မုံရွာ -ဇွန် ၂၃- ၂၀၂၆
MW(VOM)
လူငယ်ထုအတွင်းကြီးထွားနေတဲ့ မူးယစ်ဆေးဝါးကင်းရှင်းဖို့အတွက် လူငယ်ထုအတွင်းမူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေးလူငယ်စကားဝိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ သူနာပြုသိပ္ပံမှာ ဇွန်လ၂၃ရက်နေ့နံနက်၉နာရီက ကျင်းပပါတယ်။
လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေဖို့၊ အတွေ့အကြုံသစ်တွေရရှိပြီးလူငယ်တွေကြားမှာ ပြောဆိုဆွေးနွေးတတ်စေဖို့နဲ့ နှုတ်မှုရေးရာကျွမ်းကျင်တတ်မြောက်စေဖို့ စကားဝိုင်းကိုကျင်းပတာဖြစ်တယ်လို့သိရပါတယ်။
လူငယ်စကားဝိုင်းမှာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှုးဦးမြင့်နိုင်စိုးနဲ့ အတူ မုံရွာမြို့သူနာပြုသိပ္ပံက ပထမနှစ်ကျောင်းသား မောင်ရာဇာမျိုး၊ ဒုတိယနှစ်ကျောင်းသူမတင်စန်းယဥ်၊ ပထမနှစ်ကျောင်းသားမောင်မင်းဟိန်းခန့်နဲ့ ပထမနှစ်ကျောင်းသူ မဖြိုးမီမီကျော်တို့က မူးယစ်ဆေးဝါးကင်းရှင်းရေး၊ လောင်းကစားကင်းရှင်းရေးအကြောင်းအရာတွေကို အကျယ်တဝင့် ဆွေးနွေးပြောကြားကြပါတယ်။
လူငယ်ထုအတွင်းကြီးထွားနေတဲ့ မူးယစ်ဆေးဝါးကင်းရှင်းရေးအတွက် သက်ဆိုင်ရာနဲ့ အများပြည်သူပူးပေါင်းဖို့ အပူတပြင်းဆောင်ရွက်နေပါတယ်။
“လူငယ်တွေကြားမှာ ပုံစံအမျိုးမျိုးနဲ့စိမ့်ဝင်နေတဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားကို ဘက်ပေါင်းစုံကအားထည့် အရေးယူတိုက်ဖျက်ဆောင်ရွက်ရမယ့်အခြေအနေဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲကို တမူး၊ကလေးကနေတဆင့် အိန္ဒိယနယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ ပုံစံမျိုးစုံနဲ့ဝင်နေတာတွေ့ရပါတယ်။ မုံရွာကိုအဓိကဖြတ်သန်းတာပါ။ ဖမ်းမိတာတွေ တွေ့ရသလို လွတ်ထွက်သွားတာတွေ ဘယ်လောက်များမယ်မပြောတတ်ပါဘူး။ အရေးတကြီးပူးပေါင်းတိုက်ဖျက်တာကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မှသာ သက်သာရာရမှာပါ”ဟု မုံရွာမြို့ခံကပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးတွေ သယ်ဆောင်ရာမှာ မန္တလေးမြို့ကို အခြေခံပြီး ရေလမ်း၊ကုန်းလမ်းတွေကနေ နည်းမျိုးစုံဝင်ရောက်နေတယ်လို့သိရပါတယ်။
“ဖမ်းမိတဲ့ အမှုတွေကိုကြည့်ရင်မူးယစ်ဆေးဝါးတွေကို ကိုယ်ပိုင်ယာဥ်၊ အငှားယာဥ်တွေမှာ မူးယစ်ဆေးဝါးဝှက်သယ်နိုင်ဖို့ အံဝှက်တွေပြုလုပ် သယ်ယူနေကြသလို ကားဂိတ်၊ရေဆိပ်တွေကနေ လူမဲ့တန်ဆာနဲ့ သယ်ဆောင်နေပါတယ်”လို့ ဖမ်းဆီးရေးပူးပေါင်းအဖွဲ့ဝင်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးထဲ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချုပ်ဓာတုပစ္စည်းနဲ့ ထိန်းချုပ်ထားတာမျိုးမရှိတဲ့ ဆက်စပ်ဓာတုပစ္စည်းတွေကို အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တမူး၊ကလေးဒေသတွေကတဆင့် ဖြတ်သန်းသယ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးဟာ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက် ကဖင်း၊ အမိုနီယမ်ကလိုရိုဒ်၊ ဆူဒိုအက်ဖီဒရင်း၊ ဆိုဒီယမ်ဆိုက်ရာနိုက်အစရှိတဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေဟာ တမူး၊ ကလေးဒေသကနေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြတ်သန်းသယ်ဆောင်နေကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးထဲက ခရိုင်၊မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးတွေ ၊ထိန်းချုပ်ဓာတုပစ္စည်းတွေ၊ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုမရှိစေဖို့ အတွက် မြို့ဝင်၊မြို့ထွက် ပူးပေါင်း စစ်ဆင်ရေးဂိတ်တွေမှာ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေနဲ့ စနစ်တကျ ရှာဖွေစစ်ဆေးဖမ်းဆီးလျက်ရှိပါတယ်။
ဒါ့အပြင် မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ သွားလာလို့ ရတဲ့ ကျေးရွာတွေမှာ အမာခံသတင်းပေးတွေနဲ့ ပေါင်းစပ် သတင်းတည်ဆောက်ပြီးဖမ်းဆီးနေသလို ထိန်းချုပ်ဓာတုပစ္စည်းတွေ တရားဝင်သယ်ဆောင်နေတဲ့ ကုမ္မဏီတွေကိုလည်း ထိန်းချုပ်ဓာတုပစ္စည်းတွေတရားမဝင်လမ်းလွဲ မရောက်ဖို့ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်ကစစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ကျပ်ဘီလီယံ ၄၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိရာမှာ အမှုပေါင်း( ၁၆၀)မှုက တရားခံ( ၂၈၃)ကိုဖမ်းဆီးရမိထားပါတယ်။
အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ( ၁)ရက်က မေလ( ၃၁)ရက်နေ့အထိ ကျပ်၉ ဘီလီယံကျော်တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေဖမ်းမိထားရာမှာ မူးယစ်ဆေးဝါးအမှု( ၇၀)က တရားခံ
( ၁၁၀)ဦးကို ဖမ်းမိထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ မူးယစ်ဆေးဝါးအမှုကြီးတွေ ဖမ်းမိအောင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် Operation 42 စီမံချက်ကို စတင်အကောင်အထည်ဖော်နေပြီလို့ သိရပါတယ်။
Operation 42 စီမံချက်ကို တရားမဝင်မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကင်းစင်ပပျောက်စေဖို့အတွက် အကောင်အထည် ဖော်ဆောင်ရွက်တာပါ။
