PLA စခန်းကို ဝင်စီးခဲ့တဲ့ NUG တပ်ဖွဲ့ မိုင်းပေါက်ကွဲလို့ လေးယောက်သေပြီး အများအပြားဒဏ်ရာရ

ဇွန် ၂၃ ၊ ၂၀၂၆
GG (VOM)
မြင်းခြံခရိုင်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်တော် PLA တပ်စခန်းတွေကို NUG တပ်တွေ ဝင်ရောက်စီးနင်းစဥ်မှာ မိုင်းပေါက်ကွဲလို့ NUG ဘက်က လေးယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ခရိုင်တွင်းက နေထိုင်ခြင်းမရှိတော့တဲ့ PLA စခန်းကို ဝင်ရောက်ခဲ့ရာ တပ်ဖွဲ့ဝင်တွေအိပ်တဲ့ အိပ်ဆောင်နေရာမှာ PLA က ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ထားခဲ့တာကြောင့် NUG က တပ်ဖွဲ့ဝင် လေးယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီထုတ်ပြန်ချက်အပေါ် PLA ရဲ့ပြောဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ” မိုင်းထောင်တဲ့ကိစ္စက စခန်းလုံခြုံရေးအတွက် မိုင်းတွေဆင်တာ အဲ့ဒီဒေသ လိုအပ်ချက်အရ မဖြစ်မနေ လိုအပ်တဲ့အခြေအနေမှာရှိတယ်။ ဒီဝင်ရောက်စီးနင်းမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိလုပ်ထားတယ်ဆိုတာကတော့ မဟုတ်မှန်ဘူး ။သူတို့အနေနဲ့ အင်အား ၈၀ ကျော်နဲ့ဝင်ရောက်တဲ့အခါ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့ကြတာပါ။” လို့ ပြောပါတယ် ။
မြင်းခြံခရိုင်၊ ဝဲလောင်ကျေးရွာက အမျိုးသားတယောက်ကို သတင်းပေး ဒလန်အဖြစ် PLA ကဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးဖို့ ကိစ္စနဲ့ PLA တပ်တွေ မြင်းခြဲခရိုင်ထဲကနေ ဆုတ်ခွာပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး PLA နဲ့ NUG လက်အောက်ခံ ပလဖ ၊ ပအဖ ၊ ပကဖ အကြား ပဋိပက္ခဖြစ်ပွားကာ PLA စခန်းတွေကို ဝင်ရောက်စီးနင်းရှာဖွေတဲ့ အထိ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ နှစ်ဖက်အဖွဲ့အစည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
PLA ဖမ်းဆီးခဲ့တဲ့ အမျိုးသားက ဒလန်မဟုတ်ပဲ သာမန်ပြည်သူ ဖြစ်တာကြောင့် ဖမ်းဆီးထားတာကို ပြန်လွှတ်ပြီး သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကိုပါ ပြန်ပေးဖို့ တောင်သာ ပကဖ က စာနဲ့အကြောင်းကြားပေမယ့် ပြန်လွှတ်မပေးခဲ့ဘဲ မနေ့က ဇွန် ၂၂ ရက်နေ့ PLA အထိုင်စခန်းတွေ ဝင်ရောက်စီးနင်းခံရချိန်မှာသာ လူကိုပြန်လွှတ်ပေးခဲ့ပြီး ပစ္စည်းတွေကို ပြန်ပေးခြင်းမရှိသေးဘူးလို့ NUG ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဆိုပါ အမျိုးသားကို ဖမ်းဆီးပြီးနောက် ဇနီးဖြစ်သူကို သိန်း ၂၀၀၀ ကျပ်နဲ့ ပြန်ရွေးဖို့ PLA ဘက်က ခြိမ်းခြောက်တောင်းဆိုခဲ့တာကြောင့် ဇနီးဖြစ်သူက တောင်သာ ပလဖ ရုံးကို ဆက်သွယ်အကူအညီတောင်းခံခဲ့တဲ့အတွက် NUG တပ်တွေက ဝင်ရောက်ဖြေရှင်းပေးတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် အရသိရပါတယ်။
PLA ဘက်ကတော့ သူတို့ ဖမ်းဆီးလိုက်တဲ့ အမျိုးသားက အစိုးရတပ် သတင်းပေးဒလန်ဖြစ်ကြောင်း အထောက်အထားနဲ့တကွ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
” ဦးသန်းကို လွှတ်လိုက်ရတဲ့ဖြစ်စဥ်တောင်မှ ကျ​နော်တို့ကို အင်အားအများအပြားနဲ့ ဝိုင်းဝန်းပိတ်ဆို့တဲ့အခြေအနေကြောင့် ဆက်ထိန်းသိမ်းဖို့အဆင်မပြေလို့ လွှတ်ပေးလိုက်ရတဲ့အခြေအနေပါ ။ အဲ့ဒီနယ်မြေထဲကိုပဲ ပြန်လွှတ်ပေးလိုက်တဲ့အခြေအနေပါ။ သူ့ပစ္စည်းကိုပြန်ပေးနိုင်တဲ့အခြေအနေဆိုတာလည်း ရဲဘော်တွေလုံခြုံရေးအတွက် ဆုတ်ခွာနေရတဲ့ အခြေအနေ ဖြစ်တာပါ ။ ပြီးတော့ သူတို့က ဦးသန်းကို ပြည်သူဆိုပြီးပုံဖော်ထားတယ်။ အဲဒါက မဟုတ်မှန်ပါဘူး ။ ဒေသတွင်းက တပ်တွေရဲ့လှုပ်ရှားမှု အချက်အလက်တွေကို သတင်းပေးနေသူဖြစ်တယ်။ အဲဒီအတွက်လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေရတာဖြစ်တယ်။ ကျ​နော်တို့ ဘက်ကနေ ငွေကြေးတောင်းခံတယ်ဆိုတာလည်း မဟုတ်ပါဘူး ။ ဦးသန်းရဲ့အမျိုးသမီးက ငွေကြေးနဲ့လာရောက်ညှိနိုုင်းတဲ့ ဖြစ်စဥ်တော့ရှိတယ်။၂၀၀ ညှိတယ်။ ၅၀၀ ညှိတယ်။ ကျွန်တော်တို့က လက်မခံဘူးဆိုတဲ့အခါမှာ သူအနေနဲ့ တခြားအဖွဲ့အစည်းကနေ အလုပ်လုပ်မယ်ဆိုပြီး သူ့အမျိုးသမီးက ပကဖတွေ ပအဖ တွေဆီကိုတိုင်တန်းစာပို့တာဖြစ်တယ်။ ဦးသန်းကိုယ်တိုင် သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေ သူသတင်းပေးလုပ်ခဲ့တာမှားပါတယ်ဆိုတဲ့ အခြေအနေ ဝန်ခံထားတဲ့ မှတ်တမ်းရှိပါတယ်။ဒါတွေ ထုတ်ပြန်သွားပါမယ်။” လို့ ဝေယံဖြိုးမိုးက ထပ်ပြောပါတယ်။
လက်ရှိအထိ NUG လက်အောက်က တပ်ဖွဲ့တွေက မြင်းခြံခရိုင်ထဲက PLA တပ်စခန်းရှိတဲ့နေရာတွေကနေ တပ်ရုပ်သိမ်းတာမရှိသေးကြောင်း ၊ မနေ့က ဖမ်းခံခဲ့ရတဲ့ PLA တပ်ဖွဲ့ဝင် ရဲ့ အစ်မဖြစ်သူ ဖမ်းခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီးလည်း ပြန်လွှတ်ပေးခြင်း ရှိမရှိကို မသိရသေးဘူးလို့ဆိုပါတယ်။
PLA တပ်စခန်းတွေကို မြင်းခြံခရိုင်ထဲကနေ ဆုတ်ပေးဖို့ဆိုတဲ့ အပေါ်ကိုလည်း ဆက်ပြီး ညှိနိူင်းသွားမှာဖြစ်ကြောင်း ခရိုင်နဲ့အဆင်မပြေပါက တိုင်းအဆင့်နဲ့ဆက်ပြီး ညှိနိူင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ PLA နဲ့ NUG က အပြန်အလှန် ဖြေရှင်းချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပြီး နောက်ဆက်တွဲ ဖြစ်စဥ်တွေကိုလည်း ထုတ်ပြန်ပေးသွားမယ်ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW