ဆီမီးခုံ-အောက်တိုဘာ၃-၂၀၁၉
ရန်အောင်ထွန်း(VOM)
မြင်းခြံမြို့နယ်အတွင်းက ဆီမီးခုံ (စမိတ်ခုံ) ၂ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရေသောက်စိုက်ပျိုးမြေက စပါးစိုက်တောင်သူတွေ စိုက်ပျိုးရေ အပြည့်အဝ မရလို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ငါ့နန်းကျေးရွာ၊ ကွေ့ကြီးကျေးရွာနဲ့ ဆုံရွာကျေးရွာက လယ်တွေဟာ မြစ်ရေတင်လုပ်ငန်းက လွှတ်ပေးတဲ့ ရေနဲ့ စပါးစိုက်ပျိုးနေရတာပါ။ စိုက်ပျိုးရေအခက်အခဲ ဖြစ်နေတဲ့ တောင်သူတွေကတော့ စတင်စိုက်ပျိုးကတည်းက တစ်ကြိမ်သာရေရခဲ့ပြီး သီးနှံအောင်ရေအတွက် နှစ်လလောက် ကြာတဲ့အထိ ရေမရကြဘူးလို့ ဆိုပါတယ်။
အရင်နှစ်က ကွေ့ကြီးကျေးရွာ တောင်သူတွေရဲ့ စပါးစိုက်ဧက ၇၀ လောက် ထဲက ၁၁ ဧကလောက် အောင်ရေမရလို့ ပျက်ဆီးသွားခဲ့တယ်လို့ စပါးစိုက်တောင်သူ ဦးအောင်ခိုင်ဝင်းကပြောပါတယ်။
ဆီမီးခုံ ၂ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း တာဝန်ရှိသူဆီ သွားရောက်မေးမြန်းရာမှာ ရေအလုံအလောက် မပေးနိုင်တဲ့ အခက်အခဲကို တာဝန်ရှိသူအဆင့်ဆင့်ဆီ တင်ပြထားပြီးဖြစ်လို့ ၊ မြင်းခြံခရိုင် ဦးစီးမှူးထံ ဆက်သွယ် မေးမြန်းမှရမယ်လို့ ပြောပါတယ်။ သူပေးလိုက်တဲ့ ခရိုင်ရေအရင်းအမြစ်ဦးစီးမှူးရဲ့ ဖုန်းနံပါတ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။ ဆီးမီးခုံ ၂ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းရဲ့ ပင်မမြောင်းအရှည် ပေ ၁၂၀၀၀ ရဲ့ရေသောက်မြေထဲက စပါး ၆၂၀ ဧကနဲ့ အခြားသီးနှံ ၃၇၉ ဧက အတွက် ၂၀၁၉ မိုးသီးနှံစိုက်ပျိုးရာသီအတွက် ရေပေးဝေဖို့လျာထားတယ်လို့ သိရပါတယ်။
#voiceofmyanmar #ဆီးမီးခုံ #မြစ်ရေတင်စီမံကိန်း