ကချင်ပြည်နယ်မှာ၂၀၂၀ခုနှစ်အတွင်း မုဒိန်းမှုပိုများလာ

နိုဝင်ဘာ ၂၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွင်း ၂၀၂၀ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ အမှုကြီး ၁၀ မျိုး ဖမ်းဆီးရရှိမှုအရ လူသတ်မှုထက် မုဒိမ်းမှုပိုများလာတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောပါတယ်။

လူသတ်မှု ၊ ဓားပြမှု၊ ပြန်ပေးမှု၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ ခိုးမှု၊ တိရစ္ဆာန်ခိုးယူမှု၊ နိုင်ငံတော်ပုံကန်မှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှုစတဲ့ အမှုကြီးဆယ်မျိုး ဖမ်းဆီးရရှိတဲ့စာရင်း နှိုင်းယှဉ်ချက်အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ၁၃၈ မှု၊ ၂၀၁၉ မှာ ၉၄ မှု၊ ၂၀၂၀ မှာ ၁၀၇ မှု ဖြစ်ခဲ့ပါတယ်။

“ ၂၀၁၉ နဲ့ စာလျှင်တော့ ၁၀ မှုလောက် တိုးတာပေါ့နော် ၂၀၁၈ နဲ့ စာလျှင်တော့ ၃၈ မှုလောက် ကျသွားတယ် ဒါ အမှုကြီးပေါ့၊ ကျတဲ့ဟာတော့ လူသတ်မှုတွေကျသွားတယ်၊ ၂၀၂၀ မှာ ဘာများလာလည်းဆိုတော့ မုဒိမ်းမှုတွေ တော်တော်များလာတယ်၊ သက်ငယ်မုဒိမ်း တော်တော်များလာတယ်”လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဉာဏ်မြင့်ကျော်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း အမျိုးသမီးတွေအပေါ် မုဒိမ်းမှုကျူးလွန်ခံခဲ့ရမှုတွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်ကူညီနေတဲ့ ထွယ်ဂျန်ဒါအဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူကတော့ ပြည်နယ်အတွင်းက အမျိုးသမီးတွေ မုဒိန်းကျင့်ခံရမှုတွေ ဖမ်းဆီးဖော်ထုတ်နိုင်တဲ့ အရေအတွက်ထက် အကြောင်းအမျိုးမျိုးကြောင့် အမှုမဖွင့်နိုင်တာ တရားရုံးပေါ် မရောက်နိုင်တာတွေက ထုနဲ့ ထည်နဲ့ ရှိနေသေးတာ တွေ့ရတယ်လို့ ပြောပါတယ်။

“ သက်ငယ်မုဒိန်းတွေက ဖားကန့်လို နေရာမျိုးတွေမှာ တရားဥပဒေစိုးမိုးမှု သိပ်ပြီးတော့မှ ယိုယွင်းနေတဲ့ နေရာတွေမှာ ကျေးရွာတွေမှာ ဆင်းရဲတဲ့ မိသားစုတွေမှာ ဖြစ်တယ်၊ အဲ့ဒီလို ဖြစ်ပြီဆိုရင် ကျူးလွန်တဲ့သူတွေက သူစိမ်းတွေမဟုတ်ဘဲနဲ့ အမြဲတမ်းတွေ့နေတဲ့ ဦးလေးတို့ အမျိုးတွေတို့ အဲ့ဒီအိမ်ကို ဝင်ထွက်သွားလာနေသူတွေများတယ်“လို့ ဒေါ်နန်ပူက သူတို့ တွေ့ရှိချက်ကို ပြောပြပါတယ်။

၂၀၂၀ နိုဝင်ဘာလအထိ ခရိုင်အလိုက် လူသတ်မှု စာရင်းမှာလည်း မြစ်ကြီးနားခရိုင်မှာ ၁၂ မှု၊ မိုးညှင်းမှာ ၂၁ မှုနဲ့ ဗန်းမော်မှာ ၈ မှု စုစုပေါင်း ၄၃ မှု ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အမှုကြီး ၁၀ မျိုးမဟုတ်တဲ့ ခိုးမှု ၊ နာကျင်စေမှု စတဲ့ အခြားအမှုတွေမှာတော့ မြစ်ကြီးနားခရိုင်မှာ ၆၈၁ မှု ၊ ဗန်းမော်ခရိုင်မှာ ၂၈၅ မှု၊ မိုးညှင်းခရိုင်မှာ ၄၈၁ မှု ၊ ပူတာအိုခရိုင်မှာ ၃၃၈ မှု ဖမ်းဆီးရမိခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီစာရင်းအရ မြစ်ကြီးနားနဲ့ မိုးညှင်းက ဖြစ်စဉ်အများဆုံးဖြစ်ပွားခဲ့တာပါ။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ နှစ်အလိုက် ခရိုင် ၄ ခုလုံးမှာ ဖမ်းဆီးခဲ့တဲ့ အခြားအမှုစာရင်းမှာလည်း ၂၀၁၈ ခုနှစ်အတွင်း ၁၈၈၅ မှု၊ ၂၀၁၉ ခုနှစ်မှာ ၁၉၀၆ မှု ဖမ်းဆီးခဲ့ရပြီး Covid-19 ထိန်းချုပ်ကာကွယ်ရေးကာလကို အကြာကြီးဖြတ်သန်းခဲ့ရတဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ၁၄၉၂ မှု ဖမ်းဆီးရမိထားတာ ဖြစ်တဲ့အတွက် မှုခင်းဖြစ်ပွားမှုနူန်းကျဆင်းသွားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ကချင် #မုဒိမ်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW