမှုများတွင် အစိုးရကလည်း ဖျက်သိမ်း ထားသော ကျောင်းသား သမဂ္ဂ ကို အညှိုးတကြီး ရန်မူနေစဉ်ကာလ၌ ဆရာဒဂုန်တာရာက ရန်ကုန်တက္ကသိုလ် နှင့် ကျောင်းသားသမဂ္ဂ၏ လှုပ်ရှားမှုကို အစိုရမညိုညင်အောင် ပညာသားပါပါ ရေးသားခဲ့သည်။ နာမည်ကျော် ကျောင်းသား သမဂ္ဂ အဆောက်အအုံကိုပင် အနီရောင် ဗုဒ္ဓံသရဏံပင်များဖြင့် နိမ်တ်ပုံပြ ဖွဲ့နွဲ့သည်။ ပန်းနုရောင် နှစ်ကာလများ အခန်းဆက်ဆောင်းပါးများတွင် “စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်မလဲ” ဟူသော ဆောင်းပါး၌ အချင်းချင်း လက်တို့ကာ လက်ဆင့် ကမ်းဖတ်ကြရသည်အထိ လှုပ်ခတ်သွားတော့၏။
ဆရာဒဂုန်တာရာက သူကိုယ်တိုင် ပါဝင်ခဲ့ရသည့် ၁၉၃၈ခုနှစ် ကျောင်းသားအရေးတော်ပုံကို အသေးစိတ် သရုပ်ဖော် ရေးသားခဲ့သည်။ ထိုကျောင်းသားအရေးတော်ပုံကလည်း မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ သမိုင်းတွင် ထင်ရှား အရေးပါခဲ့သည့် ၁၃၀၀ပြည့် အရေးတော်ပုံ၏ ပင်မအခြေခံလည်း မဟုတ်ပါလား။ အုပ်စိုးသူက သူ၏ နိုင်ငံရေး အကျပ်အတည်းကို လူမျိုးရေး အဓိကရုဏ်း ဖန်တီးကာ လမ်းလွှဲသည်။ သို့သော် မရ။ အုပ်စိုးသူ၏ မတရားဖိနှိပ်မှုကို မခံရပ်နိုင်သော ချောက်ရေနံမြေအလုပ်သမားများကလည်း အာဏာဖီဆန်ကာ ရန်ကုန်အထိ ခြေကျင် ချီတက် ဆန္ဒပြ နေကြပြီ။ ထိုအလုပ်သမား သပိတ်တပ်ကို အုပ်စိုးသူက လက်နက်ဖြင့် တားဆီးထားသည်။ ဤသို့ဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကျောင်းသားခေါင်းဆောင်များက မှန်ကန်သော တိုက်ပွဲ ပုံစံကို ဖော်ဆောင်ခဲ့ကြသည်။ “စိန်သရဖူကို လမ်းဘေး ရောက်အောင် ဘယ်လိုလုပ်မလဲ” တဲ့လေ။
“စိန်သရဖူကို လမ်းဘေး ရောက်အောင် ဘယ်လိုလုပ်မလဲ”
————————————————————
ဆရာဒဂုန်တာရာက အလုပ်သမား သပိတ်တပ်ကြီး၏ မြင်ကွင်းကို ဤသို့ သရုပ်ဖော်ခဲ့သည်။
“၁၉၃၈ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ မကွေး၌ အဖမ်းခံရသော သတင်းသည် ကျောင်းသားလောက၌ ရိုက်ခတ်သွားခဲ့ပေသည်။
နောက်တနေ့ နံနက်၌ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သပိတ်စခန်း၌ ရှိသော ရေနံမြေ အလုပ်သမားတပ်ကြီး သည် ဆက်လက်ချီတက်ရန် ဟန်ပြင်သည်။ လှံစွပ်သေနတ်ကိုင် စစ်ပုလိပ်များက ချိန်ထားကြသည်။ ရေနံတပ်ကြီးသည် အတင်းတိုးထွက်သည်။ အလုပ်သမား တပ်ကြီးအပြင် မြို့သူမြို့သား ပရိသတ်ကလည်း မနည်း။ လှံစွပ်များ နောက်ဆုတ်သွားကြသည်။ ရေနံတပ်ကြီးက ရှေ့သို့ တိုးလာကြသည်။ ထိုအခါ မြင်းတပ်က ဝင်လာသော အလုပ်သမားများကို ဝင်တိုက်သည်။ အလုပ်သမားများကား နောက်ဆုတ်မသွား။ လဲသူလဲ၊ ပြဲသူပြဲ။ ထို့နောက် ပန်ချာပီ ပုလိပ်များက တုတ်နှင့် တအားရိုက်သည်။ သွေးထွက်သံယို၊ ဘေးက ကြည့်နေသော လူထုကြီးမှာ ဒေါသထွက်ခါ ပုလိပ်များအား ခဲနှင့်ပေါက်သည်၊ ရာဇဝတ်ဝန်ထောက် ခေါင်းကို ခဲထိသွားသည်။ သို့သော် ရေနံမြေ အလုပ်သမားများသည် နောက်သို့ မဆုတ်၊ မြင်းနှင့်တိုက်၊ တုတ်တွေနှင့် ရိုက်သဖြင့် ဖရိုဖရဲ ဖြစ်သွားသော်လည်း ခဏမျှသာ။ လူစုကား ကွဲမသွား။ ရှေ့သို့သာ တိုး၍ ချီတက်ကြသည်။ လှံစွပ်ကို မကြောက်၊ တုတ်ကို မကြောက်။
သခင်မျိုးဟေ့ ဒို့ဗမာ
သပိတ် သပိတ်၊ မှောက် မှောက်
မီးတုတ် မီးတုတ်၊ ရှို့ ရှို့
ဓနရှင်အစိုးရ ကျဆုံးပါစေ
အရေးတော်ပုံ အောင်ပါစေ
ကြွေးကြော်သံများသည် ပဲ့တင်ထပ်လျက် ရှိသည်။
အလုပ်သမားများကား တက်ကြွလျက် ရှိသည်။ ဘေးမှ ကြည့်နေသော မကွေးလူထုကလည်း တက်ကြွလျက် ရှိသည်။ အမိန့် ထပ်ပေးပြန်သည်။ အလုပ်သမားများ ဘက်သို့ သေနတ်ထုတ်ချိန်ထားကြသည်။ ပစ်မည် မှတ်၍ အလုပ်သမား အားလုံး ဝပ်လိုက်ကြသည်။ သေနတ်ကျည်ဆံကား ထွက်မလာ။
နံနက် ၇ နာရီ ထိုးလေပြီ။ ထောင်ကြီးဘက်ဆီမှ အသံများ ကြားရသည်။ အော်သံဟစ်သံ၊ အသံဗလံများ၊ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများ၊ ပုလိပ်တပ်၊ စစ်တပ်များ ရုပ်သိမ်းကာ ထောင်ဘက်သို့ ပြေးသွားကြသည်။ ထောင်ကြီး ဆူနေလေပြီ။ ပုလိပ်နှင့် စစ်တပ်များ မရှိသောအခါ အလုပ်သမားများသည် ယခင်က မြင်းတပ် လှံစွပ်တပ်နှင့် တားထားသော လမ်းကို ဖောက်ကာ ကမ်းနားဘက်သို့ ချီတက်ကာ ဆက်လက်ထွက်ခွါသွားကြလေသည်။ ထောင်ထဲတွင် ရှိနေသော အဖမ်းခံ ကျောင်းသားများ၊ အလုပ်သမားများ၊ သခင်များက ဝိုင်းကာ ထောင်ကို လှန့်ပေးပြီး ဆူလိုက်ကြခြင်း ဖြစ်သည်။ မနေ့ကပင် အဖမ်းမခံရမီ ကိုဗဟိန်းက အလုပ်သမားများ မနက်ဖြန် ထွက်ဖြစ်အောင် ထွက်ကြပါဟု ဟောပြောခဲ့သေးသည် မဟုတ်ပါလား။
“အရေးတော်ပုံ အောင်ပါစေ” ဟူသော အလုပ်သမားများ၏ အသံသည် ကမ်းနားဘက် သောင်ပြင်ဆီမှ ထွက်ပေါ်လာတော့သည်။ ရေနံမြေ အလုပ်သမားများသည် သောင်ပြင်တလျှောက် ဆက်လက် ချီတက် လာကြပေပြီ။ ထောင်ဘက်မှ တဖန် မြင်းစီးပုလိပ်များ ရောက်လာကြပြန်သည်။ အလုပ်သမားများကို ဖမ်းသည်၊ တချို့ အကုန်မဖမ်းနိုင်၊ ခေါင်းဆောင်သူဟု ယူဆသူများ။ သည်တခါတွင်တော့ တား၍ မရတော့ပြီ၊ လမ်းကကျယ်။ တာကျိုးခဲ့ပြီ မဟုတ်လား။ ပုဒ်မ ၁၄၄ လည်း ပြယ်သွားပြီ မဟုတ်လား။ လူ စီတန်းလှည့်လည်ခြင်း မပြုရဟူသော အင်္ဂလိပ်အစိုးရ၏ အာဏာစက်ကို ဖီဆန်ခဲ့ပြီ မဟုတ်လား။” တဲ့။
ဆရာဒဂုန်တာရာ ၏ ကြက်သီးမွှေးညင်းထမျှ မျက်စေ့ထဲ မြင်လိုက်ရသည့် သရုပ်ဖော် အဖွဲ့အနွဲ့အရေးအသား ပါပေ။ ဆက်လက်၍ ဆရာက ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံအတွင်းက သမဂ္ဂခေါင်းဆောင် ကျောင်းသားများ၏ အစည်းအဝေးကို ပြန်ပြောင်းသတိရ ရေးသားလိုက်တာကလည်း ရုပ်ရှင်ပြကွက်များပမာ အတိတ်ပုံရိပ် တို့က ထင်ရှား ပြတ်သားလာပြန်၏။ ထို အတိတ်ပုံရိပ်များက ၁၉၃၈ခုနှစ်ဟု ဆိုသော်ငြား ၁၉၆၂လား၊ ၁၉၆၉လား၊ ၁၉၇၄ လား၊ ၁၉၇၅ လား၊ တစ်နေ့မနေ့ကလိုပါပဲလေ။

Related posts

Leave a Comment

VOM News

FREE
VIEW