ဩဂုတ် ၇ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ဟာ ရေပြည့်အမှတ် ၁ ပေခန့်အလို စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေတာကြောင့် ရေလွှတ်ချနေတဲ့အတွက် မူးမြစ်ရေကြီးကာ မြစ်ရိုးတလျှောက်ရှိ ကောလင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူနဲ့ ကျွန်းလှ အစရှိတဲ့ မြို့တွေနဲ့ ကျေးရွာတွေ ရေဘေးကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဖန်းဆိပ်ဆည်ကနေ မနေ့ ဩဂုတ် ၅ ရက်၊ ညနေပိုင်းမှာ ပထမအကြိမ် ရေထု ၄၀၀၀၀ ကျူ့ လျှော့ချခဲ့ပြီး ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် ၂၀၀၀၀ ကျူ့ ထပ်မံ လျှော့ချခဲ့သလို ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာလည်း တတိယအကြိမ်မြောက် ရေထု ၂၀၀၀၀ ကျူ့ ဆက်လက် လျှော့ချခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကောလင်းနယ် တနယ်လုံးနီးပါး ရေကြီးနေသလို ကန့်ဘလူ၊ ကျွန်းလှဘက်က သဖန်းဆိပ်ဆည်နဲ့ ကင်းတပ်ဆည်ထဲ စီးဝင်မယ့် ဒေါင်းမြူးချောင်း၊ ဇော်ချောင်း၊ မူးမြစ်၊ ပြောင်သွယ်ချောင်း၊ ရွာဘင်းချောင်းနဲ့ ချောင်းငယ်တွေအားလုံး ရေတိုးလာနေတယ်လို့ သိရပါတယ်။
“ကန့်ဘလူအထက်ပိုင်း တကြောလုံးမှာ မိုးရွာနေတာလည်း သုံးရက်လောက် ရှိနေပြီဆိုတော့ ဆည်ရေပြည့်လာတာ။ အဲဒါကြောင့် ဆည်ကနေ တဆင့်ပြီးတဆင့် ရေဖောက်နေတာ။ အခုကတော့ ကောလင်းနယ်က ရှမ်းကလုံးရွာရော၊ အရှေ့လျှော်ဖြူကုန်းရွာရော ရေကြီးနေပြီ။ အရှေ့ခြမ်းက စပါးခင်းတွေအကုန် မြုပ်ကုန်ပြီ။ အိမ်ထဲမှာဆိုလည်း အခုထိ ရေမလျော့သေးဘူး။ ဘယ်ကိုပဲကြည့်ကြည့် ရေပြင်ကြီးတွေပဲ ဖြစ်နေပြီ။ ယားတောင်ရွာဘက်မှာလည်း မနေ့ (ဩဂုတ် ၅ ရက်) ညနေပိုင်းမှာတင် ရေတွေ ဒလဟောဝင်လာတာ ၃ မိနစ်အတွင်းမှာကို ပြည့်လျှံကုန်တယ် ပြောတယ်။ ဘယ်တုန်းကမှ အခုလို ရေကြီးတာမျိုး မကြုံဖူးသေးဘူး” လို့ ကောလင်းမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
သဖန်းဆိပ်ဆည်ရဲ့ ရေပြည့်အမှတ်ဟာ ၅၄၅ ပေရှိပြီး လက်ရှိမှာတော့ ဆည်ရေအမှတ်ဟာ ၅၄၃ ဒသမ ၇၅ ပေအထိ ရောက်ရှိနေကာ ကင်းတပ် ရေလွှဲဆည်ကလည်း ၅ ပေကျော်အထိ ရေလွှတ်ထားတာကြောင့် မူးမြစ်ကမ်းနံဘေးက ကျေးရွာတွေအနေနဲ့ ရေကြီးမှုအန္တရာယ်ကို အထူး ဂရုပြုကြစေလိုတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
“ရေစီးက အရှိန်အရမ်းများတယ်။ မြစ်ကူးတံတားလည်း ပျက်စီးသွားပြီ။ မြစ်ကြောင်းတလျှောက်က ဒေသခံတွေလည်း အရေးပေါ် ရွှေ့ပြောင်းနေကြပြီ။ ရေလွှတ်ချနေတော့ သဖန်းဆိပ်ဆည်ကတော့ လက်ရှိမှာ စိုးရိမ်ရေမှတ်တော့ မရောက်သေးဘူး။ ရေက မူးမြစ်ကြောင်းတလျှောက် သွားမယ်ဆို ခင်ဦး၊ ရေဦး၊ ရွှေဘိုနယ် (အနောက်ခြမ်း) နဲ့ အရာတော်၊ ဒီပဲယင်းဘက်တွေလည်း ရောက်နိုင်တယ်။ အားလုံး ကြိုတင်ပြင်ဆင်ထားဖို့ လိုလိမ့်မယ်” လို့ ကန့်ဘလူမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် တန့်ဆည်မြို့နယ်မှာလည်း ရွာပေါင်း ၂၀ ကျော် ရေဝင်နေပြီး အရေးပေါ် ပြောင်းရွှေ့နေရသလို တံတား ကျိုးကျပျက်စီးတာတွေ ရှိနေတဲ့အပြင် လယ်ယာစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်နေကာ တပတ်အတွင်း ရေပြန်မကျပါက စိုက်ခင်းတွေ ပျက်စီးနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရေဦးမြို့နယ်မှာလည်း မြို့ပေါ် သုံးရပ်ကွက်ဖြစ်တဲ့ ရွှေပြည်သာ၊ အောင်မင်္ဂလာနဲ့ ဗိုလ်အောင်ဇေယျ ရပ်ကွက်တွေအပြင် မြို့နဲ့ ထိစပ်နေတဲ့ မကျီးတောရွာ၊ မူးမြစ်ကမ်းဘေး ကျေးရွာတွေ ဖြစ်တဲ့ ပင်စိမ်းကင်း၊ လေးရွာ၊ ကြာပန်းညို၊ ရေဦးကုန်း၊ ရွာသာလေး၊ ကုက္ကိုလ်စု၊ မူးသာကုန်း၊ ဇိန့်ဇွန်း စတဲ့ နေရာတွေ ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ကန့်ဘလူနယ်ထဲက ကင်းတပ်ဆည်ထဲ စီးဝင်မယ့် မင်းမြင်ရေလှောင်တမံမှာလည်း ရေပြည့်နေပြီး ထန်းပင်ကုန်းချောင်း ရေလျှံနေသလို ကန့်ဘလူမြောက်ခြမ်းက ကိုးတောင်ဘို့နဲ့ ချပ်သင်းကျေးရွာ တကြောလုံးမှာလည်း မိုးကြီးလို့ ချောင်းငယ်တွေ ရေလျှံတာကြောင့် ဒေသခံတွေ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ သဖန်းဆိပ်ဆည် ရေဖောက်ချနေသလို အဲဒီဆည်ရဲ့ အောက်ဘက်က ကင်းတပ်ဆည် ရေပိုလွှဲကနေတဆင့်လည်း ရေထပ်မံ လွှတ်ချနိုင်တာကြောင့် မူးမြစ်အပြင် ရွှေဘို ကန်တော်တူးမြောင်း၊ တန့်ဆည် ရွာရှည်တူးမြောင်းတွေဘက်အထိ ရေတိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
မူးမြစ်ရေကြီးမှုကြောင့် ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှာ တန့်ဆည်မြို့နယ်၊ ပေါင်ကတောင်ကျေးရွာက မူးမြစ်ကူး တံတားတစင်း၊ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာနဲ့ ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာကြားက မူးမြစ်ကူးတံတားတို့ ရေစီးနဲ့ မျောပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ ဩဂုတ် ၅ ရက်ကလည်း စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ အင်းတော်မြို့နယ်မှာ မဲဇာချောင်းရေလျှံကာ လမ်းမတွေပေါ် ရေကျော်ခဲ့တဲ့အတွက် မြို့နယ်အတွင်းရှိ လမ်းပိုင်းတွေနဲ့ ကွင်းလမ်းတွေ အားလုံးကို ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ သိရပါတယ်။
Photo – CJ
