ရေဦးခရိုင်ထဲမှာ လူသတ်မှုပေါင်း ၁ ရာကျော်နဲ့ ၊ သေဆုံးသူ ၃ ရာနီးပါရှိနေပြီ

သြဂုတ် ၊ ၁ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင်ထဲက ရေဦး ၊ တန့်ဆည် ၊ ဒီပဲယင်း စတဲ့ မြို့နယ် ၃ ခုမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇူလိုင်ကနေ ဒီနှစ် ဇူလိုင်လ အထိ ၁ နှစ်တာကာလအတွင်း လက်သည်မပေါ်တဲ့ လူသတ်မှု ၁ ရာကျော်နဲ့ သေဆုံးသူ ၃ ရာနီးပါအထိရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

သေဆုံးသူတွေကတော့ ပညာရေးဝန်ထမ်းတွေ ၊ ကုန်သည်ပွဲစားတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ရဲဝန်ထမ်း မိသားစုတွေ ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေ ၊ တခြားနယ်က လာတဲ့ ဧည့်သည်တွေ ပါဝင်တယ်လို့ သိရပါတယ်။

” အသတ်ခံရလို့ သေဆုံးသူတွေထဲမှာ မိသားစုလိုက် အသတ်ခံရတာတွေ ပါဝင်နေသလို ၊ ၅ လောင်းပြိုင်တို့ ၃ လောင်းပြိုင်တို့ အသတ်ခံရတာတွေ ပါဝင်တယ် ၊ ဘယ်သူတွေက သတ်တယ်ဆိုတာ လက်သည် အခုထိ မပေါ်ဘူး ” လို့ ရေဦးမြို့ခံ တယောက်က ပြောပါတယ်။

မနေ့ ဇူလိုင်၃၁ရက မနက်ပိုင်း ၉ နာရီဝန်းကျင်က ရေဦးမြို့နယ် ၊ နှောကုန်းကျေးရွာနားက မူးဘောင်လမ်းပေါ်မှာ အမျိုးသမီး ၁ ဦး ခေါင်ပြတ် အသတ်ခံရပြီး ၊ အမျိုးသား ၁ ဦးလည်း လည်လှီး သတ်ဖြတ်ထားတဲ့ အလောင်း ၂ လောင်း စွန့်ပစ်ထားတဲ့အတွက် ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက သွားရောက်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။

ရေဦးခရိုင်ထဲက မိသားစုလိုက် အသတ်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီးတော့ အငြိမ်းစား တရားရေး ဝန်ထမ်းဟောင်း တဦးက

” ဒီပဲယင်းနယ်မှာဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၆ ရက်မနက်က ညောင်လှရွာမှာ ကိုခင်မောင်အေး ၊ ဒေါ်မူမူဝင်း မိသားစု ၊ ၅ ရက်က ဆင်ဝပ်ကုန်းရွာနေ ကိုခင်ဇော် ၊ မတူး မိသားစု ၊ ၁၈ ရက်က မကျည်းစောက်ရွာနေ ကိုထွန်းမင်းနိုင် ၊ မမာလွင် မိသားစု ၊ ၂၆ ရက်က စိုင်ပြင်နေ ကိုအောင်နိုင်စိုး ၊ မစံပယ် မိသားစု အသတ်ခံရတာ ” လို့ ပြောပါတယ်။

ဒါ့အပြင် ရေဦးခရိုင် တန့်ဆည်မြို့နယ်ထဲမှာလည်း အလားတူ မိသားစုလိုက် အသတ်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး

” ပြီးခဲ့တဲ့နှစ် ၊ အောက်တိုဘာ ၉ ရက်က ကာပေါင်းကျ အနောက်ရွာမှာ သက်ကြီးရွယ်အို မိသားစုဟာ ၊ မိသားစုလိုက် သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ အဲ့ဒီရွာက ဦးစက်ကြိုင် အသက် ၇၃ နှစ် ၊ သူ့မိန်းမ ဒေါ်စောကြည် အသက် ၇၃ နှစ်နဲ့ သူတို့ရဲ့ သားမက် ကိုတင်ထွန်းနိုင် အသက် ၄၀ နှစ်ဆိုတဲ့ ၃ ယောက် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၂ ရက်ကလည်း တန့်ဆည်မြို့နယ်ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်လောက်ဝေးတဲ့ ကျီကုန်း(တောင်) ရွာမှာနေထိုင်တဲ့ မိသားစု ၂ စု ၊ လူ ၄ ယောက် ဟာ မိသားစုလိုက် အသတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ အကြောင်းကိုတော့ ကံထူးမရွာခံ တယောက် က

” အသတ်ခံရတာက ရဲမိသားစု ၁ စု မဟုတ်ဘူး ၊ ၂ စု ဖြစ်တယ် ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ရဲမေ တစ်ယောက်ရဲ့ မိဘ ၂ ပါးဖြစ်တဲ့ ဦးရဲမြင့် အသက် ၅၇ နှစ်နဲ့ ဒေါ်စန်းနိုင် အသက် ၅၇ နှစ် အသတ်ခံရတာဖြစ်တယ် ၊ နောက်မိသားစု ၁ စုက ကံထူးမ နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ဒုတပ်ကြပ် ၁ ယောက်ရဲ့ မိန်းမ ဒေါ်ကေခိုင်ဦးနဲ့ သူ့ကလေး အသတ်ခံရတာ ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၉ ရက်က တန့်ဆည်မြို့နယ် မဟာမြိုင်တောကြီးနယ်စပ်က ရွှေတူးဖော်ရေး လုပ်ကွက်ထဲမှာ လူ ၅ ယောက်ရှိတဲ့ မိသား ၁ စု အသတ်ခံရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါတယ်။

” သေဆုံးသူတွေက ကပေါင်းကျ ရွာက မိသားစုဖြစ်တယ် ၊ ဦးစန်းဝင်း အသက် ၄၈ နှစ် ၊ ဒေါ်မိချစ် အသက် ၅၂ နှစ် ၊ မောင်ဇော်မင်းထွန်း အသက် ၁၈ နှစ် ၊ မောင်ဇော်မင်းသူ အသက် ၁၆ နှစ်နဲ့ မောင်အောင်မျိုးသူ အသက် ၁၁ နှစ် ဖြစ်ကြပြီး သူတို့ မိသားစု ၅ ယောက်စလုံးဟာ ရွှေတူးဖော်ရေး မျှောတဲမှာရှိနေချိန် အသတ်ခံရတာ ” လို့ ဒေသခံတယောက်က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် နေ့ခင်းပိုင်းက တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက်နေ ရွှေတူးဖော်ရေးလုပ်ငန်းရှင် လင်မယား ၂ ​ယောက်ဟာ တန့်ဆည်မြို့ကနေ အနောက်မြောက်ဘက် ၁၃ မိုင်လောက်ဝေးတဲ့ ရွှေလုပ်ကွက်ရှိတဲဲ့နေရာကို ကားနဲ့အသွား သစ်စေးကိုင်းရွာနဲ့ ငှက်ပျောတောရွာအကြား မူးဘောင်ပေါ်နေရာအရောက်မှာ သေနတ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်ခံရတဲ့အတွက် အသက် ၄၆ နှစ် အရွယ် ဦးဝင်းဆန်းဦးဆိုသူဟာ သူ့ရဲ့ကားနောက်ခန်းထဲမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပြီး သူ့ရဲ့ မိန်းမဖြစ်သူ အသက် ၄၀နှစ် အရွယ်ကတော့ ကျည်ဆံထိမှန် ဒဏ်ရာ ၂ ချက်ရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် အသက်သေဆုံးခြင်း မရှိဘူးလို့ တန့်ဆည်နယ်ခံတွေရဲ့ အပြောအရ သိရပါတယ်။

​အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ရုံးတွေက အမှုဖွင့်ထားတယ်လို့ သိရပေမယ့် တရားခံဖမ်းမိတယ်လို့တော့ မသိပါဘူး။

#voiceofmyanmar #VOM #ရေဦးမြို့နယ်ကလူသတ်မှုများ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW