ဆူးငှက်
တကယ်တော့ “တောင်သမန်” ဟူသည် ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် ပဒုံမင်း ခေါ် ဘိုးတော်ဘုရားက အင်းဝရွှေနန်းမှ အသစ်ပြောင်းရွှေ့ နန်းစိုက်သော အမရပူရရွှေမြို့တော် မတည်ထောင်မှီ နှစ်ပေါင်းထောင်ချီ ကတည်းက တည်ရှိခဲ့သောမြစ်ကျိုးအင်း တစ်အင်းဖြစ်သည်။ ဒုဋ္ဌဝတီ ခေါ် မြင်ငယ်မြစ်က မြစ်မဧရာဝတီအတွင်း စီးဝင်ရာတွင် ပြောင်းလဲလာသော ဘူမိဗေဒသဘောအရ မြစ်ကြောင်းပြောင်းလဲပြီး မြစ်ကျိုးအင်းအဖြစ် တည်ရှိခဲ့သည်ဟု ဆိုသည်။ မြစ်ကျိုးအင်း၏ သဘော သဘာဝအရ မိုးတွင်းကာလ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်အချိန်တွင် မြစ်မနှင့်မြစ်ငယ်အတွင်းမှ တိုးရေက အင်းအတွင်း ဝင်ရောက်ကာ ဝန်းကျင်တခို ရေပြည့်ရေလျှံဖြစ့စ်သွားတော့သည်။
တောင်သမန်ဟူသော အမည်နာမကလည်း ဘုရားရှင်လက်ထက်ကတည်းက ရှိသတဲ့။ စစ်ကိုင်းအရပ်က နတ်ဘီလူး ၉၉ယောက်ကို သောတာပန် တည်အောင် ဘုရားရှင်က တရားဟောပြီးနောက် နတ်ဘီလူးများ တောင်းပန်ချက်အရ အရှေ့ဘက်အရပ်ရှိ “ငတောင်သမန်၊ ငတောင်မြင့်၊ ငတောင်ကျည်း၊ ငတောင်ပြုံး”အမည်ရှိ နတ်ဘီလူး လေးယောက်တို့ကိုလည်း
ဆက်လက်တရားဟောဖို့ အင်းမြောက်ဘက် ဘဲတော်ကုန်းအရပ်သို့ ကြွရောက်သတဲ့။ နတ်ဘီလူး ငတောင်သမန် အပိုင်စားနေထိုင်ရာအရပ်သို့ ကြွရောက်သတဲ့။ နတ်ဘီလူး ငတောင်သမန် အပိုင်စား နေထိုင်ရာ အရပ်မှာမို့၊ အဆိုပါ မြစ်ကျိုးအင်းကို “တောင်သမန်အင်း”အမည်တွင်ခဲ့တာ ဖြစ်မှာပေါ့။
ဘိုးတော်ဘုရားလက်ထက်တွင် မင်းသားမောင်ကုတ်တေးက အမရပူရမြို့ဘွဲ့ ကြိုးသီချင်းကို ရေးစပ်သောအခါ အမရပူရ၏ အထင်ကရဖြစ်သော တောင်သမန်အင်း အလှဖြင့် ကနဦး ဖွင့်ဆိုရေးစပ်ခဲ့သည်။ အမရပူရဟု ပြောလိုက်သည်နှင့် တောင်သမန်က မပါမဖြစ် ပါရှိရသည်။ မိုးတွင်းကာလ သုံးလ၌ တောင်သမန်အင်းအတွင်း ရေဘောင်ဘင်ခတ်ကာ တောင်လေအမြူး အင်းအတွင်း လှိုင်းကြက်ခွပ်များ ဆော့ကစားသလို ပြေးလွှားကမ်းကပ်ကြပုံကိုလည်း ဗျသီဆယ်ရွာစား ဦးလွန်းပြေက “တောင်သမန် လှိုင်းကြက်ခွပ်သံ ကြိုး”” သီချင်းကြီးဖြင့် စပ်ဆို သရုပ်ဖော်ခဲ့သေးသည်။ ကဆုန်၊ နယုန် အချိန်အခါမှစ၍ တိုးရေတို့ ဝင်ခဲ့ပုံက ယူဇနာပေါင်းသာင်းချီကျယ်ဝန်းတဲ့ရေပြင်ကျယ်ကြီးဖြစ်သွားသတဲ့။ ထိုရေပြင်ကျယ် အံ့မခန်းဟာဖြင့် “တောင်သမန်အင်း”ပါလို့ ဟစ်ကြွေးဂုဏ်ယူလိုက်သည့် သဘောသရုပ်လည်း ပေါ်စေသည့် အဖွဲ့အနွဲ့ဖြစ်သည်။
တောင်သမန် အင်းပြင်ကျယ်ကြီးထဲ ငါးတွေ …၊ ငါးတွေကလည်း ပေါများလိုက်ပါဘိ…။ ငါးမြစ်ချင်းတဲ့ …၊ ငါးတံတဲ့ …၊ ငါးခုံးမတဲ့…၊ ငါးလူးတဲ့၊ ငါးလဲတဲ့ …၊ ငါးနောက်သွားတဲ့ …၊ ငါးတွေ … ငါးတွေကအင်းတွင်း မူးပျော်ကူးခတ်ကြပြီး၊ အင်းကမ်းနားမှာ ခိုနေကြသည်မှာ ကမ်းပြိုလုလုတဲ့လေ။
မိုးရာသီမှာဖြင့် တောင်သမန်းအင်းရေပြင်ကျယ်ကြီးထဲ ဒေသမျိုးရင်း ငါးများပါက်ပွား လာကြသဖြင့် အမရပူရရွှမြို့တော်သူ ရွှေမြို့တော်သားတို့ ဟင်းခွက်ထဲ ငါးဟင်းအလျှံပယ်။ ဆွမ်းခံကိုယ်တော် သပိတ်တွေထဲလည်း၊ ငါးကြော်၊ ငါးချက်၊ ငါးဟင်းရနံ့ သင်းပျံ့မွေးသတဲ့။ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင် မိုးတွင်း လေးလတွင်း၊ တောင်သမန်အင်းက တိုးရေ တက်ရေတို့ဖြင့် ပင်လယ်ကြီးတမျှ ကျယ်ဝန်းပြီးနောက် တော်သလင်း သီတင်းကျွတ် မှစ၍ ရေအငယ် ရေအဆုတ်၌ အင်းအတွင်း တင်မြေနုတို့ ပေါ်သည်။ အညာ ဆောင်းအဝင် နှင်းခြုံလွှာပါးပါးအောက်၌ ချောင်းရေစပ်စပ်အတွင်း ဘဲအုပ်တို့က ကူးခတ်လျက်။တင်မြေနုတွင် ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား ပြောင်းနှံ ပြောင်းဖူးတို့ စိုက်ရန် ထွန်သူထွန်၊ ထယ်သူထယ်မို့၊ ခလောက်သံ ခူသံတို့ အင်းအတွင်း ညံခဲ့လေပြီ။ အင်းရေအကျ ချောင်းစပ်နံဘေး ကိုင်းပင်ကိုင်းတောတွေမှာလည်း …
““ပျံဝဲ ယှဉ်နွဲမာင်နှံ၊ ငှက်တည့်ငှက်ပေါင်းညံစာနှံ တောင်ပံနီတွတ်၊ နှမနည်းသည့် မောင်ငယ်မှာ သင်တည့်သာ သင်တိုင်းဝတ် ချည်ခင်စွပ်ကယ် ကြင်ဖော်သွေးလို့လေ…””ဟု ဆိုသလို ငှက်ပေါင်း သာရကာတို့ အသံလည်း စီစီညံကြလေ၏။ နှောင်းခေတ် ““သာရကာဗေဒ””သမားများကမူ၊ အအေးပိုင်းဒေသ မှ ဆောင်းခိုငှက်တို့၊ မိုင်ပေါင်းသောင်းချီဖြတ်သန်းကာ ရောက်ရှိဆောင်းခိုကြသည့် “တောင်သမန်”ဟုလည်း မှတ်တမ်းတင်ကြသည်။
ဘာပဲပြောပြော တောင်သမန်ကဖြင့် ဘယ်အချိန် ဘယ်ရာသီ ကြည့်ကြည့် ပန်းချီကား တစ်ချပ်ကဲ့သို့ အလှကြီးလှနေတာ သေချာသည်။ ဒီအလှကား မြဝတီမင်းကြီး ဦးစ ရေးခဲ့သော သာရကာကျေးငယ်တို့ အစချီ ပတ်ပျိုးလေးနှင့် ရသမြောက်စွာ လိုက်ဖက်လှသည်မို့ နားဆင် ကြည့်ကြပါဘိလေ…
ဤသို့ဖြင့် “တောင်သမန်” သည် နှင်းဝတ်ရုံ ပါးပါးမှ ထူထူသို့ “ချမ်းပုံကို လမ်းဆုံက ဟစ်ရသည့်”
ကာလများကို ယာတဲလေးများ၏ မီးအိုးအူအူဖြင့် အနွေးဓာတ် ယူခဲ့သည်။ ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား ပြောင်းနှံပြောင်းဖူးတို့လည်း ရင့်မှည့် ဆွတ်ခူးပြီးပေါ့။ ကိုင်းမြေ ကိုင်းတောမှသည်၊ ပဲစိုက် ယာခင်းများ အသွင်ပြောင်းပေါ့။ တပို့တွဲ တပေါင်း ကာလအလွန် နှင်းဝတ်ရုံ ရုတ်သိမ်းအပြီး ဥသြငှက်သံနှင့် အတူ“တောင်သမန်” ပန်းချီကားက အဝါရောင်ဘက်၊ လုလာပြီပေါ့။ရောက်ပြီလေ။ လင်းလင်းချင်းချင်း နေရောင်ခြည်အောက်မှာ ကိုင်းပင်တို့ ရှည်လျားယိမ်းနွဲ့။ ကိုင်းပင် ကလနားသပ် ချောင်းရေထဲမှာ ပျိုးပင်၊ ပျိုးထုပ် တင်လှေကလေးနှင့်၊ သမ္ဗာန်တစ်စင်း “အိပွဲ့၊ အိပွဲ့…”။ သင်္ကြန်စာ အလိုအရ မိုးဦးစောမတဲ့ ။ ဒါကြောင့် ယာစခန်းကို ဝီရိယပိုဖို့ လိုနေပြီလေ။ ဒီကြားထဲ အင်းဝန်းကျင်တွမှာ
အလှူအတန်းက အများသား.။ ပွဲကြည့်လို့ အိပ်ရေးပျက်ပြီး ယာအလုပ် ကိုင်းအလုပ် နားလို့မရ။ တပေါင်းတန်ခူးမို့ သားကျူးတော့မည်လေ…။
အမရပူရရွှမြို့တော်သည် တောင်သမန်အင်းကြောင့် အလှဂုဏ်သတင်း ပို၍ကွယ်လေသည်။ ““အင်းအိုင်စိုက်လည်၊ ဘိုးတော်တည်၊ ရွှေပြည်အမရ၊ သာမောစွ…”” ဟု ရှေးရှေးစာဆိုရှိသည်သာမက ခရစ်နှစ် ၁၇၉၅ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် တောင်သမန်သို့ ရောက်ရှိလာသော၊ အိန္ဒိယပြည် ဘုရင်ခံချုပ်၏ သံတမန် ဗိုလ်ကြီးမိုက်ကယ်ဆိုင်း က ““သူသည် ဥရောပနှင့် အာရှတစ်ခွင် ခရီးလှည့်လည်နေသူ ဖြစ်သည်။ ဤတောင်သမန်လောက်၊
သာယာကြည်နူးဖွယ်ကောင်းသည့်နေရာ မတွေ့ခဲ့ပါ။ ဤနေရာမျိုးမှာ ဤမျှ လှပလိမ့်မည်ဟုလည်း မထင်ခဲ့ပါ။ ယခုတော့ ရင်သပ်ရှုမော အံ့သြလောက်အောင်ပင် လှပနေပါသည်”” ဟု မှတ်တမ်းတင်ခဲ့သည်။
သက္ကရာဇ် ၁၁၄၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် ထီးပေါင်းကားအရပ်၌ အမရပူရရွှေမြို့တော် တည်ရန် ရှင်းလင်းစေပြီး ထိုနှစ် ပြာသိုလပြည့်ကျော် ၁၁ ရက်နေ့၌ ရွှေပန္နက် ငွေပန္နက်စိုက်ခဲ့ကာ ၁၁၄၅ ခုနှစ် နယုန်လဆန်း ၅ရက်၊ တနင်္လာနေ့ ပြာသာဒ်တော်ရွှေထီး၊ ပလ္လင်တော်ရှစ်ရပ်များ တင်ခဲ့သော မြနန်းဘုံစံရွှေနန်းတော်ကြီးနှင့် ကျုံးတော်ရွှေမြို့တော်၊ ရွှေဂူတော်၊ကျောင်းတော်၊ ပိဋိကတ်တိုက်တော်၊ ကန်တော်ဟူသော ခုနစ်ဌာန၏ အတင့်အတယ်ထက် နိုင်ငံခြား သံတမန်တို့က “တောင်သမန်” ၏အလှကို အဘယ့်ကြောင့် ထူးထူးခြားခြား စာဖွဲ့ မှတ်တမ်းတင်ကြလေသနည်း…။
အင်းကြီးတောင်သမန်၏ သုံးရာသီ၊ သုံးပန်လှ အံ့မခန်း ရှုမငြီး သဘာဝအလှကြောင့်ဟု ကောက်ချက်ချရသော် လွန်အံ့ မထင်…။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး