မန္တလေးမှာ မီလျံနာရွှေဆိုင်ဓားမြတိုက်ခံရ ရွှေတပိဿာဝန်းကျင်ပါသွား

မန္တလေး၊ ဇူလိုင်- ၂၀- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်မှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက်ခံရလို့ ရွှေတပိဿာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။
” ဖြစ်စဥ်က ဓားပြတိုက်တဲ့သူ သုံးဦးက ဆိုင်ထဲကိုဝင်လာပြီး ကောင်တာမှန်တွေခွဲပြီး ရွှေတွေယူသွားတာပါ အထဲကို လူသုံးယောက်ဝင်လာတာ ဆိုင်ကယ်က သုံးစီး၊ အပြင်မှာလည်းစောင့်နေကြတာ ရှိသေးတယ်၊ ရွှေဆိုင်က ဝန်ထမ်းတယောက် ခေါင်းပေါက်သွားတယ်” လို့ မီလျံနာရွှေဆိုင်က ဝန်ထမ်းတဦးကပြောပါတယ်။
ဖြစ်စဥ်မှန်ကန်ပြီး CCTV မှတ်တမ်းတွေ စစ်ဆေးနေကာ တရားခံဖမ်းမိဖို့ ပိတ်ဆို့ရှာဖွေရေးတွေလုပ်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၂နဲ့ ၇၃ လမ်းကြားရှိ အောင်ရွှေဆိုင်မှာ သိန်းပေါင်း (၁၁၀၀၀)ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။
၂၀၂၄၊ ဇန်နဝါရီ ၁၉ ရက်က မန္တလေးမြို့၊ မဟာအာင်မြေမြို့နယ်၊ ၃၉ လမ်း၊ ၈၄နဲ့ ၈၅ လမ်းကြားရှိ ဆယ်သန်း ရွှေဆိုင်မှာ သိန်း ၆၀၀၀ ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရပါတယ်။
ဒါ့အပြင်၂၀၂၄၊ မေ ၃၁ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ရွှေ ၂ပိဿာခန့် ဓားပြတိုက်ခံခဲ့ရတာ ဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၄၊ စက်တင်ဘာ ၁၀ ရက်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနဲ့ ၁၀၁(B)လမ်းထောင့်နေ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူရဲ့ နေအိမ်မှာ မြို့ထဲကို ရွှေဆိုင်သွားဖွင့်ဖို့ ပြင်နေချိန် အမျိုးသား (၇) ဦးက သေနတ်တွေကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ (၁၀)ပိဿာကျော်နဲ့ ကျပ်သိန်း (၁၀၀၀)ခန့်တို့ ဓားပြတိုက်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၄၊ ဒီဇင်ဘာ ၁၈ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက် ရပ်ကွက်၊ ၇၇လမ်း ၃၆-၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင်မှာ ရွှေ ၄ ပိဿာခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း ၃၂ နဲ့ ၃၃လမ်းကြားရှိ နဂါးနန်းတော် ရွှေဆိုင်မှာ ရွှေ ၁ ပိဿာ ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။
အဲ့ဒီ နဂါးနန်းတော် ရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာလည်း အမျိုးသားတဦးက ဓားပြတိုက်ဖို့ လာခဲ့ချိန် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အထက်ပါဖြစ်စဉ် တွေထဲက အချို့ဓားပြမှု တွေကတော့ တရားခံဖမ်းဆီးရမိတာ ရှိခဲ့ပြီး အချို့က တော့ လက်ရှိအချိန်ထိ တရားခံမပေါ်သေးဘူးလို့လည်း မြို့ခံတွေနဲ့ သတင်းမှတ်တမ်း တွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW