မုံရွာခရိုင်မှာ ၁ လအတွင်း လူ ၂၀ ကျော် ပျောက်ဆုံးခဲ့

ဖေဖော်ဝါရီ ၄ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်ထဲက မြို့နယ် ၄ ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လတာ ကာလအတွင်းမှာ လူ ၂၀ ကျော် ပျောက်ဆုံးနေပြီး ၊ အဲ့ဒီ လူတွေထဲက တချို့ဟာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ လူပျောက် မိသားစုအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

” အမည်မသိ လက်နက်ကိုင်အဖွဲ့က နေအိမ်တွေထဲ ဝင်ဖမ်းတာတွေရှိသလို ၊ လမ်းသွားလမ်းလာရင်းနဲ့ ဖမ်းသွားတာတွေလည်းရှိတယ် ၊ မုံရွာမြို့ အေးသာယာရပ်ကွက်ထဲက တွဲဘက်မြို့နယ်တရားသူကြီးရဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပြီး တရားသူကြီးကို ဖမ်းတယ် ၊ တရားသူကြီးက အိမ်မှာ မရှိတော့ တရားသူကြီးရဲ့ ညီမ ကထိက ဖြစ်သူကို ဖမ်းသွားတယ် ၊ အဲ့ဒီနောက် မုံရွာမြို့ အလယ်ရပ်ကွက်ထဲက မြို့နယ်စည်ပင်သာယာအဖွဲ့က ဦးဇော်မိုး ဆိုသူကိုလည်း နေအိမ်မှာ ဝင်ဖမ်းသွားတယ် ၊ နောက်ပြီး မုံရွာ ထန်းတောရပ်ကွက်ထဲမှာနေတဲ့ သစ်သီးပွဲရုံပိုင်ရှင် ဦးဇော်ဝင်းမောင်တို့ လင်မယား ၂ ယောက်လည်း အဲ့ဒီလို ဖမ်းဆီးခံရပြီးနောက် အခုထိ ပျောက်ဆုံးနေတယ်”လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် မုံရွာခရိုင် ၊ ချောင်းဦးမြို့ခံတယောက်က ” ချောင်းဦးမြို့ပေါ်မှာလည်း အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဆက်သွယ်မရ ပျောက်ဆုံးနေသူ ၁၀ ယောက်ကျော်လောက်ရှိတယ် ၊ အဲ့ဒီအထဲမှာ ချောင်းဦးကို ဆွမ်းဆန်လာခံတဲ့ စစ်ကိုင်းက သီလရှင် ဆရာလေး ၂ ပါးလည်း ပါဝင်တယ် “လို့ ပြောပါတယ်။

အဲ့ဒီလို နေအိမ်ထဲကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံနေတာနဲ့ပတ်သက်လို့ ဘုတလင်မြို့နယ်မှာ ၃ ယောက်နဲ့ အရာတော်မြို့နယ်မှာ ၅ ယောက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မုံရွာတောင်ရပ်ကွက်ထဲက နေအိမ်အတွင်းကနေ ပျောက်ဆုံးသွားတဲ့ အမျိုးသမီး တယောက်ရဲ့ ရုပ်အလောင်းကို လယ်ဇင်ရွာနားက ပြန်တွေ့ရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာ ထန်းတော အင်းစပ်က အမှိုက်ပုံမှာ ခေါင်းဖြတ်ထားတဲ့ အမျိုးသားရုပ်အလောင်း တွေ့ရတယ်”လို့ မုံရွာမြို့ခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် မုံရွာခရိုင်ထဲက မြို့နယ်တွေမှာ ပျောက်ဆုံးနေတဲ့သူ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်မှာ လူ တစ်ရာကျော်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာခရိုင် #လူပျောက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW