မေ ၂၂ – ၂၀၂၃
SN (VOM)
စပါးစိုက်တောင်သူတွေဟာ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်မရှိမှသာ ဒီနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့်လည်း တောင်သူတွေ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
တောင်သူတွေအနေနဲ့ အခုလို အရင်အကြွေးတွေ ပြန်မဆပ်နိုင်တာဟာ စပါးစိုက်ပျိုးရာမှာ ကုန်ကျစရိတ် ကြီးမြင့်တဲ့အတွက် လျော့ချလုပ်ကိုင်ရတာကြောင့် အထွက်နှုန်းနည်းပြီး အကြွေးပြန်မဆပ်နိုင်သလို တချို့မိသားစုတွေအနေနဲ့ စားဖို့လောက်သာရတဲ့အတွက် အခက်အခဲဖြစ်ပြီး ကြွေးကျန်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့တွေက အစိုးရဆီကယူထားတဲ့ စိုက်စရိတ်ချေးငွေကို ပြန်မဆပ်ချင်လို့ မဟုတ်ပါဘူး၊ ပြန်မဆပ်နိုင်တာပါ။ အရင်က တစ်ဧကဆိုရင် မြေဆီ ငါးအိတ်ကြဲရတယ်။ အရင်တုန်းက နွေစပါးဆိုရင် တစ်ဧကကို သုံးအိတ်နှုန်း နေ့တိုင်းကြဲတယ်။ ဒီနှစ်ကျတော့ နှစ်အိတ်ခွဲနှုန်းလျှော့လိုက်တယ်။ အဲဒီလို အခက်အခဲရှိတယ်။ ဈေးနှုန်းကလည်း မြင့်တော့ များများမတတ်နိုင်ဘူး။ ကိုဗစ်နောက်ပိုင်းမှာ ဓာတ်မြေဩဇာဈေးတွေက ခေါက်ချိုးတက်လာတယ်။ ပဲက မနှစ်ကနဲ့ ဒီနှစ်က အထွက်နှုန်း ရှစ်တင်းလောက်ကွာသွားတယ်။ စပါးကလည်း အဲဒီလိုပဲ ကွာတာပဲ။ မြေဆွေးက မကြဲနိုင်ဘူး။ အဲ့ဒီ့အတွက်ကြောင့် အထွက်နှုန်းက ထက်ဝက်ကွာသွားတာပဲ။ ဓာတ်မြေဩဇာဈေးကြီးတော့ မကြဲနိုင်တဲ့အတွက် အထွက်နှုန်းတွေ လျော့တာပေါ့၊ ဘာမှလုပ်လို့မရဘူး။ ဒါ့ကြောင့် တာဝန်ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဒီအချက်တွေကို စဉ်းစားပေးပြီး ကူညီပေးကြပါလို့ ပြောချင်ပါတယ်” လို့ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောပါတယ်။
အခုလို ကြွေးကျန်ရှိတဲ့အတွက် ချေးငွေမရပါက တချို့တောင်သူတွေအနေနဲ့ စိုက်ပျိုးမြေဧကတွေ လျှော့ချ စိုက်ပျိုးရမှာဖြစ်သလို အရင်းအနှီးနည်းတဲ့ တောင်သူတွေအနေနဲ့ ဖြစ်သလိုစိုက်ပျိုးလာပါက ဒီနှစ်မှာလည်း စပါးထွက်ရှိမှုနှုန်း သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။
“မြေဆီက အရင်က နှစ်ခါကြဲရတာကနေ အခုက တစ်ခါလောက်ပဲ ကြဲရတယ်။ အခုလိုမျိုး အခက်အခဲတွေ ဖြစ်နေတာက ပြီးခဲ့တဲ့နှစ်တွေကတည်းကပါ။ ကျွန်တော်တို့ လယ်သမားတွေ ပြန်ပြီးထူထောင်နိုင်ဖို့ဆိုရင် မြေဆီဈေးတွေ၊ ဆီဈေးနှုန်းနဲ့ ပိုးသတ်ဆေးတွေကို အရည်အသွေးကောင်းကောင်းနဲ့ ဈေးနှုန်းအရမ်းမတက်ဘဲနဲ့ဆိုရင် ကျွန်တော်တို့ လယ်သမားတွေက ပြန်အဆင်ပြေလာမယ် ထင်ပါတယ်။ ကျွန်တော်တို့ လယ်သမားတွေအတွက်ကတော့ မြေဆီက အဓိကပဲလေ။ မြေဆီတွေကို တာဝန်ရှိသူတွေက များများပံ့ပိုးပေးရင်တော့ လယ်သမားတွေအတွက် အဆင်ပြေလာနိုင်ပါတယ်” လို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ တောင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို တစ်ဧက ကျပ် တစ်သိန်းခွဲသာ ထုတ်ချေးပေးတာကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ သွင်းအားစုစရိတ် ကြီးမြင့်မှုတွေ၊ အထွေထွေကုန်ကျစရိတ်တွေနဲ့ ပတ်သက်လို့ လုံလောက်မှု မရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။
“စိုက်စရိတ်ချေးငွေ မရဘူးဆိုရင် အခက်အခဲတွေက အများကြီးပါ။ ချေးငှားပြီး စိုက်နိုင်တဲ့သူကစိုက်ပေါ့။ မချေးငှားနိုင်ကတဲ့သူတွေကလည်း မစိုက်ဘဲ ဒီတိုင်းထားလိုက်ရတော့မှာပေါ့။ အပြင်မှာချေးငှားရင်လည်း အတိုးကအရမ်းများတော့ မတတ်နိုင်ဘူး။ နိုင်ငံတော်ကပေးတဲ့ အတိုးကတော့ နည်းတာပေါ့လေ။ ရနိုင်ရင်တော့ လိုချင်တာပေါ့။ တခြားအလုပ်လည်း မလုပ်တတ်ဘူး။ လုပ်ကိုင်စားစရာကလည်း ဒီအလုပ်ပဲရှိတာဆိုတော့ ဒါလေးကို ရပ်မသွားအောင် ကူညီပေးစေချင်ပါတယ်”လို့ ဧရာ၀တီတိုင်းမှ တောင်သူတစ်ဦးက ပြောပါတယ်။
တဖက်မှာတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေအနေနဲ့ အရင်ကြွေးကျန် ကင်းရှင်းမှသာ လက်ရှိချေးငွေအသစ်ကို ထုတ်ချေးမှာဖြစ်သလို အခြား နှစ်တို၊ နှစ်လတ် ချေးငွေတွေကိုလည်း ကြွေးကျန်ကင်းရှင်းမှ ချေးခွင့်ရမယ်လို့ ပြောထားပါတယ်။
ဒီနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း အရင်ချေးငွေရဲ့ အတိုးရောအရင်းပါ ပေးဆပ်ပြီးမှသာ ထုတ်ချေးမှာဖြစ်သလို မေ ၁၈ ရက်နေ့ကစတင်ကာ တစ်နှစ်ကို အတိုးနှုန်း (၅) ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ စိုက်ပျိုးရေးသုံးသွင်းအားစု ဈေးနှုန်း ၃ ဆကျော် မြင့်တက်လာတာ၊ ထွန်ယက်စိုက်ပျိုးစရိတ်တွေ ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်နေတာတွေကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
Photo Crd -Original Uploader
#VOM #voiceofmyanmar #မိုးစပါးတောင်သူ #အခက်အခဲ