မီးကပျက် ကုန်ကြမ်းမရနဲ့ အခက်တွေ့နေတဲ့ ‌အသေးစား၊ အလတ်စား လုပ်ငန်းများ

နိုဝင်ဘာ ၂၂ – ၂၀၂၂
SN (VOM)

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြောင့် အထိနာနေတဲ့ အသေးစား၊ အလတ်စား (SME) လုပ်ငန်းတွေဟာ လက်ရှိ ပြည်တွင်းမှာ အချိန်ကြာမြင့်စွာ မီးပျက်မှုတွေနဲ့ ကုန်ကြမ်းမရရှိတာတွေကြောင့် ပိုပြီး အခက်ကြုံနေကြရပါတယ်။

နစက က နိုင်ငံကို သူတာဝန်ယူစဉ်အတွင်းမှာ နိုင်ငံ့စီးပွားရေး ဦးမော့လာကြောင်းနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် ချေးငွေ ထုတ်ပေးသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ အခုအချိန်အထိ ဘာမှ ဖြစ်မလာသေးတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်တွေ မပိတ်ရဖို့အတွက် အသည်းအသန် ကျားကန်နေရတာပါ။

SME လုပ်ငန်းတွေဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတဲ့နောက် ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်တာ၊ ဒေါ်လာဈေး မတည်ငြိမ်တာ၊ စက်သုံးဆီဈေး မြင့်တက်နေတာတွေကြောင့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။

“မီးကိုတောင် အခုထိ ပုံမှန်ဖြစ်အောင် ပြန်မပေးနိုင်သေးဘူး။ တခြားဟာတွေ မျှော်လင့်ဖို့ကတော့ အဝေးကြီးပါ။ အလုပ်ဆိုတာကလည်း မီးမှန်မှ အချိန်မှီပြီးမှာလေ။ မီးမလာတော့ ဒီဇယ်တွေကလည်း ထင်သလောက် ဈေးမကျသေးဘူး။ ဝင်ငွေနဲ့ထွက်ငွေက မမျှတတော့ လုပ်ငန်းဆက်ပြီး လည်ပတ်ဖို့က ဘယ်လိုမှအဆင်မပြေဘူး”လို့ SME လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် ဒေါ်လာငွေ ထိန်းချုပ်ထားတာကြောင့် SME လုပ်ငန်းတွေအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူရာမှာလည်း ဈေးနှုန်းအဆမတန် ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လျှပ်စစ်မီး မမှန်တာကြောင့်လည်း လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

“စီးပွားရေးအခြေအနေက မကောင်းဘူး။ အရင်ထက်စာရင် အရောင်းအဝယ်က သုံးပုံတပုံလောက်တောင် မရှိတော့ဘူး။ SME လုပ်ငန်းတွေက မြေပြင်မှာ ခက်ခဲနေတယ်။ ပစ္စည်းတွေက ဈေးနှုန်း အရမ်းတက်တော့ အရောင်းအဝယ်က ပါးတယ်။ ရောင်းမထွက်ဘူး။ တဖက်မှာလည်း ဈေးက တအားကြီးလိုက်တက်လို့ မရဘူး။ ရှိတဲ့ အလုပ်သမားတွေကိုပဲ ထိန်းချုပ်ရတာပေါ့။ ထမင်းစားရဖို့ပဲ။ ထမင်းစားရုံလောက်ပဲ နေနေတယ်။ အလုပ်မပိတ်ရတာ ကံကောင်းလို့ပဲ ပြောရမယ်။ ကိုယ့်ထက်ဆိုးတဲ့ လူတွေ အများကြီးပဲရှိတယ်”လို့ သူက ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်း ကာလအတွင်း သစ်သားကုန်ကြမ်းတွေ ဝယ်လို့မရတာကြောင့်လည်း လုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံနေရတယ်လို့ မန္တလေးတိုင်းအတွင်းက လက်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်မှုလုပ်ငန်းတွေမှာ အဓိက အသုံးပြုရတဲ့ သစ်သားကုန်ကြမ်းတွေ ရှားပါးတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းတာ၊ ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုမရှိတဲ့အတွက် လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ အခက်အခဲရှိနေကြတယ်လို့ ညောင်ဦးဒေသက ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ကျွန်တော်က ယွန်းထည်တွေရောင်းတာပါ။ အခုချိန်က နိုင်ငံခြားသားဝင်ရောက်မှုက မရှိသလောက် ဖြစ်နေတော့ လုပ်ငန်းက ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းနေပြီ။ ကုန်ကြမ်း တင်သွင်းတဲ့အခါမှာလည်း လမ်းမှာ ဖွင့်ဖောက် အစစ်ဆေးကြမ်းတော့ ပစ္စည်းတွေ အထိအခိုက်အပျက်အစီး အရမ်းများတယ်။ တချို့လုပ်ငန်းတွေဆို ရပ်နားကုန်ကြပြီ။ SME နဲ့ပတ်သက်ပြီး ကူညီမယ်ဆိုတာ စာရွက်ပေါ်မှာ ပေါ်လစီဖြေလျော့နေရုံနဲ့ မရပါဘူး”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ လက်မှုလုပ်ငန်းချို့ ရပ်ဆိုင်းထားရတဲ့အတွက် အလုပ်သမားတွေဟာ အဆင်ပြေရာ ကျပမ်းအလုပ်တွေကို ပြောင်းရွှေ့လုပ်ကိုင်လာခဲ့ကြပြီး လက်မှုလုပ်ငန်းလုပ်ကိုင်သူတွေ အနည်းအ ကျဉ်းလောက်သာ ရှိတော့တယ်လို့ သိရပါတယ်။

ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေတာတွေကြောင့် လုပ်ခလစာနည်းပါးတဲ့အတွက် လုပ်သားတွေအနေနဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း SME လုပ်ငန်းတွေအနေနဲ့ လက်ရှိမှာ လုပ်သားရှားပါးမှု ပြဿနာကိုပါ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပေါ့။ လုပ်လက်စအလုပ်လေး ပျောက်မသွားအောင်တော့ ကြိုးစားပြီးရပ်တည်နေရတယ်။ ဒီမှာက အစစအရာရာဈေးကြီးနေတော့ တချို့ဆို ဒီမှာဆက်ပြီးစီးပွားမရှာနိုင်တော့လို့ တခြားနိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်ကြတယ်။ အဲ့ဒီတော့ လုပ်သားရှားပါတဲ့ ပြဿနာတခုပါ ထပ်တိုးလာတာပေါ့”လို့ လက်မှုလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်းမှာလည်း ဆေးတံလုပ်ငန်း အပါအဝင် လက်မှုလုပ်ငန်းတွေဟာ သစ်သားကုန်ကြမ်းတွေ ဝယ်ယူလို့ မရတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

အဲ့ဒီ့ပြည်နယ်အတွင်းက ချောင်းဆုံမြို့နယ်မှာတော့ သစ်သားကိုအခြေခံပြီး ဆေးတံ အပါအဝင် အခြား လက်မှုပစ္စည်းအမျိုးမျိုး ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေရှိသလို မိသားစုတစ်ပိုင်တနိုင်ကနေ စီးပွားဖြစ်အထိ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းက အသေးစား၊ အလတ်စား SME ကဏ္ဍတွေမှာ လက်မှုလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းပေါင်း ၂ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီ့လုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေတဲ့ အလုပ်သမားကတော့ သိန်းနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ SME လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိနေတာဖြစ်ပေမယ့် SME လုပ်ငန်းတွေဟာ အခုလက်ရှိကာလအတွင်း လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ကိုတောင် မနည်းရုန်းကန်နေရသလို တချို့လုပ်ငန်းတွေကတော့ အရှုံးပေါ်တာကြောင့် အပြီးတိုင်ပိတ်သိမ်းရတဲ့အထိ ဖြစ်နေပါတယ်။

ဒေသထွက်ကုန်ကြမ်းတွေကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နစကက အောက်တိုဘာ ၁၇ ရက် SME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်းပြောဆိုထားတဲ့အပြင် SME စက်မှုလုပ်ငန်းတွေကနေ ထုတ်ကုန်တိုးမြှင့်သွားမယ်လို့လည်း နိုဝင်ဘာ ၁ ရက်နေ့မှာ ထပ်မံ ပြောဆိုထားပါသေးတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် လုပ်ငန်းရှင်တွေဟာ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရသလို နိုင်ငံတဝန်းမှာ လျှပ်စစ်မီး လာချိန်ထက် ပျက်ချိန် ပိုများနေတာကြောင့်လည်း လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ စီးပွားရေးမူဝါဒတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေ တည်ငြိမ်မှုမရှိရင် စီးပွားရေးက ကောင်းမလာနိုင်တဲ့အတွက် တိကျတဲ့မူဝါဒနဲ့ မြေပြင်အခြေအနေကို အမှန်တကယ် နားလည်အောင်လုပ်ဆောင်ပြီး ထိရောက်တဲ့ အကူညီတွေ ပေးဖို့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #SMEလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW