ကျောင်းအုပ်ဆရာမတစ်ဦး နာမည်တပ်ပြီး ဂုဏ်သိက္ခာထိခိုက်စေတဲ့စာရေးသားသူကို အမှုဖွင့်

ဒီဇင်ဘာ ၁၃-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိတိုက်နယ် အခြေခံပညာ အထက်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူက လူမှုကွန်ယက် Facebook စာမျက်နှာပေါ်မှာ သူ့ရဲ့ နာမည်တပ်ပြီး မဟုတ်မမှန် လုပ်ကြံရေးသားထားတယ်လို့ဆိုပြီး လရောင်ကောင်းကင် Facebook အကောင့်ပိုင်ရှင်ကို ကျိုက်ပိနယ်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

”ဟုတ်ပါတယ် သက်သက် အပုပ်ချတာပါ၊ ရွာလေးဖြစ်တဲ့အတွက် ကျွန်မသာတကယ်လို့ မဟုတ်တာလုပ်ခဲ့မယ်ဆို အခုမှ ဒီစာကြီး တက်လာစရာအကြောင်းမရှိပါဘူး၊ နစ်နာတဲ့သူတွေက အစကတည်းက တိုင်ကြားမှာဖြစ်ပါတယ်၊ ဒါဟာ အမျိုးသမီးတစ်ယောက်ကို ဆရာမ တစ်ယောက်ကို ကျွန်မတို့ရဲ့ပညာရေးဌာနကို အနိုင်ကျင့်စော်ကားလိုက်တာပါပဲ၊ ကျွန်မကို မလိုလို့ ရေးတဲ့ ရေးသားနည်းတွေဖြစ်ပါတယ်၊ ကျန်တာကတော့ သူရဲ့စိတ်ကို မမြင်နိုင်တာဖြစ်တဲ့အတွက် မသိဘူး”လို့ ကျိုက်ပိတိုက်နယ် အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူကပြောပါတယ်။

လရောင်ကောင်းကင် Facebook အကောင့်ကနေ ဒီဇင်ဘာ ၈ ရက် မနက် ၅း၀၀ နာရီ ၃၃ မိနစ်က တင်ထားတဲ့ Postတစ်ခုမှာ ကျိုက်ပိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူ ဂုဏ်သိက္ခာထိခိုက်စေဖို့နဲ့ အသေရေပျက်စေဖို့ ရေးသားထားတဲ့စာသားကိုတင်ထားပြီး ပြန်လည်မျှဝေ(Share)လုပ်သူ ၃၅ ဦးနဲ့ Like လုပ်သူ ၂၄ ဦးရှိခဲ့တာကြောင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

လူမှုကွန်ယက် Facebook စာမျက်နှာမှာ ၁။ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူအကြောင်းသိရှိနိုင်ပါရန်နှင့် တရားမဲ့ပြုကျင့်မူများအား အရေးယူနိုင်ပါရန်နိုင်ငံတော်အစိုးရနှင့်ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများအား ရိုသေလေးစားစွာဖြင့်တင်ပြအပ်ပါသည်။ ၂။ဆရာမဒေါ်အေးအေးကြူသည်ကျိုက်ပိ(အ.ထ.က)(၂၀၁၈/၂၀၁၉)စာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ စာမေးပွဲဖြေဆိုခွင့်ကဒ်များအား တစ်ယောက်လျှင်(၃၀၀၀)ကျပ်နှုန်းတောင်းယူခဲ့ပါသည်။ ၃။(၂၀၁၉/၂၀၂၀) စာသင်နှစ်တက္ကလိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်ကျောင်းသားကျောင်းသူများထံမှစားမေးပွဲဖြေဆိုခွင့်ကဒ်များအားတစ်ယောက်လျှင်(၂၀၀၀)ကျပ်နူန်းတောင်းယူခဲ့ပါသည် တင်ပြတိုင်ကြားအပ်ပါတယ်လို့ ရေးသားထားတယ်လို့ သိရပါတယ်။

”အဓိကကတော့ရှင် တမင်သက်သက်လုပ်တာပါ၊ အခု ကျွန်မလုပ်နေတဲ့အလုပ်တွေအပေါ်မှာ မမှန်တာကိုတစ်ခုတောင် ယနေ့အချိန်အထိ မလုပ်ခဲ့ပါဘူး၊ အဲ့ဒါအပြင် ကျွန်မကျောင်းနဲ့ ပတ်သက်လို့လည်း အများကြီး ကူညီခဲ့တယ်၊ ကျောင်းကို တိုးတက်အောင် ပြောင်းလဲအောင် ဖွံ့ဖြိုးအောင်အများကြီး လုပ်ခဲ့တယ်ဆိုတာ ကျွန်မနယ် ပတ်ဝန်းကျင်က အားလုံးအသိပဲဖြစ်ပါတယ်၊ သိသိကြီးနဲ့ တမင်သက်သက် သိက္ခာကျအောင်လို့ စာဖတ်သူတွေ သူတို့တင်ထားတဲ့ပိုစ့်ကို ဖတ်ကြည့်သူတွေသိပါလိမ့်မယ်”လို့ ဒေါ်အေးအေးကြူကပြောပါတယ်။

အဲ့ဒီတိုင်းကြားချက်ကို ကျိုက်ပိနယ်မြေရဲစခန်းက သက်သေစာရွက် စာတမ်းတွေ လက်ခံဆောင်ရွက်ထားပြီး တိုင်ကြားချက်ကို တတ်သိနားလည်သူ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ကာ ပညာရေးလောကသားတွေ အလားတူဖြစ်ရပ်မျိုးမဖြစ်စေဖို့နဲ့ သိက္ခာမကျရအောင် ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

”နယ်မြေ မြေပြင်မှာ အမှုဖွင့်တာဆိုတော့ သက်ဆိုင်ရာ ရဲစခန်းက လုပ်ငန်းစဉ်တွေကို ဥပဒေနှင့်အညီ ဆောင်ရွက်ပါလိမ့်မယ်၊ ကျွန်တော်တို့ဆီတော့ တင်ပြလာတာမရှိသေးပါဘူး”လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ဦးထွန်းရွှေကပြောပါတယ်။

အမှုတိုင်တန်းဖို့ နောက်ကျနေရတာဟာ ကျူးလွန်သူကို လိုက်လံ စုံစမ်းနေရတာဖြစ်တဲ့အတွက် ဆရာမရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေရန်ရည်ရွယ်ရေးသားထားတဲ့ Postရဲ့အောက်မှာလည်း ဆရာမဘက်က
Comment ဝင်ပေးထားကြတာကိုလည်း တွေ့ရှိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်ကျွန်း #ကျောင်းအုပ်ဆရာမကြီး #လူမှုကွန်ရက်ရေးသားသူ #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW