ဆူးငှက်
ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလဖိုးစိန် စိန်ကတုံး ၊ ရွှေမန်းတင်မောင်၊ မြန်မာ့မဟာဂီတ၊ အငြိမ့် စသောစာအုပ်များကို ပြုစုရေးသားခဲ့သည့် ဒေါ်ဒေါ်လူထုဒေါ်အမာဟူသည် ပွဲကြိုက်ခင်တစ်ဦးဟုသုံးသပ်လျှင် မှန်သည်ဆိုငြား တကယ်တော့ ခေတ်မီ၍ အအုပ်အစီးကောင်းသည့် ကြေးရေတက်မိသားစုက မွေးဖွားကြီးပြင်းခဲ့သော မန္တလေးသူတစ်ဦးမို့ ပွဲတိုင်းကျော်တော့ မဖြစ်ခဲ့။
ဒေါ်ဒေါ့် ပြောစကားများအရသော်လည်းကောင်း၊ ရေးသားခဲ့သော စာများအရလည်းကောင်း အငြိမ့်ပွဲလောက်သာပင် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ယပ်ဝင်းဘုရားပွဲမှသာ ကြည့်ရသည်ဆို၏။ ဒါတောင် ပွဲခင်းကမငြိမ်မသက်ဖြစ်လျှင် ချက်ချင်းပြန်ကြရသည်။ ရုံဇာတ်ပွဲများဆိုလျှင် မိဘအုပ်ထိန်းသူများပါမှ တစ်ခါတစ်ရံ ကြည့်ရသည်။
အိမ်မှာဆေးရိုးပွဲရုံနှင့် ဆေးလိပ်ခုံရှိသောကြောင့် အလုပ်သမတွေ ဆေးလိပ်သမတွေက ပွဲကြိုက်ခင် ပွဲတိုင်းကျော်များဖြစ်သောကြောင့် ဆေးရိုးလှန်းရင်း၊ ဆေးလိပ်လိပ်ရင်းတဟိုဟို သီဆိုကြသည့် ဇာတ်သီချင်းများ၊ ဇာတ်ကတစာစာခင်းကြသည့် ဇာတ်ထုပ်များ၊ အတောမသတ် ရေပက်မဝင်ပြောကြသည့် ဇာတ်မင်းသား မင်းသမီး လူပြက်လူကြမ်းများအကြောင်းက နိစ္စဓူ၀ မကြားချင်အဆုံးဖြစ်လိမ့်မည်။
အရောင်းအဝယ် ကုန်သည်ပွဲစားသမီးဖြစ်သော်လည်း အနုပညာ ဝါသနာသာမက ပါရမီလည်းရှိလေတော့ အပြောကောင်းအဆိုကောင်းသည့် အလုပ်သမဆေးလိပ်သမများမှ သာမကပွဲကြိုက်ဆွေမျိုးသားချင်းများမှတဆင့် ကြားသိခဲ့ရသော သုခုမကြောင်းခြင်းရာများကို အခြေခံပြီး ပညာရှင်ကြီးများထံ လေ့လာချဉ်းကပ်မေးမြန်းကာ အနုပညာမြောက်စွာရေးသားခဲ့လေတော့ ပွဲခင်းထဲထိုင်ကြည့်နေသလို ခံစားကြရသည်။
သည်လိုရေးနိုင်ဖို့ကလည်း အနုပညာချစ်စိတ်နှင့် အချိုးကိုက် လုံ့လစိုက်ထုတ်သော လေ့လာအားလည်းဖြစ်သည်။ ထိုမျှမက ၃နားညီတြိဂံကဲ့သို့သော အနုပညာသည်တွေအပေါ် ချစ်ခင်စိတ်လည်း ဖြစ်သည်။ အနုပညာသည်တွေ အခက်အခဲကိုတတ်နိုင်သမျှ ဖြေရှင်းပေးသည်။ ချီးမြှောက်သင့်သူက ချီးမြှောက်သည်။ အနုပညာသည်များ၏ ဂုဏ်ဒြပ်ကို ဖော်ထုတ်သည်။
ဦးလေးလှရှိစဉ်ကာလကဆိုလျှင် ဇနီးမောင်နှံနှစ်ယောက် လိုက်ဖက်ညီလှသည်။ မန္တလေး၏ အနုပညာနှင့် အနုပညာရှင်များရပ်တည်နိုင်ရေး၊ ထိန်းသိမ်းရေး၊ ကျယ်ပြန့်ရေး၊ ခေတ်မီတိုးတက်ရေးတို့ကို စိတ်ရောကိုယ်ပါ ဆောင်ရွက်သည်၊ ကူညီသည်။ ပညာရှင်များကို ဖော်ထုတ်ခြင်းမှတ်တမ်းတင်ခြင်းသာမက တိမ်မြုတ်တော့မည့် ပညာများ၊ သက်ကြီးပညာရှင်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ခဲ့၏။ ရုပ်သေးသဘင် အခြေအနေမဟန်တော့ဘဲ စားဝတ်နေရေးအရ စင်လုံးကျွတ်ဖြုတ်ရတော့မည့် အခြေအနေတွင် အပြုတ်မခံဘဲ ငွေကြေးစိုက်ထုတ်ကာ စင်ထောင်ပေးသည်။ သက်ကြီးအငြိမ့်များလည်းထူထောင်ပေးခဲ့၏။
မန္တလေးတွင် ဆိုင်းဘုရင်ဟု သမုတ်ကြသော မြန်မာ့ဆိုင်းဝိဇ္ဇာကြီး စိန်ဗေဒါ ကွယ်လွန်အနိစ္စရာက်ပြီးနောက် မန္တလေးအနုပညာရှင်များက မန္တလေးတွင် ရွာစားကြီးစိန်ဗေဒါကြေးရုပ် ရှိသင့်သည်ဟု သဘောရကြ၏။ ထို့ကြောင့် ရွာစားကြီး၏ဇနီးဒေါ်စိန်မေနှင့်တကွ ဆရာ၏ တပည့်သားမြေးများ လူထုဦးလှ၊ လူထုဒေါ်အမာဦးဆောင်သော မန္တလေး စာပေအနုပညာရှင်များ မန္တလေးမြို့သူမြို့သားများ ဝိုင်းဝန်းကြပြီးနောက် စိန်ဗေဒါကြီးကြေးရုပ်သွန်းလုပ်ရန် ၁၉၆၈ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြလေသည်။ ကြေးရုပ်ကြီးအတွက် လိုအပ်သောဘဏ္ဍာရေးငွေကြေးများကို စိန်ဗေဒါကြီး၏ တပည့်သားမြေးများက အားတက်သရော ထည့်ဝင်ကြသလို အငြိမ့်အဖွဲ့များဇာတ် အဖွဲ့များကလည်း ထည့်ဝင်ကြသည်။
ထိုစဉ်က မန္တလေးနှင့် နှစ်ကိုယ့်တစ်စိတ်နေခဲ့သော ရုပ်ရှင်မင်းသား ဝင်းဦးကလည်း ထည့်ဝင်ခဲ့သည်။ မန္တလေးမြို့မိမြို့ဖများကလည်း ထည့်ဝင်ကြသည်။ ရန်ကုန်ဇာတ်အဖွဲ့၊ ကြေးရုပ်တုကြီး သွန်းလုပ်ရန်ကိုမူ တမ္ပဝတီရပ်ရှိ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းထံ အပ်နှံကြသည်ဟုသိရ၏။ ဆရာကြီးဦးကျော်ငြိမ်းကား ထိုစဉ်က မန္တလေးပန်တျာနှင့် ပန်းချီပန်းပုကျောင်းတွင် ပန်းပုနည်းပြဆရာကြီးဖြစ်သည်။ သူ့သားကား ယနေ့မှာ နာမည်ကျော်မြန်မာဗိသုကာနှင့် ပန်းချီပန်းပုဆရာကြီး ဦးဝင်းမောင်(တမ္ပဝတီ)ဖြစ်သည်။ ဦးကျော်ငြိမ်း၏ ဖခင်ကားပန်းပုဆရာကြီးဦးဒေါနဖြစ်၏။
စိန်ဗေဒါကြီးကြေးရုပ်မှာ ထိုစဉ်က သွန်းလုပ်လေ့ရှိကြသော ကြေးရုပ်များနှင့် မတူဘဲ တစ်မူထူးသည်။ ကိုယ်တစ်ပိုင်းပုံကြေးရုပ်ကြီးဖြစ်၏။ ကမ္ဘာတည်သရွေ့ တည်နေပေမည့် ကြေးရုပ်ကြီးကို ဆရာဦးကျော်ငြိမ်းနှင့်သား ကိုဝင်းမောင်(တမ္ပဝတီ)တို့က ပုံစံငယ် ဖယောင်းပုံထုလုပ်ပြီးနောက် ဒေါ်စိန်မေနှင့်တကွ လူထုဦးလှ၊ လူထုဒေါ်အမာတို့ အပါအဝင် ကြေးရုပ်သွန်းလောင်းရေးကော်မတီဝင်များကို ပြသသည်။ ပုံစံငယ်ကတည်းက အားလုံးကြိုက်နှစ်သက်နေ၏။
ရွာစားကြီးဒေါ်စိန်မေသည် ထိုစဉ်က အမြင်အာရုံချို့ယွင်းစပြုနေသော်လည်း ကြေးရုပ်ကြီး၏မျက်နှာကို လက်ဖြင့် ပွတ်သပ် စမ်းကြည့်ရင်း တူလွန်းလို့ဟုဆိုကာ မျက်ရည်တွေကျသည်ဟု ကြားဖူးပါသည်။
ပုံစံငယ်အတိုင်း သတ်မှတ်ထားသည့်အရွယ် ကြေးရုပ်ကြီးသွန်းလောင်းသည်။ ပြီးသောအခါတွင်လည်း ဒေါ်စိန်မေသည် ကြေးရုပ်ကြီးမျက်နှာကို ပွတ်သပ်ကြည့်ကာ ပီတိဖြစ်နေသည်ဆို၏။
ကြေးရုပ်ကြီးသွန်းလောင်းပြီးသောအခါ လိုက်ဖက်သောခံ့ညားသည့်
အောက်ခံခုံဒီဇိုင်းကိုလည်း ဗိသုကာ ဦးကျော်လတ်က တစ်ပါတည်းရေးဆွဲပေးသည်။ ထိုခုံကြီးကား မန္တလေးမြို့မြောက်ဘက် စကျင်တောင်မှ ထွက်သောနာမည်ကျော် စကျင်ကျောက်တုံးကြီးတစ်တုံးတည်းကို ထုလုပ်ပုံလောင်းထားသော ခုံကြီးဖြစ်သည်။
ထို့နောက် ကြေးရုပ်ကြီး စိုက်ထူမည့်နေရာကိုရွေးချယ်ကြသည်။ အားလုံးသဘောတူကြသည်။ အရှေ့ကျုံးလမ်းနဘေး ပန်တျာ ကျောင်းဝင်းကြီးအတွင်း၌ပင် ဖြစ်၏။ မြက်တောကြီးဖြစ်နေသော ကွင်းပြင်ကြီးတွင် ရင်ပြင်ကြီးပြုလုပ်ပြီး ကြေးရုပ်ကြီး စိုက်ထူလိုက်ရလျှင် အလွန်အဆင်ပြေလှပေသည်။ အနောက်ဘက် နန်းမြို့ရိုးဆီလှမ်း၍ ကြည့်နေသော ရွာစားကြီးသည် အတွင်းတော်တီး စိန်ဆိုင်း အမှုထမ်းဆရာဖေကြီးကို လွမ်းဆွတ်နေသလော။ သို့တည်းမဟုတ် နေမျိုးဗလကျော်သူဘွဲ့ ချီးမြှင့်ပေးသနားသည့် ရတနာဂီရိလွန် အရှင်နှစ်ပါးကိုသတိရနေသလော …မသိ…။
အားလုံးက ထိုနေရာကို သဘောကျကြသောအခါ ကြေးရုပ်နောက်ခံနှင့် ပတ်ဝန်းကျင်အနေအထားများကို ဗိသုကာဦးကျော်လတ်က အသေးစိတ်ရေးဆွဲစီစဉ်ပေးထား၏။ သို့သော် သက္ကရာဇ် ၁၃၄၄ခုနှစ် (ခရစ်နှစ် ၁၉၈၂ )တွင် နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ နှစ်၁၀၀ပြည့်အမီ ကြေးရုပ်ကြီးစိုက်ထူထားရှိရေး အားလုံးက သဘောကျသည့်နေရာကို ရရှိဖို့ကမလွယ်သေး၊ ခက်ခက်ခဲခဲ ကြိုးပမ်းရသည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေတွင် ဦးလေးလှ၊ ဒေါ်ဒေါ်နှင့်အတူ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ကဲ့သို့သော မန္တလေးကပညာရှင်ကြီးတွေ အနုပညာမြောက်စွာ ကြိုးပမ်းခဲ့ကြတာ အမှတ်တရဖြစ်ပါ၏။
#voiceofmyanmar #VOM #ဆောင်းပါး #ဆူးငှက်