ဇူလိူင် ၁ – ၂၀၂၃
GG (VOM)
ပြည်တွင်းစားသုံးဆီစျေးဟာ တစ်ပိသာကို အမြင့်ဆုံး ၉၀၀၀ ကျပ်ထိ ပြန်လည်မြင့်တက်လာပြီး အစိုးရထုတ်ပြန်တဲ့ စားသုံးဆီရည်ညွန်းစျေးနဲ့ ယှဥ်ရင် ထက်ဝက်ကျော် စျေးနူန်းကွာဟနေတယ်လို့ သိရပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ ရည်ညွန်းစျေးကတော့ စားသုံးဆီ တစ်ပိဿာကို ၄၀၁၀ ကျပ်သာရှိပေမယ့် ပြင်ပလက်လီစျေးကွက်မှာက စားသုံးဆီတစ်ပိဿာကို ၉၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်လာတာကြောင့် တစ်ပိဿကို ၅၀၀၀ လောက် ကွာဟနေတာဖြစ်ပါတယ်။
ဒါ့ကြောင့် အခြေခံ လက်လုပ်လက်စား မိသားစုတွေ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြသလို လူလတ်တန်းစားတွေအတွက် အဆင်မပြေတဲ့အခြေအနေတွေ ကြုံနေရတယ်လို့သိရပါတယ်။
” စျေးကလည်း တက်ချင်ရင် ချက်ခြင်းကို ခုန်တက်တာ၊ကျဖို့ ဆိုရင်တော့ ၁၀၀ ကျ ၂၀၀ ကျပဲ၊ အရင်ရက်ကမှ ၇၅၀၀ ရှိတာ ၊ မနေ့ကဝယ်တော့ ၉၀၀၀ ဖြစ်သွားပြီ၊ တက်တော့လည်း စားရတာပဲ သူရှိမှ ချက်ပြုတ်ရတာလေ၊ ဟိုးအရင်ကတော့ပိဿာလိုက်ဝယ်သုံးတာ၊ ခုတော့မသုံးနိုင်တာကြာပြီ၊ တခါဝယ်ရင် ၂၀ သား ကအများဆုံးပဲ၊အဲ့ထက်ပိုမဝယ်နိုင်ဘူး။တစ်ရက် ယောကျ်ားလုပ်အားခက ၈၀၀၀ ရတာလေ။ အလုပ်မလုပ်ရတဲ့နေ့အတွက်ဆို စားစရာမရှိသလောက်ပဲ “လို့ စားသုံးသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက စားသုံးဆီ တစ်ပိဿာကို ၁၈၀၀ ကျပ်ကနေ ၂၅၀၀ သာရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ကစပြီး စားသုံးဆီစျေး တဟုန်ထိုးမြင့်တက်လာတာကာ ဆီတစ်ပိဿာကို ၉၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
” လုပ်အားခက တက်မလာဘူး၊ ကုန်စျေးနူန်းကသာတက်လာတာ။တနေ့လုပ်အားခနဲ့ဘယ်လိုမှ မလုံလောက်ဘူး။ဆီဆိုရင် ဟိုတုန်းက တစ်ပိဿာမှ ၂၀၀၀ ရယ်၊အခုကြည့်လေ အရင်က ၉၀၀၀ ဆို ၄ပိဿာခွဲရတယ်၊အခုကျ ၁ပိဿာပဲရတယ်၊ဘယ်လောက်တောင်ကွာဟသွားလဲ ၊ တကယ်ကိုအဆင်မပြေပါဘူး။ဟင်းချက်မယ်ဆိုမှ ၁၀ သားဝယ်၊၅ကျပ်သားဝယ်ပြီးချက်ရတဲ့သူတွေအများကြီးပဲရှိတယ်၊ကိုယ့်လည်း သူ့မကယ်နိုင် သူလည်း ကိုယ့်မကယ်နိုင်ဘဝတွေဖြစ်နေပြီ “လို့ ပဲခူးတိုင်းက စားသုံးသူပြည်သူတစ်ဦးကပြောပါတယ်။
အခုလို စားသုံးဆီစျေးနူန်းတွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကတော့ ကမ္ဘာ့စားသုံးဆီစျေးကွက် မြင့်တက်လာတာကြောင့် ပြည်တွင်းစျေးလည်းမြင့်တက်လာရတာဖြစ်သလို ၊ လက်လီစျေးကွက်မှာတော့ ဆီသယ်ယူရတဲ့ကုန်ကျစရိတ် နဲ့ အဆင့်ဆင့်ဝယ်ယူပြီးပြန်လည်ရောင်းချရတာတွေကြောင့် စျေးနူန်းတွေပိုပြီးကြီးမြင့်နေတာဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
” ၉၀၀၀ ရောင်းတာတော့များတာပေါ့။ လက်လီစျေးကျတော့လည်း သိပ်တော့မပြောတတ်ဘူး။ သူတို့က တဆင့်ပြန်ယူရောင်းသူတွေ ဆိုတော့ အမြတ်ဘယ်လိုပုံစံ ယူလဲ မပြောတတ်ဘူး။ဒါပေမယ့် ဆီစျေးကတော့ ဟိုးအရင်ကလို ၂၀၀၀ လောက်ကတော့ ပြန်မကျနိုင်ဘူး ၊ကမ္ဘာ့ဆီစျေးကျရင်တော့ ပြည်တွင်းဆီစျေးလည်းပြန်ကျမှာပါ။ ” လို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဝင်တစ်ဦးကပြောပါတယ်။
ပြည်ပကနေ စားသုံးဆီ တင်သွင်းမှုကို အကန့်အသတ်နဲ့ တစ်လကို ဆီတန်ချိန် ၅၀၀၀၀ လောက်သာတင်သွင်းနေရပြီး အဲ့ဒီလို တင်သွင်းလာတဲ့ဆီကိုမှ ခွဲဝေပြီး လောက်ငှအောင်ရောင်းချရတာဖြစ်ကြောင်း ၊ ဟိုအရင်ကလိုသာ အကန့်အသတ်မရှိတင်သွင်းခွင့်ပြုပြီး ဒေါ်လာကိုလည်း ထိန်းချုပ်မထားဘူးဆိုပါက ဆီစျေးပြန်လည်ကျဆင်းနိုင်တယ်လို့ ပြောပါတယ်။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ စားသုံးဆီ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့နည်းနဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ပြောဆိုထားပြီး အရေးယူမှုအခြေအနေနဲ့ပတ်သက်လို့တော့ အသိပေးကြေငြာတာမျိုး မရှိသေးတာကိုတွေ့ရပါတယ်။
လက်ရှိ ပြည်တွင်းမှာ စားသုံးဆီ ထုတ်လုပ်နိုင်မှုအခြေအနေကတော့ လုံလောက်ဖူလုံမှုမရှိတာကြောင့် ပြည်ပကနေ နှစ်စဉ် ဆီတန်ချိန် ၉ သိန်းကျော် တင်သွင်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #စားသုံးဆီဈေးကွက်ကဏ္ဌ