ဇွန်၊၃-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်းမှာ တောင်သူတွေလက်ထဲ စပါးလက်ကျန် မရှိတော့တဲ့အချိန်မှ စပါးကြမ်းတင်း(၁၀၀)ကို ငွေကျပ် (၁၈)သိန်းနဲ့ စံချိန်တင်အမြင့်ဆုံးဈေးပေါက်နေပြီး လက်ရှိပေါက်နေတဲ့စပါးဈေးဟာ တောင်သူတွေအတွက် အကျိုးမရှိဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက တောင်သူတွေ ဆီကနေသိရပါတယ်။
ဧရာဝတီတိုင်းက တောင်သူတွေအနေနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ မိုးစပါး ဆက်စိုက်ဖို့၊ စိုက်ပျိုးစရိတ်အရင်း အသုံးပြုဖို့အတွက် တောင်သူတွေအနေနဲ့ လက်ထဲမှာ စပါးလက်ကျန်မထားနိုင်တော့ဘဲ စပါးစတင်ပေါ်ချိန်ကတည်းက ထုတ်ရောင်းခဲ့ကြရတာကြောင့် စပါးရှားလာပြီး အခုလို ဈေးထိုးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။
“ကုန်သည်တွေက စပါးကို လိုချင်တဲ့အခါကျတော့ ဈေးတွေပေးဝယ်နေကြတာ ၊လက်ကျန်စပါးတွေ ရှားလာတာရယ်ကြောင့် စပါးဈေးက ၁၈ သိန်းအထိ ပေါက်နေတာ ၊ပြီးခဲ့တဲ့နွေစပါးပေါ်တဲ့အချိန် မိုးစပါးပေါ်တဲ့အချိန်တွေက စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်းလောက်အပြင် ဈေးကပိုမရခဲ့ဘူး၊ ဒါ့ကြောင့် အခုပေါက်နေတဲ့စပါးဈေးက တောင်သူတွေအတွက် ဘာအကျိုးမှမရှိဘူး ၊ ဒီနှစ်ပိုင်းတွေမှာ တောင်သူတွေ အများစုက စပါးပြီးစပါး မိုးစပါးတွေစိုက်ဖို့အတွက် နွေစပါးတွေကို ရောင်းထုတ်ပြီး မိုးစပါးစိုက်ပျိုးစရိတ်ပြန်လုပ်ရတာ၊ ဒါ့ကြောင့် လည်း လက်ထဲစပါးမထားဘဲ ရောင်းထုတ်ခဲ့ရတာ ၊နောက်ပြီး ဒီနှစ်တွေမှာကလည်း နိုင်ငံရေး အခြေအနေအရ ဘယ်နေ့ ဘာဖြစ်မယ်မသိ ဖြစ်နေတာ ၊ ဒါကြောင့် စပါးပေါ်တာနဲ့ အကုန်ထုတ်ရောင်း ပစ်လိုက်ကြတာ ၊ လုပ်စရာရှိတာတွေကို လုပ်နေရတာပဲ၊ ကုန်ဈေးနှုန်းတွေက အကုန်ထိုးတက်နေတာ၊စပါးမလှောင်နိုင်တာ ၂ နှစ်ကျော်ပြီ၊ ၁၈ သိန်းတက်တက် ၊ သိန်း ၂၀ တက်တက် တောင်သူတွေ အတွက်အကျိုးမဖြစ်ဘူး”လို့ ဧရာဝတီတိုင်းက တောင်သူတစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်းရဲ့ ဆန်စပါးဈေးကွက်မှာ ပြည်တွင်းအစားများတဲ့ ဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)ကို ငွေကျပ်(၂၅)သိန်း၊တောင်ပျံပေါ်ဆန်းစပါးတင်း(၁၀၀)ကို ငွေကျပ်သိန်း(၂၄) ဈေးပေါက်နေပြီး သီးထပ် ၊ရက် ၉၀ ၊ ဇီယာ ၊ ထိုင်းဘေးကြား ၊ မနောသုခ ၊ ဆင်းသုခ ၊ ဧရာမင်း ၊ ပခမ်း ၊ ရွှေသွယ်ရင် စတဲ့ စပါးအကြမ်း တင်း (၁၀၀)ကို ငွေကျပ်(၁၈)သိန်းအထိ စံချိန်တင်ဈေးနှုန်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ကျွန်မတို့ တောင်သူတွေအတွက်တော့ အခုဖြစ်နေတဲ့ စပါးပေါက်ဈေးက ဘာမှအကျိုးမထူးဘူးဆိုတာဟုတ်တယ် ၊ ဘာလို့ဆို တောင်သူတွေက စပါး အတက်ဈေးနဲ့မရတဲ့အပြင် အဆမတန်မြင့်တက်နေတဲ့ ရိတ်ချွေခပေးရတာ၊ စက်သုံးဆီဈေးတက်တာ၊ ဓာတ်မြေဩဇာဈေးတက်တာတွေကို အလူးအလဲ ခံနေရတာလေ၊ တနှစ်နဲ့တနှစ် ဒါနဲ့ပဲ ကုန်နေတာ ၊ နောက်ပြီး ဒီနှစ်မှာက စပါးတွေကို ရွှေခရု ကိုက်ဖျက်စီးတာ၊ အချိန်အခါမဟုတ် မိုးမိတာ၊ ဒီအခက်အခဲတွေလည်း ကြုံနေရတာ၊ တချို့တောင်သူတွေဆို လာမယ့် မိုးစပါးပြန်စိုက်ဖို့အတွက် အပြင်ကနေ အတိုးနဲ့ချေး လုပ်နေရတယ်တဲ့။”လို့ လယ်သမားအရေးဆောင်ရွက်ပေးသူ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် လယ်ယာစိုက်ပျိုးရေး သွင်းကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေလို့ စပါးစိုက်ပျိုးရေးအတွက် လိုအပ်သလောက် မသုံးနိုင်ခဲ့တာကြောင့် စပါးအထွက်နှုန်းတွေလည်း လျော့ကျခဲ့ပြီး ဒီနှစ်အထွက်နှုန်းမှာ ပျှမ်းမျှ(၃၀)ရာခိုင်နှုန်းအထိလျော့ကျခဲ့ပြီး အရင်နှစ်တွေက စပါး(၁) ဧကတင်း(၁၀၀)ထွက်ရင် အခုနှစ် တင်း(၇၀)လောက်ပဲထွက်တော့တယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာက သတ်မှတ်တဲ့ အခြေခံရည်ညွန်း စပါးပေါက်ဈေးကလည်း လက်တွေ့ မြေပြင်မှာ အကျိုးမဖြစ်ဘဲ ဆန်ကို ဝယ်စားရတဲ့သူအများစုသာ ဈေးကြီးကြီးနဲ့ဝယ်စားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
#voiceofmyanmar #VOM #ဧရာဝတီ #ဆန်စပါးစျေးကွက်ကဏ္ဍ