ဆင်ဖြူကျွန်း ရေကြီးမှုမှာ သားအမိနှစ်ယောက် ရေစီးနဲ့မျောပြီး အမေ သေဆုံး၊သမီးဖြစ်သူပျောက်ဆုံးနေဆဲ

မေ ၁၅ – ၂၀၂၃
GG (VOM)

မိုခါ မုန်တိုင်းကြောင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမှာ ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပြီး သား အမိနှစ်ယောက်ရေစီးနဲ့အတူမျှောပါက အမေဖြစ်သူသေဆုံးပြီး သမီးဖြစ်သူကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

ရေစီးနဲ့အတူ မျောပါခဲ့သူတွေကတော့ ဆင်ဖြူကျွန်းမြို့ပေါ်၊ ပြည်စိုးကုန်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် ဒေါ်အေးသန်း ဆိုသူနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

” အဲ့ဒီနားက ဘုန်းကြီးကျောင်းကပြောတာတော့ ရေကတအား တက်လာတော့ သားအမိတွေ ပစ္စည်းတွေရွှေကြ သယ်ကြရင်းနဲ့ ရေစီးနဲ့မျှောသွားတယ်။သူတို့ကသားအမိနှစ်ယောက်ထဲနေတာ၊သားကလည်းအဝေးမှာအလုပ်လုပ်နေတာ။အမေက နဲ့သမီးက လက်ချင်း ချိတ်ထားရင်းကို မျှောသွားတာကိုလည်း မြင်လို့ ကယ်ကြပေမယ့် ရေစီးတ အားသန်တော့ မမှီလိုက်ကြဘူး။သူတို့တွေကလည်း အော်ကြပေမယ့် မကယ်လိုက် နိုင်ဘူးပေါ “လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

မနေ့ မေလ ၁၄ ရက်နေ့ ဆင်ဖြူကျွန်းမှာ ​ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုမှာ သားအမိနှစ်ယောက်လုံး ရေစီးနဲ့မျောပါသွားခဲ့ကြတာဖြစ်ကြောင်း ၊ လက်ရှိမှာ အမေဖြစ်သူရုပ်အလောင်းကို ပြန်လည်တွေ့ရှိပြီး သမီးဖြစ်သူကိုတော့ ဆက်လက်ရှာဖွေနေကြဆဲဖြစ်တယ်လို့သိရပါတယ်။

အလားတူ မနေ့က ဆင်ဖြူကျွန်း ရေကြီးမှုမှာ နောက်ထပ်သားအမိနှစ်ယောက်လည်း ပျောက်ဆုံးခဲ့ပေမယ့် သူတို့ကိုတော့ အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

မနေ့က ဆင်ဖြူကျွန်းမြို့ ရေကြီးရေလျှံမှူဖြစ်စဥ်မှာ ဆင်ဖြူကျွန်းမြို့နယ်ထဲက ကျီးသိုက်ကျေးရွာ ၊နောင်တော်ကြီးကျေးရွာ ၊ကညှပ်ကျေးရွာ ၊ပေါင်းဆည်ကျေးရွာ ၊ယမ်းဘိုကုန်းရွာ ၊နွယ်တမယ်ကျေးရွာ၊ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာ အပါအဝင် ရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

ဒါ့ကြောင့် ရေနစ်မြုပ်ခဲ့တဲ့ ရွာက ဒေသခံတွေတိုင်း ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေလည်းရှိခဲ့ပြီး အသက်အန္တရာယ်ကင်းအောင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တိမ်းရှောင်အကာအကွယ်ယူခဲ့ရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာ ရေကျသွားပြီဖြစ်လို့ အကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ်။

ပုံစာ -ပျောက်ဆုံးနေသူ အမျိုးသမီး
#voiceofmyanmar #VOM #ဆင်ဖြူကျွန်း #ရေကြီးမှု #လူပျောက်ဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW