ကျောင်းကုန်းမြို့မရဲစခန်းအချုပ်ဖောက်ပြေးသူတွေထဲက ၅ ယောက်ကို ပြန်ဖမ်းမိ

ဧပြီ ၂၈- ၂၀၂၃
GG + KK (VOM)

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မြို့မရဲစခန်းအချုပ် ဖောက် ပြေးသူတွေထဲက ၅ ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ၅ ယောက်ကို မနေ့ကနဲ့ ဒီနေ့ဧပြီလ ၂၈ ရက်နေ့မနက်ပိုင်းမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ၊ ပြန်လည်ဖမ်းဆီးရမိတဲ့သူတွေက ချစ်မင်းဦး(ခ)ချစ်ဦး ၊ထွန်းလင်းနိုင် ၊ဝေမင်းဦး၊အောင်မျိုးဦးနဲ့ သန်းတိုးအောင် ဆိုသူတွေဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ၂ ယောက်ပြန်ဖမ်းမိတယ်၊ဒီနေ့မနက်ပိုင်းမှာ ၃ ယောက်ထပ်ဖမ်းမိတာပါ။ ဖမ်းမိတဲ့သူတွေက ရာဇသတ်ကြီးပုဒ်မ ၃၈၀၊၃၉၄၊၃၀၂ နဲ့ အမှုဖွင့်ခံထားရသူတွေဖြစ်ပါတယ် “လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ထွက်ပြေးသွားတဲ့အထဲက ပြန်လည်ဖမ်းမိဖို့အတွက် အချုပ်သား၃ ယောက်သာကျန်တော့ကြောင်း ၊ သိန်းထွန်းဦး၊ ဝင်းနိုင်ထွန်း၊ ရှိုင်းထက်အောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအချုပ်သား ၈ ယောက်ဟာ ကျောင်းကုန်းမြို့မရဲစခန်း အချုပ်ခန်းအနောက်ဖက်က သစ်သားတိုင်ကို သံဖြတ်လွှနဲ့ဖြတ်ပြီး သံဆူးကြိုးကိုကျော်ကာ ဧပြီလ၂၇ ရက်နေ့ မနက်အစောပိုင်းမှာထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။

မတ်လ၁၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ညောင်ရွှေမြို့နယ်အကျဥ်းထောင်က အကျဥ်းသား ၁၃ ယောက်ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ရာ ထွက်ပြေးသူအထဲက ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ၂ ယောက်ကိုလည်းဒဏ်ရာတွေနဲ့ဖမ်းမိခဲ့ပါတယ်။ကျန်သူတွေကိုလည်းထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

အလားတူ မတ်လ ၁ ရက် ညနေပိုင်းကလည်း နေပြည်တော် ၊ တပ်ကုန်းမြို့နယ် ၊ ရှောက်ကုန်းကျေးရွာအနီး ၊ ရန်ကုန် – မန္တလေး ကားလမ်းဟောင်း ၊ မိုင်တိုင်အမှတ် ( ၂၄၆ / ၃ )နားမှာ အချုပ်ကားပေါ်မှာပါလာတဲ့ အချုပ်သား၉ ဦး ထွက်ပြေးခဲ့ရာ ၃ဦးကိုသာ ပြန်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ကျောင်းကုန်း #အချုပ်ခန်းဖောက်ပြေး #၅ယောက်ပြန်ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW