ဇွန် ၂၃၊ ၂၀၂၆
Shy V (VOM)
တရုတ် မြန်မာ နယ်စပ်၊ မူဆယ်မှာ လတ်တလော တရုတ်ငွေ တရက်ပြီး တရက် တရိပ်ရိပ် တက်လာနေပြီး ကုန်ဈေးတွေပါ နေ့တိုင်းနီးပါး ထပ်တက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တရုတ်ငွေဈေးက ထပ်တက်တယ်။ မနေ့က တရုတ်ငွေ ၁၀၀ ယွမ်ကို မြန်မာငွေ ၆၄၀၀၀ ကျပ်ပဲ။ ဒီနေ့ကျတော့ နေ့လယ်က ဈေး ၆၄၆၀၀ ကျပ် ထိ ရောက်သွားပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဆပ်ပြာဆီ၊ ကြက်ဥ စသဖြင့် လူသုံးကုန်တွေအကုန် ဈေးတက်နေပြီး ခါတိုင်းဈေးနဲ့ ဘယ်မှ ဝယ်မရတော့ဘူးလို့ သူက ပြောပါတယ်။
“တရုတ် ကြက်ဥက ခါတိုင်း တဖာကို ၁၃၀, ၀၀၀ ပဲရှိတာ။ မနေ့က တဖာ ၁၇၀,၀၀၀ ကျော် ပေးရတယ်။ ဒီနေ့ ပြန်ဝယ်ရင် ထပ်တက်မယ့် သဘောရရှိတယ်” လို့ ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ ဈေးသည် တယောက် ကပြောပါတယ်။
တရုတ်ငွေဈေးတက်တာကြောင့် ကုန်ဈေးတွေတက်လို့ ဈေးရောင်းပါးသွားတယ်လို့ သူက ပြောပါတယ်။
“ဓာတ်ဆီဈေး ထပ်တက်တယ်။ ခါတိုင်း တလီတာ ၇၅၀၀ ကျပ်၊ ခု ၇၉၀၀ ကျပ် ဖြစ်သွားပြီ” လို့ ဆီပန့်အသေးနဲ့ ဓာတ်ဆီ ရောင်းနေတဲ့ ဈေးသည်က ပြောပါတယ်။
စက်သုံးဆီတွေက တရုတ်ဘက်ခြမ်းမှာကိုက တရုတ်ငွေ ၂ ကျော့ ကနေ ၅ ကျော့ (ကျပ် ၁၀၀ ကျော် ကနေ ၃၀၀ ကျော်) အထိ ဈေးထပ်တက် နေတဲ့ အပြင် တရုတ်ငွေဈေးပါ တက်လာတာကြောင့် ဈေးပိုတက်လာတာလို့ ဆိုပါတယ်။
တရုတ်ငွေဈေးတွေက နှစ်စဉ် စပါးစိုက်ချိန်၊ တရုတ်ဘက်က ဓာတ်မြေဩဇာ ဝယ်ယူရမယ့် အချိန်ရောက်ရင် ဈေးတက်နေကျဖြစ်တယ်လို့ တောင်သူ တယောက်က ပြောပါတယ်။
တရုတ်ငွေဈေး ဆက်တိုက်တက်ပြီး ငွေဈေး မငြိမ်ရင် ဈေးအရောင်း အဝယ် အလုပ်မဖြစ်တဲ့အပြင် ရောင်းလိုက်တဲ့ ဈေးနှုန်းနဲ့ ပြန်ဝယ်လို့ မရတာတွေကြောင့် ရောင်းရင်း ရှုံးရတယ်လို့ ဒေသခံ ဈေးသည်တွေက ပြောပါတယ်။
Photo: Shy V
