ဆူးငှက်
“ရှေ့ယံငယ် ပတ်ဝန်း၊ မြရောင်ရွှန်း၊
သီလာမြိုင်ဖူး၊ တောင်မှူး ရေတံခွန်
သာဘွယ်လွန်သည့်လေ
စိမ်းလဲ့မောင်း နန္ဒာကြည်ရှင်း
ကန်မင်း အောင်ပင်လယ်မှာ
ကြာမျိုး ငါးသွယ် လှိုင်ကြွယ်မွှေးပျံ့ လှောင်းပါလို့လေး”” မန္တလေးမြို့ဘွဲ့ တျာချင်းတစ်ပုဒ်က ရင်ထဲ စူးဝင်လာသည်။ အုပ်ဆိုင်းနေသည့် ကုက္ကိုပင်အရိပ်ကြီးများက လမ်းမပေါ် လှဲအိပ်နေကြ၏။ စံပယ်ပန်းအနံ့လးတွေ သင်းခနဲ မွှေးမြနေသည်။ လယ်ကွင်းတွေဆီက တိုက်ခတ်လာသောလထဲမှာပင် စံပယ်ရနံ့တို့ စွန်းထင်းသွားသေးသည်။
ဟိုတောင်ဘက်အနား “တဘက်ကျ”စေတီသည် သူ၏ ဆည်းလည်းလေးတွေကို လေးတွဲ့တွဲ့ အသံပေးနေ၏။ပြဒါးသုတ်၊ မှန်အလုံပိတ် ကားရောင်စုံလေးတွေ ဘယ်လိုပဲ အရှိန်ပြင်းပြင်း မောင်းလာပါစေ၊ ဟောသည်နေရာရောက်ရင်ဖြင့် ကားကလေးတွေကို ငြိမ့် ခနဲ ထိုးဆိုက်ကာ တံခါးဖွင့် ဆင်းကြသည်။ ဘီယာမူးနေသော လူငယ်လေးတွေ ဘယ်လိုပင် ရီဝေရီဝေဖြစ်နေပါစေ၊ သည်နေရာရောက်လျှင် တစ်ယောက်ယောက်က သတိဝင်ကာ ကားပေါ်ဆင်းသည်။ ကားမှန် တံခါးအဖွင့်၊ သို့တည်း မဟုတ် ကားတံခါး အပွင့်မှာတော့ စံပယ်ပန်းသည်လေးတွေက စံပယ်ကုံးဖြူလွလွလေးတွေကို ကားခေါင်းထဲက နောက်ကြည့်မှန်မှာ အလုအယက် ချိတ်ဆွဲကြ၏။ အောင်ပင်လယ် နတ်စင်အနား ကုက္ကိုပင်ကြီးတစ်ပင်အောက် ဓာတ်ဆီဆိုင်လးမှာထိုင်ရင်း သည်မြင်ကွင်းတွေကို နေ့စဉ် ရှုမြင်တွေ့နေရတာ ကြာပါပြီ။
အရင်တုန်းကတော့ အခုလို ဓာတ်ဆီဆိုင်လေးတွေ မရှိဘူးပေါ့။ အရင်တုန်းကတော့ အခုလို ကားအသွားအလာ မများဘူးပေါ့။မေမန်း ဘတ်စ်ကားကြီးတွေ… အမ်၊ အမ်၊ တီ၊အေ ဂျစ်ကားတွေ၊ ပေါင်မုန့်ဘောက်စ်ဝက်ဂွန်းကျောက်မဲကားတွေလောက်ပဲ ရှိမှာပေါ့။ အောင်ပင်လယ် ကန်ဘောင်ရိုးမှာ အရင်ကနဲ့မတူ၊ ထူးခြားစွာပြောင်းလဲနေတာတစ်ခုကတော့ သိပ္ပံလမ်းဟုခေါ်တွင်သည့် လမ်းမကြီးတစ်ခု အသစ် ဦးတိုက်လာခြင်းဖြစ်ပါသည်။ ၉၀ ခုနှစ်လောက်ကစ၍ မန္တလေးသားတွေ သိပ္ပံလမ်းကို မသိမဖြစ် သိလာကြရတော့၏။
““ဘုရားကြီး စာတိုက်ကွေ့နားက ကိုလှကိုတို့ အောင်ပင်လယ်ပြောင်းသွား ကြပြီလေ…””
““ဟုတ်လား … အောင်ပင်လယ်က ဘယ်နားတုန်း””
““ဟို … ရှင်၊ သိပ္ပံလမ်းအတိုင်း အရှေ့တည့်တည့် တက်ပါရောလား… ထန်းကိုးပင်ကျောင်း ကျော်ရင် ၅၈လမ်းအတိုင်း တောင်ဘက်သွား””ဟူ၍ လည်းကောင်း …””
““အမလေး … သူတို့အဖေက မြေကွက်တစ်ကွက်ရော တယ်လီဖုန်းရော ရသတဲ့…””
““ဟုတ်လား မြေကွက်က ဘယ်မှာ ရတာလဲ””
““သိပ္ပံလမ်းမကြီး ဘေးလေ … ဗွီအိုင်ပီအကွက်”” ဟူ၍လည်းကောင်း။
ပြောင်းခြင်း၊ ရွှေ့ခြင်း၊ ရခြင်း၊ မရခြင်း၊ တိုးတက်ခြင်း၊ ဆုတ်ခွာခြင်း… စသည့် စသည့် “မန္တလေးသားစကား”တွေတိုင်းမှာ သိပ္ပံလမ်း မပါလျှင် မဖြစ်…။
သိပ္ပံလမ်း ထန်းကိုးပင်နားမှာ …။ သိပ်္ပံလမ်း မြို့ပတ်ရထားလမ်းဘေးမှာ…။ သိပ္ပံလမ်း အဝိုင်းကြီးကတောင်ဘက်…။ သိပ္ပံလမ်း ကုန်တိုက်ကြီး အနောက် ဘက် စသည်ဖြင့် … စသည်ဖြင့် …။
တကယ်တော့ သိပ္ပံလမ်းဟုဆိုသော လမ်းကျယ်ကြီးသည် အရင်က …။
—————————
သစ္စာဆောင်နောက်ကျော သင်္ချာဆောင် ဝါးကပ်တဲများမှာ ခက်ခဲနောက်ကျိဖွယ် ကဲကုလသင်္ချာပုစ္ဆာများကို အဖြေထုတ်ပြီးနောက် စာသင်ချိန် ပြီးဆုံးသောအခါ နေ့လယ် ၁၂နာရီ ထိုးချေပြီ။ ပူပြင်းလှသော မန္တလေးနွေကြောင့် အိမ်သို့ ချက်ချင်းမပြန်နိုင်သေး…။ ရူပဗေဒဆောင်ရှေ့ တယ်ပင်ရိပ်အောက်က မန်ကျည်းဖျော်ရည်တစ်ခွက် သောက်ချင်သောက်။ သို့တည်းမဟုတ် ရွှေပြည်အေးရှ့ ကဲန်တင်းက မြီးရှည်စားချင်စား၊ ထမင်းသုတ်တစ်ပွဲ ဗိုက်ဖြည့်ချင် ဖြည့်ပြီးနောက် ဦးပုညလမ်းကိုဖြတ်ကာ ကျောင်းဝင်းတောင်ဘက်ဆီ ထွက်ခဲ့ရသည်ချည်းဖြစ်သည်။ သို့ပေမယ့် များသောအားဖြင့်တော့ ကျောင်းတောင်ဘက်ကိုပဲ ထွက်ဖြစ်ပါသည်။ ကျောင်းတောင်ဘက် ဆိုသည်မှာ ကျောင်းဝင်းနယ်နိမိတ်အစွန် ရေနီမြောင်းပေါင်လေးပဲဖြစ်ပါသည်။မြောင်းကလေးကို ခနော်ခနဲ့ သစ်သားတံတားလေးက ကျော်လိုက်တော့၊ လယ်ကွင်းတွေ တစ်မျှော်တစ်ခေါ်ကြီး ရှိ၏။ ခပ်လှမ်းလှမ်းတောင်ဘက်နားမှာ တံခွန်လုံး အဖြူတစ်ခု တိုင်မြင့်မြင့်ထိပ်က တလူလူလွင့်နေတာ လှမ်းမြင်ရသည်။ ချမ်းမြသာစည်လေယာဉ်ကွင်းဖြစ်၏။ အသံသြသြ ဒါကို လေယာဉ်ကြီးတွေ ဆင်းသက်သံ နားဆူအောင်လည်း ကြားရတတ်ပါသည်။
တောင်ဘက် မြောင်းပေါင်မှာ ကောက်ရိုးလှည်းတစ်စီး တအိအိဖြတ်မောင်း သွား၏။ အနောက်နား စိုက်ပျိုးရေးသိပ္ပံရုံးရှေ့က မြောင်းပေါင်မှာတော့ စက္ကူပန်းပင်အုပ်အုပ်လေးနှင့် အသားထိုင်ခုံလှလှလေး ရှိသည်။ မြောက်ဘက် မြောင်းပေါင်ရိုးသည် ငှက်အုပ်ကြီးများဖြတ်သွားလို့ဖြစ်စေ။ လယ်တောသွား လှည်းနွား၊ ထွန်ထယ်တွေ ဖြတ်သွားလို့ဖြစ်စေ။ ရွှံ့စေးမြေမို့ မညီမညာ၊ ချိုင့်ခွက်၊ လှည်းဘီးရာ၊ ခြေရာခွက်တွေနှင့် ကချော်ကချွတ်နိုင်လှ၏။ ယာသမား၊ လယ်သမားကလွဲလျှင် အသွားအလာနည်းပါးသော လမ်းမို့ လူသူကင်းရှင်း တိတ်ဆိတ်သည်။
တကယ်တော့ ထိုရွှံ့လမ်း မြောင်းပေါင်လေးက မနက်လင်းအားကြီး အချိန်တွင်လည်းကောင်း၊ ညနေနဝင်ရီတရောအချိန်တွင်လည်းကောင်း၊ အစာ ရှာသည့် ငှက်အုပ်ကြီးလို၊ အိပ်တန်းပြန် ငှက်အုပ်ကြီးလို စက်ဘီးတပ်ကြီးချီကာ ဖြတ်သန်းသွားလာကြသည့် သိပ္ပံလမ်းမကြီးနေရာပဲဖြစ်ပါသည်။ ဆယ်စုနှစ် နှစ်ခုပင် မရောက်မီ ၁၈၀ ဒီဂရီ ပြောင်းလဲသွားသော မြင်ကွင်းကြီးဖြစ်၏။
မန္တလေးကြီး၊ မန္တလေးမွေးများက အောင်ပင်လယ်၊ ထွန်တုံး၊ ကန်သာယာ၊ မြို့သစ်များဆီမှ မန္တလေးမြို့ကြီးဆီ သံယောဇဉ်ကြီးစွာ မနက်လင်းစကတည်းက စက်ဘီးအုပ်သင်းဖွဲ့၍ လာကြရ၏။ နေဝင်ရီတရောမှာတော့ နွမ်းလျပင်ပန်းစွာ ကျောခင်းစရာနေရာသို့ ညစာအမီ စက်ဘီးအုပ်သင်းကြီး မန္တလေးက ခွာကြတာ သိပ္ပံလမ်းမကြီးမှာ နိစ္စဓူဝမြင်ရပါသည်။ ထို့အတူ ပဝတ္တိသားတို့၏ ကားဖြူဖြူ၊ ကားပြာပြာ၊ ကားဝါဝါ၊ ကားနီနီလးတွေလည်း သိပ်္ပံလမ်း တစ်လျှောက်မှတစ်ဆင့် ပေတစ်ရာပတ်လည် မြေကွက်၊ နံပါတ်သုံး အိမ်ဝင်း၊ နံပါတ်နှစ် တိုက်သစ်၊ နံပါတ်လေး စက်ရုံကြီးများဆီ ဥဒဟို သွားလာနေကြတာ လည်း သိပ္ပံလမ်းမကြီးပေါ် မှတစ်ဆင့် ဖြစ်ပါသည်။
အရင်က ရွှံ့စေးမြောင်းပါင် တမာပင်ရိပ်အောက်မှမြင်ရသည့် လယ်ကွင်းတွေနေရာမှာ အုတ်တံတိုင်းမြင့် ခတ်ဝင်းကျယ်ကြီးများပြောင်းလဲသွား၏။ ဗိုလ်ရရွာနေရာမှာတော့ မန်ကျည်းပင်အုပ်အုပ်များအစား၊ တိုက်လှလှ အစုအဝေးတွေ ဘွားခနဲပါ် လာသည်။ အရင်က လယ်ကွင်း ကန်သင်းပေါ်က စာခြောက်မည့် အဝတ်ဖြူဖြူ စည်းထားသည့် ဝါးရုံကိုင်းတွေ ထိုးထိုးထောင်ထောင်နေရာမှာ ဆိုဒီယမ် လမ်းမီးတိုင်ကြီးတွေ အစီအရီပေါ်လာတော့သည်။ အရင်က ကောက်ရိုးလှည်းတွေ ဗွက်နစ်ကာ နှစ်ကောင် အမြီးထောင်အောင် ရုန်းရသည့်နေရာမှာ လေးလမ်းသွား သိပ္ပံလမ်းမကြီး ပေါ်ပေါက်ခဲ့၏။
အခုတော့ သိပ္ပံလမ်းက ရှေးရှေးကလို မြို့တောင်စွန် နယ်နိမိတ်လှည်းလမ်းကြောင်းမဟုတ်တော့ဘဲ မြို့လယ်ခေါင် လမ်းမကြီးဖြစ်သွားပြီ။ ထို့အတူ ကုန်လွန်ခဲ့သော နှစ်၂၀ကလို အလုပ်သွား အလုပ်ပြန်အချိန် အတောင့်လိုက်ပိတ်တာ စက်ဘီးအုပ်ကြီးမဟုတ်တော့။ အမျိုးအစားပေါင်းစုံ ဆိုင်ကယ်တွေ ကားတွေနှင့် မိုးလင်းမိုးချုပ် စည်ကားနေသော နိုင်လွန်ကတ္တရာလမ်းမကြီး ဖြစ်နေသည်။
ထို သိပ္ပံလမ်းမကြီး အရှေ့ထိပ်က အောင်ပင်လယ်ဘိုးဘိုးကြီး နတ်ကွန်းအသစ်ရှေ့မှာ ဟိုရှေးရှေးကလို မဖြစ်မနေ ကားရပ်ကာ ပူဇော်ပသတာမျိုးလည်း သိပ်မရှိတော့။ ဘိုးဘိုးကြီးခမျာ ပုဂံခေတ်ကတည်းက သူ့နန်းနေရာလေးက လမ်းမကြီးနှင့် မလွတ်လို့ နောက်ဆုတ် ရွှေ့ပြောင်းပေးလိုက်ရကတည်းက ဘုန်းတန်ခိုး ယုတ်လျော့ကာ လာဘ်လာဘ နည်းပါးသွားလေသည်လား မသိ။သြော်.. သူပိုင် အောင်ပင်လယ်ဆိုတာ နာမည်လောက်ပင် မနည်း ကျန်တော့တာလေ။ ဘာမှ
မရှိတော့။
ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ် ၊ ရွှေလီ ကြယ်ခေါင်ကလည်း ဘာမှ မဝေးတော့။ ဥဒဟို..။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး