မဏိပူရ်ပြည်နယ် လူမျိုးရေး ပဋိပက္ခ အဓိကရုဏ်းတွေကြောင့် လူပေါင်း ၆၀ ကျော်သေဆုံးပြီး လူနေအိမ် ၁၇၀၀ ကျော် မီးလောင်ပျက်စီး

မေ ၊ ၁၂ ၊ ၂၀၂၃
SP( VOM)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ၊ မဏိပူရ်ပြည်နယ်အတွင်း ၊ မေ ၃ ရက်နေ့စတင်ကာ ၁၀ ရက်မေလအထိ လူမျိုးရေး ပဋိပက္ခ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး လူ ၆၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ နယ်စပ်စီးပွားရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“မဏိပူရ်ပြည်နယ်ထဲက ခရိုင် ၅ ခုမှာ ကျေးရွာတချို့ပါဝင်တဲ့ နေရာတွေကို ပြည်နယ်အစိုးရက သစ်တော ဧရိယာ နယ်နမိတ်အဖြစ်ကြေညာ သတ်မှတ်တဲ့အပေါ် အိုအိမ်မဲ့ ဘဝကိုရောက်တော့မယ့် ပိုက်သည်း ၊ ဇို ၊ ကူကီး ( ချင်း) လူမျိုးတွေက ဆန္ဒပြကြတဲ့တယ် ၊ သူတို့ဆန္ဒပြတဲ့အချိန် မဏိပူရ်ရဲ့ လူမျိုးကြီး ကသည်းလူမျိုးတွေက အဲ့ဒီ ဆန္ဒပြမှုကို ကန့်ကွက်ရှုံ့ချရာကနေ လူမျိုးရေး ပဋိပက္ခ စတင်ဖြစ်ပေါ်ပြီး အဓိကရုဏ်း တွေဖြစ်တယ် ။

အဲ့ဒီ အဓိကရုဏ်တွေကြောင့် လူ ၆၀ သေဆုံးပြီး ၊ လူ ၂၃၀ ထိခိုက်ဒဏ်ရာရတယ် ၊ နောက်ပြီး လူနေအိမ် ၁၇၀၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အဲ့ဒီအပြင် လူဦးရေ သုံးသောင်း ငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးရတာ ” လို့ မိုးရေးမြို့ခံ နယ်စပ်ဒေသ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လူမျိုးရေး ပဋိပက္ခ အဓိကရုဏ်းတွေကြောင့် မဏိပူရ်ပြည် နယ်အတွင်း နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ မိုးရေးမြို့ အပါအဝင် ခရိုင် ၅ ခုကို ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ဒီကနေ့အထိဖြစ်တယ်လို့ သိရပါတယ်။

မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင် ဦးဂျမား ဆိုသူက ” နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတယ် ၊ ပို့ကုန်နဲ့ သွင်းကုန်တွေလည်း မြန်မာဘက်က တမူးမြို့ဘက်မှာ သောင်တင်နေတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တမူးမြို့ခံ ကုန်သည် တယောက်က ” မိုးရေးဘက်ကို တင်ပို့မယ့် စားသောက်ကုန်စည် တွေကို ပုတ်သိုးမှုမဖြစ်အောင် အချိန်မီ ရတဲ့စျေးနဲ့ တမူးဘက်မှာ ပြန်ရောင်းရတာ ၊ ရေထွက်ကုန်နဲ့ ကုန်စိမ်းသမားတွေ အရှုံးပေါ်နေတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ တမူး မိုးရေး ကုန်သွယ်မှုပြုတော့မယ်ဆိုရင် အရင်ဦးဆုံး နယ်မြေအခြေအနေ လေ့လာကြဖို့အတွက် ကုန်သည်ကြီးတွေက အကြံပြုထားတယ်လို့ သိရပါ
တယ်။

#voiceofmyanmar #VOM #မဏိပူပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW