လှိုင်သာယာ CB ဘဏ်မှာ သေနတ်ပြလုယက်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၁၀ – ၂၀၂၃
SN +GG (VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ နေ့လယ် ၂ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်က သေနတ်ပြလုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လုယက်သူဟာ အမျိုးသားတဦးဖြစ်ပြီး ဘဏ်ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက်ကာ ကောင်တာပေါ်ရှိ ငွေကျပ် ၅၀၀၀ တန် ၊ ကျပ်သိန်း ၅၀ ခန့်ကို လုယူပြီး ရန်ကုန်-ပုသိမ် ကားလမ်းဘေးမှာ အသင့်စောင့်နေတဲ့ AD Van အဖြူရောင် အငှားယာဉ်ပေါ်တက်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ကောင်တာပေါ်က သိန်း ၅၀ ကိုပဲ ယူသွားတာ။ လူတွေကိုတော့ အန္တရာယ်ပေးမသွားဘူး။ ယူပြီးပြီးချင်း ပြန်ထွက်ပြေးသွားပြီး အသင့်စောင့်နေတဲ့ ကားပေါ် တက်သွားတယ်။ ကားပါတခါတည်း ကြိုစီစဉ်လာပုံရတယ်“လို့ အဲ့ဒီ့ဘဏ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်နေထိုင်သူတဦးကလည်း ” ၃ နာရီလောက်ကလို့ သိရတယ်။ တယောက်ထဲဝင်လာပြီး သေနတ်နဲ့ချိန်ယူသွားတာ၊သိန်း ၅၀ လောက်ပါသွားတယ်လို့ပြောတယ်။လုယက်မှုဖြစ်ပြီးမကြာဘူး စစ်တပ်နဲ့ရဲ ရောက်လာတယ်၊ဘုရင့်နောင်တံတားကလာရင်နီးတယ်၊တပ်ထိပ်နားပေါ့ “လို့ ပြောပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အခင်းဖြစ်ပွားခဲ့တဲ့ CB Bank (သီရိမင်္ဂလာ)ဘဏ်ခွဲရှိ CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က KBZ Bank ခွဲ ဓားပြတိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ရန်ကုန်အပါအဝင် မြို့နယ်အချို့က ဘဏ်အချို့မှာ ဓားပြတိုက်ခံရတာတွေ ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #CBဘဏ်ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW