ဝက်သက်ရောဂါကာကွယ်ရေး ပျံကျရွေ့လျားနေထိုင်သူတွေပါဝင်ဖို့ QGIS စနစ်အသုံးပြုမယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉

TGH (VOM)

ရန်ကုန်တိုင်းအတွင်းက  မြို့နယ် ၇ မြို့နယ်မှာ ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံတဲ့ အခါ ပျံကျရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်ကိုပါ အတိအကျသိရှိနိုင်မယ့် QGIS စနစ်သုံးပြီး ပထဝီမြေပြင် တည်နေရာနဲ့  သတင်းအချက်အလက် စနစ်အသုံးချ ဆောင်ရွက်သွားမယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုပါတယ်။

 

ဒီစနစ်နဲ့  ပျံကျ ရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်တွေကောက်ယူဖို့ ကနဦး စီစဉ်ထားတဲ့ နေရာတွေကတော့ အရှေ့ပိုင်းခရိုင် ထဲက ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့  မြောက်ပိုင်းခရိုင်ထဲက  လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တွေဖြစ်ပါတယ်။

QGIS software အသုံးပြုဆောင်ရွက်တဲ့အခါ  သက်ဆိုင်ရာ နေရာဒေသအလိုက် ကာကွယ်ဆေးထိုးရမယ့်  ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေ တွေရဲ့ တည်နေရာ၊ ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေ၊ ကျန်းမာရေးဌာနတည်နေရာ၊ ကာကွယ်ဆေးထိုးလုပ်ဆောင်ရွက်ရာမှာ အသုံးပြု နိုင်တဲ့ လမ်းကြောင်း၊ တခြားဌာနဆိုင်ရာတွေ အသုံးပြုတဲ့ အခြေပြမြေပုံမှာ  မပါဝင်တဲ့ ပျံကျရွေ့လျားနေထိုင်သူတွေရဲ့ နေထိုင်ရာနေရာတွေ စတဲ့ အချက်အလက်တွေကို ပိုပြီး တိတိကျကျ ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

 

“ဒီအချက်အလက်တွေကို အသုံးချပြီး ကာကွယ်ဆေးနဲ့  ဆက်စပ်ပစ္စည်းတွေ ဖြည့်ဆည်းခြင်း၊ ကာကွယ်ဆေးထိုး စုရပ်နေရာတွေထားရှိခြင်း ကာကွယ်ဆေးထိုးအဖွဲ့တွေ နေရာအလိုက် တာဝန်ခွဲဝေပေးခြင်းတွေကို စီမံပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ QGIS စနစ်ကို တောင်တွင်းကြီးမြို့မှာ စမ်းသပ်အသုံးပြုခဲ့ပြီးပါပြီ။” ဒုတိယညွှန်ကြားရေးမှူး၊ စီမံချက်မန်နေဂျာ (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာထားထားလင်း ကဆိုပါတယ်။

 

ဒါ့အပြင် ပျံကျရွှေ့ပြောင်းနေထိုင်သူတွေ၊ စစ်ဘေးရှောင်စခန်း၊ ပရဟိတ စခန်း၊ ဘုန်းတော်ကြီး ကျောင်းတွေနဲ့  မိဘမဲ့စောင့်ရှောက်ရေးဂေဟာတွေမှာ နေထိုင်တဲ့ ကာကွယ်ဆေးထိုး နှံရမယ့်သူတွေ ကျန်လပ်မှုမရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးလုံလောက်မှုရှိစေဖို့နဲ့ ထိန်းသိမ်းမှု၊ အအေးလမ်းကြောင်းစနစ် ကောင်းမွန်လုံလောက်စေဖို့အတွက်လည်း  ကာကွယ်ဆေးထိုးစုရပ်မှာသာ ကာကွယ်ဆေးထိုးနှံခြင်း၊ ကောက်သင်းကောက် ကာကွယ်ဆေးထိုးနှံခြင်း အားလုံးကို စနစ်တကျရေးဆွဲ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဝက်သက်ရောဂါဟာ  လျင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါမျိုးဖြစ်တဲ့အပြင် ရောဂါရဲ့ ပြင်းထန်မှုနဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် ပြင်းထန်စွာအဆုတ်ရောင်ခြင်း၊ ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ နားအလယ်ခန်းရောင်ခြင်း၊ အမြင်အာရုံထိခိုက် ဆုံးရှုံးခြင်း၊ ဦးနှောက်ရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးအခြေအနေအဖြစ် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

Photo – Medical News

Related posts

Leave a Comment

VOM News

FREE
VIEW