မန္တလေး၊ သြဂုတ်- ၆- ၂၀၂၆
SA(VOM)
ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးပိုအေး က မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ပုံစံ (၇) ထုတ်ပေးရာတွင် ပုံစံ (၇) ရရှိသည့် မြေရှင်များက အကွက်စိပ်ရိုက် စီးပွားဖြစ်ရောင်းချနေသည့် ကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မည်သို့အရေးယူ ဆောင်ရွက်ပေးမည် ဆိုတဲ့ မေးခွန်းကို ဒီကနေ့ကျင်းပတဲ့ တတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအ ဝေး၊ (တတိယနေ့)အခမ်းအနားမှာ လွှတ်တော်ကတဆင့် မေးမြန်းခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့ မေးခွန်းအပေါ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က
“လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူများ ရှိပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၄-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၄ ဖြင့် ထုတ်ပြန် ကြေညာထားသည့် လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရန်အတွက် ထိန်းချုပ်နိုင်ရန် Standard Operating Procedures (SOP) နှင့် ဆောင်ရွက်လျက်ရှိပါတယ်။ လယ်ယာမြေကို စိစစ်စစ်ဆေးရေးအဖွဲ့အပါအဝင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူများကို သက်ဆိုင် ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ ဒီလယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရန်အတွက် ထိန်းချုပ်ဆောင်ရွက်နိုင်ရန် စံပြု လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားအပ်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားတဲ့ လယ်မြေပေါင်း ၁၀,၈၃, ၅၇၃ ခု၊ ဥယျာဉ်ခြံပေါင်း ၁၉,၁၀,၃၄၈ ခု၊ ဧရိယာပေါင်း ၃၃,၅ ၈,၇၀၉.၁၆ ဧက ရှိတယ်လို့ သိရပါတယ်။
လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ ပုဒ်မ ၁၂ (က) သတ်မှတ်စည်းကမ်းချက်များကို လိုက်နာခြင်း မရှိဘဲ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ပုဒ်မခွဲ (ခ) လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ၊ ပုဒ်မခွဲ (ဃ) လယ်ယာမြေနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများအကြား သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အစည်းအသီးသီးက ဥပဒေနှင့်အညီ ချမှတ်ထားသော အမိန့်ကို လိုက်နာရမည်၊ ပုဒ်မ ၁၉ ဒီဥပဒေ ပုဒ်မ ၁၂ အရ စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် ဒီဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်နိုင်သည်/
(က) သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(ဂ)လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
ပုဒ်မ ၂၀ (က) ပုဒ်မ ၁၉ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူကိုမဆို အဲ့ဒီ အမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုနိုင်တယ်လို့သိရပါတယ်။
ပုဒ်မ ၂၀ (ခ) ပုဒ်မ ၁၃ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူ့ကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကသော်လည်း ကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော် လည်းကောင်း သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လက်ရှိ မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်အတွင်းမှာ မြေယာပြဿနာအရှုပ်အရှင်းအများဆုံး ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။
ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့ အစရှိတဲ့ နေရာတွေက သတိထားပြီး ဝယ်ယူရမယ့် နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
အမရပူရခရိုင်အတွင်းမှာတော့ ရှမ်းကလေးကျွန်းရွာ၊ ယဥ်တော်ကျေးရွာအုပ်စု၊ ငယ်တိုးတိုက်နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုတွေက အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတလျှောက်နေရာတွေမှာ လက်ရှိအချိန်ထိ မြေယာပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။
