မင်းကင်းမြို့နယ်က ဖမ်းခံရသူ၁ယောက် စစ်ကြောရေးဒဏ် မခံနိုင်လို့ သေကြောင်းကြံရာက အသက်မသေပဲ ဆေးရုံရောက်

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့ ၊ မင်းကင်းပြည်သူ့ဆေးရုံက အရေးပေါ်လူနာဌာနမှာ မှုခင်းနဲ့ဆက်စပ်သူတယောက် လည်ပင်း ဓားဒဏ်ရာနဲ့ ဆေးကုခံဖို့ ရောက်လာတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက လူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” လူနာက အဖမ်းခံထားရသူ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်တယ် ၊ လည်ပင်း ဘယ်ဘက်ခြမ်းမှာ ထိုသွင်း ဓားဒဏ်ရာ ၁ ချက်နဲ့ဖြစ်တယ် ၊ အသက်အန္တရာယ် အခြေအနေကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ် ” လို့ ကျန်းမာရေး ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
 
အဲ့ဒီ လူနာကတော့ မင်းကင်းမြို့ ၊ အမှတ် ၃ ရပ်ကွက်က ရွှေပန်းတိမ် လုပ်ငန်းရှင်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းက စစ်သားနဲ့ ရဲတွေရဲ့ ခေါ်ဆောင်ဖမ်းဆီးခြင်းခံရကာ နောက် ၂ ရက်အကြာဖြစ်တဲ့ အခုလ ၁၅ ရက် မနက်ပိုင်းက ဆေးရုံကိုရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီလူနာနဲ့ ခင်မင်ရင်းနှီးတဲ့ မင်းကင်းမြို့ခံ တစ်ယောက်ပြောတာက
 
” သူက ရွှေပန်းတိမ် လုပ်ငန်းရှင် တစ်ဦးပါ ၊ သူ့ကိုယ်ဘာကြောင့် ဖမ်းထားတယ်ဆိုတာတော့ မသိရသေးဘူး ၊ သူ့သား ၁ ယောက်က ၅၀၅ နဲ့ အမှုဖွင့်ခံထားရတာ ရှိတယ် ၊ အဲ့ဒီ ကိစ္စနဲ့များ ပတ်သက်နေမလားတော့ မသိဘူး ” လို့ ပြောပါတယ်။
 
အဲ့ဒီ လူနာနဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် ကောင်စီအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်ကို မေးကြည့်တော့
 
“သူ့ကို ရွှေပြည်တန် ဘိုးဘွားရိပ်သာ ၊ ထမင်းစားခန်းမှာ စည်းရုံးရေးနဲ့ စစ်ဆေးမေးမြန်းတယ် ၊ သူက ရေဆာတယ်လို့ ပြောတော့ တာဝန်ကျ ကောင်လေးတစ်ယောက်က အခန်းပြင် ထွက်ပြီး ရေသွားယူနေတဲ့အချိန် အခန်းတံခါးမကြီးကြားမှာရှိတဲ့ စတီးဓားကို သူကယူပြီး သူ့လည်ပင်းသူ ထိုးလို့ ဒဏ်ရာရတာ ” လို့ ပြောပါတယ်။
 
ခုကိစ္စမှာ ပန်းတိမ်ဆရာ အဖမ်းခံရတယ် ၊ အဲ့ဒီနောက် ဒဏ်ရာရလို့ ဆေးကုသခံနေရတယ်ဆိုတဲ့ အခြေအနေကိုသာ VOM က သတင်းအတည်ပြုနိုင်ခဲ့ပေမယ့် ထိန်းသိမ်းခံရပြီးနောက် ရရှိလာတဲ့ ဓားဒဏ်ရာနဲ့ ပတ်သက်လို့ကတော့ ဘာကြောင့် ဘယ်လို ရရှိခဲ့တယ်ဆိုတာ သီးခြားအတည်ပြုချက် အခုချိန်အထိ မရရှိသေးပါဘူး။
 
#voiceofmyanmar #VOM #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW