ဆူးငှက်
“ပြည်သူချစ်သော အနုပညာသည်များ” ၂၅ နှစ်ပြည့်
—————————————————-
၁၉၈၉ခုနှစ် မေလ မှာ တောင်လေးလုံးတွင် ကျင်းပသော “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲက မှတ်မှတ် ရရ ဖြစ်လှသည်။ နန်းတော်ရှေ့ဆရာတင်သား ရွှေနန်းတင်၊ မြို့မငြိမ်းသား ဦးရွှန်းမြိုင်(မြို့မ)တို့လည်း တက်ရောက်ကာ အမှတ်တရ စကားပြောကြ၏။ စာတမ်းတွေ ဖတ်ကြ၊ ပြောကြ၊ ဟောကြနှင့် ကျေးဇူးရှိသော စာအုပ်ကောင်းတစ်အုပ်ကို မည်သို့မည်ပုံ စိတ်ကူးရ ပြုစုထုတ်ဝေမှုနှင့်ပတ်သက်၍လည်း စာရေးသူ ဒေါ်ဒေါ်ကိုယ်တိုင်က မှတ်မှတ်ရရ ပြောပြသည်။ အခမ်းအနားလေး ဆိုငြား အမြုတေပမာ သိပ်သည်းလှတဲ့ အနှစ်ချည်း မို့ တန်ဖိုးရှိလှချည့်။ ဒေါ်ဒေါ့် တူရင်းချာကြီးများ ဖြစ်သော ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)တို့၏။ အမှတ်တရ စကားတွေ၊ ကျွန်တော်သည် ယနေ့တိုင် မှတ်သားမိဆဲ ဒေါ်ဒေါ့်စကားတစ်ခွန်း ရှိပါ၏။ သတိတရ ပြန်ပြောပြပါရစေ။
ကဗျာဆရာ ကြည်အောင်က လူထုဂျာနယ်ထဲတွင် ထုံ့ပိုင်း ထုံ့ပိုင်း ရေးသားနေသော ဒေါ်ဒေါ်၏ အနုပညာသည်များ အကြောင်း အထ္ထုပ္ပတ္တိအစိတ်အပိုင်းတွေကို ပြည့်ပြည့်စုံစုံ ပြန်လည်ရေးသား၍ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေရန် ဒေါ်ဒေါ့်ကို သူကိုယ်တိုင် တိုက်တွန်းခဲ့ကြောင်းနှင့် တကယ်တော့ “ပြည်သူချစ်သော အနုပညာသည်” များစာအုပ်သည် အထ္ထုပ္ပတ္တိစာပေစစ်စစ် မဟုတ်ကြောင်း အထ္ထုပ္ပတ္တိစာပေစစ်စစ်များအဖြစ် ကမ္ဘာမှာ အင်ဒရူးမော်ရွိုင်းနဲ့ မြန်မာမှာ ဦးဖေသိန်း(ရွှေဥဒေါင်း)ကို စံထားကြောင်း၊ အထ္ထုပ္ပတ္တိစာပေ တွင် ရေးသူကိုယ်နှိုက်က မိမိကိုယ်တိုင်ပင်ဖြစ်စေ ကိုယ့်အကြောင်းကို မချွင်းမချန် မညှာမတာ ရေးသင့်၊ ထုတ်ဖော်ဝံ့သည့် သတ္တိရှိရမည် ဖြစ်ကြောင်း၊ အခု ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှာ ဒေါ်ဒေါ်က ဘယ်ဆရာတွေက အရက်သောက်တာ၊ ဘိန်းရှုတာ၊ ဘယ်သီချင်းရေးဆရာ မြာပွေတာ၊ ဘယ်မင်းသမီးက အိမ်ထောင်ဆက်များတာ စသည့်ကိစ္စများ မရေးသား မဖော်ထုတ်ကြောင်း၊ ဒီ့အတွက် အားမရကြောင်း ပြောဆိုသည်။
ဒေါ်ဒေါ်က ကိုယ့်တူကိုယ့်သားက ဝေဖန်တာကို ပြုံး၍ နားထောင်သည်။ စမုံစပါးစေ့လေးတွေ ဝါးရင်း ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေသည်။ “ဒီလို ပြောရဲဆိုရဲ၊ ကိုယ့်အမြင်ကို ထုတ်ဖော်ရဲမှပေါ့” ဟု အမူအရာမျိုး ဖြစ်သည်။ ကဗျာဆရာ၏ စကားအဆုံးမှ ဒေါ်ဒေါ်က ပြန်၍ ပြောပြသည်။
ကောင်းတာပဲ ရေးချင်တယ်။ တော်တာ ထူးချွန်တာပဲ ရေးချင်တယ်
——————————————————————
“ဟုတ်ပါတယ် ဒီစာအုပ် အခုလို ထုတ်ဝေဖြစ်တာ ခုန မောင်ကြည်အောင်ပြောသလို … သူ့တိုက်တွန်းချက် ပါပါတယ်။ ဒေါ်ဒေါ့် စာရေးစားပွဲအထိ သူရောက်လာပြီး ပူဆာတာပေါ့ကွယ်။ ဒါနဲ့ရေးဖြစ်၊ ထုတ်ဖြစ်ခဲ့တာ …။ ခုန မောင်ကြည်အောင် ပြောသလို ဒေါ်ဒေါ့်စာအုပ်ကို အထ္ထုပ္ပတ္တိစာပေလို့ ဒေါ်ဒေါ်ကိုယ်နှိုက်က မသတ်မှတ်ပါဘူး။ ဒေါ်ဒေါ်ရေးတဲ့ စေတနာက တစ်ခုတည်း၊ ဒီဘက်ခေတ် စစ်ကြီးအပြီး လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီးနဲ့ ဆူဆူပူပူဖြစ်ပြီးနောက်ပိုင်း၊ နိုင်ငံခြားက ယဉ်ကျေးမှုတွေက ဒို့အပေါ် လွှမ်းမိုး လာတာကလား။ ဒို့လူငယ်တွေမှာ ကိုယ့်ယဉ်ကျေးမှုပျောက်ပြီး သူတို့ဟာကိုပဲ အထင်ကြီးကြတာ။ ကြာရင် တို့အနုပညာ၊ တို့ယဉ် ကျေးမှု ပျောက်တော့မယ်။
ဒါကြောင့် ဒေါ်ဒေါ်က တစ်ချိန်တုန်းက ဒို့ဆီမှာ တကယ့်ပရိသတ်၊ ပြည်သူပေါ့လေ၊ သည်းသည်းလှုပ် ချစ်ခဲ့ကြပြီး ချစ်လောက်အောင်လည်း ထူးချွန်ခဲ့ကြတဲ့ အနုပညာရှင်တွေ ရှိခဲ့ဖူးတာကို ဒေါ်ဒေါ်က လူငယ်တွေသိအောင် ချပြချင်တာ။ ဒီတော့ သူတို့တော်တာ၊ ထူးချွန်တာတွေကို ရေးချင်တယ်။ ကဲ မြို့မငြိမ်း အရက်သောက်တာ ဘိန်းရှုတာ ရေးပြလို့ ဘာအကျိုးရှိမှာလဲ၊ ဒါကိုသိလို့လဲ လူငယ်တွေအတွက် ဘာအကျိုးရှိမှာလဲ၊ ဒေါ်ဒေါ့်ကလောင်က အကျိုးမရှိတာတွေကို ရေးမှာ မဟုတ်ဘူး၊ ဒေါ်ဒေါ်က ကောင်းတာပဲ ရေးချင်တယ်။ တော်တာ ထူးချွန်တာပဲ ရေးချင်တယ်” ဟု ပြောခဲ့သည်။
အထူးသဖြင့် ဆရာကြည်အောင်၏ စောဒကတက်သော မေးခွန်းအပေါ် ဒေါ်ဒေါ်က “ငါ့တူတွေကဒီလို တော်တာနော်”ဆိုသော ဂုဏ်ယူအကြည့်နှင့်ပြုံးကာ ဖြေလိုက်သည့် အဖိုးတန်စကား။ ထိုစကားကြောင့် အနုပညာရှင်ဟု ဆိုတိုင်း ပြည်သူချစ်သလော၊ ပြည်သူချစ်သော အနုပညာရှင် ဟူသည် ဘယ်စံ ဘယ်မူတွေ ရှိခဲ့သလဲ ဟူသော စောဒက ဖြင့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှတဆင့် လိုက်လံရှာဖွေ စူးစမ်းခဲ့ခြင်း ဖြစ်ပါသည်။
ချောင်းရိုးမှာငေးမှီနေရတဲ့ မန်ဒါလီ
————————————–
ဒေါ်ဒေါ် လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို အကြိမ်ကြိမ် ဖတ်ရှုဖြစ်ရာမှ ထပ်မံသိရှိလိုသည်များကို မေးမြန်းခြင်း ဖတ်ရှုခြင်းဖြင့် သိစရာတွေက တိုးလို့တိုးလို့ များလာသည်။ ထိုသိရှိရသည်များမှ စိတ်ဝင်စားဖွယ်ရာ တစ်ခုကို ပြောပြပါဦးမည်။
အနုပညာရှင် ဆရာမြို့မငြိမ်းသည် အကြောင်းအရာတစ်ခုအပေါ် သမရိုးကျ စဉ်းစားတာမျိုးထက် ပြောင်းပြန်လှန် စဉ်းစားတာမျိုး အစဉ်အလာရှိသည်။ ထို့နောက် ရှိသေးတယ်၊ ဆရာ မြို့မငြိမ်းက သရော်တတ်သည့် လေလည်း ရှိသည်။ လေဘာတီမမြရင်အတွက် ဆရာမြို့မငြိမ်း ရေးသားသော မန်ဒါလီ သီချင်းထဲတွင် ကျည်းကန်ရှင်ကြီး မေတ္တာစာထဲက “ ချောင်းကိုပစ်လို့ မြစ်ကိုရှာ၊ ရေသာများလို့ ငါးမတွေ့” ဟူသော စကားကို ရည်ညွှန်း ရေးသားခဲ့သည်။
ထိုစကားအမှန်ကို သီချင်း၏ ခြေဆင်းမှာပဲ ထည့်ထားပြီးသီချင်း၏ နောက်အပိုဒ်တွေမှာ မေတ္တာစာထဲက “ ချောင်းကိုပစ်လို့ မြစ်ကိုရှာ၊ ရေသာများလို့ ငါးမတွေ့” ဟုပါရှိပေမယ့် ဒို့မင်းသမီးကတော့ “ မြစ်ကိုပစ်လို့ ချောင်းကိုရှာ၊ ရေသာနည်းလို့ ငါးမတွေ့” ဖြစ်နေပါပြီ။ ရေများရာ မြစ်ထဲငါးရှာတာက ဟုတ်ပေမယ့် ရေနည်းတဲ့ ချောင်းထဲသွားပြီး ငါးရှာမှတော့ ငါးမတွေ့လို့ ချောင်းရိုးမှာငေးမှီနေရတဲ့ မန်ဒါလီလိုဖြစ်နေပြီဟူသော သရော်သည့် ပုံစံဖြင့် ရေးဖွဲ့ခဲ့၏။
ဒါကို ဆရာကြီးမြို့မငြိမ်း ပညာရှိ သတိဖြစ်ခဲ ပမာဒလေခပြီး မန်ဒါလီသီချင်းမှာ “ရေသာများ” ဆိုတဲ့ ဆိုရိုးအစား “ ရေသာနည်း” လို့ မှာရေးမိလေသလားဟု ဂီတဆရာကြီး အချို့က စေဒကတက်လျှင် မှားပေလိမ့်မည်။
တစ်နာရီထဲမောင်နဲ့ ချစ်ပါရစေ
——————————-
“ရေများတဲ့ မြစ်ထဲမှာတောင် ငါးတွေ့ဖို့ခဲယဉ်းရင် ရေနည်းတဲ့ ချောင်းထဲငါးရှာမှတော့ ပိုဆိုးမှာပေါ့” ဟု အငြိမ့်သီချင်း ထုံးစံသူ့ချစ်သူကို စောင်းသလို မြောင်းသလို ရေးသော်လည်း တကယ့်ဗျုပ္ပတ်က ဤသို့ ဖြစ်သည်ါ။ စစ်ကြီးမတိုင်ခင် မန္တလေးမှာ တူရိယာအသင်းတွေ ပေါ်လာတော့ အဓိက ပြိုင်ဖက်အသင်းက မာဃအသင်းနဲ့ မြို့မအသင်းပါ။ မာဃအသင်း တည်ရာက စာတိုက်တန်းဘက်က။ မြို့မအသင်းက ဓားတန်းဝင်း ဆိုပေမယ့် တရုတ်တန်းက ဆရာငြိမ်းအိမ်မှာပဲ စုကြသည်။ ထိုပြိုင်ဘက် ၂သင်းက မန္တလေးအခေါ် ၄ပြ ၅ပြပဲ ဝေးကြ၏။ မနက်လင်းရင် လမ်း ၈၀ တရုတ်တန်းနှင့် ၂၉လမ်းထောင့်က ဗဟို လက်ဖက်ရည်ဆိုင်မှာပဲ မာဃကရော မြို့မကရော အသင်းသားများ တစ်ဆိုင်တည်း မှာ ဆုံနေကျ သူတွေချည်း ဖြစ်သည်။
ဗဟိုလက်ဖက်ရည်ဆိုင်က မာဃအသင်းတည်ရှိရာ စာတိုက်တန်းနှင့်လည်း ၅ပြလောက်ပဲ ဝေးသည်။ မြို့မ အသင်းသားများ စုရာ ဆရာငြိမ်းအိမ်နှင့်လည်း ၃ပြပင်မဝေး။ သည်တော့ မနက်လင်းတိုင်း ဗဟိုလက်ဖက်ရည်ဆိုင်မှာ စုကြသည်။ လက်ဖက်ရည်သောက်ကြသည်။ သတင်းစာ ဖတ်ကြသည်။ ကဗျာအကြောင်း စာအကြောင်း သီချင်းဂီတ အကြောင်း ပြောကြသည်။ ထို လက်ဖက်ရည်ဆိုင်ထိုင် လူငယ်များက ရှေ့တော်ပြေး ဝင်းသား ဆိုင်ရှင် ဦးတော်က ခေါင်းဆောင်ပြီး ဗဟိုလက်ဖက်ရည်ဆိုင် အဖွဲ့ဟုပင် ဖွဲ့စည်းကာ ကဗျာပြိုင်ပွဲ စာပေပြိုင်ပွဲ ကျင်းပကြသေးသည်။ ထိုသို့ မြို့မနှင့် မာဃ ၂သင်းက အသင်းသားတွေ ဗဟိုလက်ဖက်ရည်ဆိုင်မှာ လုံးထွေးနေကြသလောက် အပြိုင် တီးမှုတ်ရမည့် စင်ပေါ်ရောက်ရင်တော့ ဘယ်သူကမှ အလျော့မပေး စတမ်းပါပဲ။
မန္တလေးတူရိယာအသင်းများသည် အလှူမင်္ဂဆောင် နေ့ပွဲမှာကဖို့နှင့် ညဧည့်ခံတွင် အငြိမ့်ခန်းကဖို့ ပင်တိုင်မင်းသမီးတွေ အသီးသီး ရှိသည်။ အထူးသဖြင့် ပြိုင်ဖက် ၂သင်းဖြစ်သော မြို့မက လေဘာတီမမြရင် နှင့် ပင်တိုင် ဖြစ်သလို မာဃက တစ်ရပ်တည်းနေ သြဘာသောင်းနှင့် ပင်တိုင်တွဲသည်။ တစ်နှစ်တင် မြို့မကိုပဲ သီချင်းရေးပေးသော နန်းတော်ရှေ့ ဆရာတင်နှင့် မာဃအသင်းသားအချို့ ထမင်းဆိုင်တစ်ဆိုင်တွင် ပင်တိုင်သီချင်းရေးဆရာ ပင်တိုင်မင်းသမီး တို့ ကိစ္စ အကြောင်းပြု၍ စကားဒေါက်ဆတ် များရန်ဖြစ်ကြသတဲ့။ ဆရာတင်လည်း အနာတရဖြစ်ကာ ရုံးရောက် ဂတ်ရောက် အုတ်အော် သောင်းတင်း ဖြစ်သွား၏။
ထိုကိစ္စ ဖြစ်ပွားသောအခါ နဂိုကတည်းက ကြောက်တတ်သည့် လေဘာတီ မမြရင်က မြို့မနှင့် ပင်တိုင် ပွဲချီတွေ ခဏနားပြီး မာဃနှင့် ပင်တိုင် ကဖို့ စင်ကူးသလို ဖြစ်သွားခဲ့သည်။ မာဃကလည်း မြို့မနှင့် အသားကျနေသည့် မင်းသမီးက မာဃဘက် လာမှာ အမြဲမဟုတ်မှန်း သိပါ၏။ ထို့ကြောင့် မာဃသီချင်းရေးဆရာ ပန်းထိမ်ကိုရွှေမောင်က မမြရင်အတွက် တစ်နာရီထဲမောင်နဲ့ ချစ်ပါရစေ သီချင်းကို မမြရင်အတွက် ရေးပေးလိုက်သည်။
ထင်သည့် အတိုင်းပဲ မမြရင်က မာဃနှင့် မမြဲခဲ့ပါ။ မြို့မနှင့် မမြရင်ကို ပရိသတ်က ခွဲမမြင်တော့ မြို့မ အသင်းဆီကိုပဲ မမြရင် ပြန်ရောက်လာသည်။ ဒီတင် ဆရာငြိမ်းက မြစ်မကြီးလို ရေများတဲ့ မြို့မကို ပစ်ပြီး နဂိုကတည်းက ရေနည်းတဲ့ ချောင်းသာသာ မာဃကို သွားမှတော့ ငါးမတွေ့ဘဲ ချောင်းရိုးမှီ ငေးတဲ့ မန်ဒါလီလိုဖြစ်မှာလို့ ခနဲ့ပြီး မန်ဒါလီသီချင်းကို ရေးတော့၏။
ချောင်းကိုပစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့
————————————————
ကျည်းကန်ရှင်ကြီး မေတ္တာစာမှာ “ဝမ်းဘဲ ဟင်္သာ ချောင်းကိုပစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့၊ ဝမ်းထဲ တင်းကာ၊ ဟောင်းကို ပစ်၍ သစ်ကိုရှာ နေရာမှား၍ ကြားမစေ့” ဟု ပါရှိပေမယ့် ရေများသည့် မြစ်မကြီးထဲမှာတောင် ငါးမတွေ့တာ၊ ရေနည်းတဲ့ ချောင်းထဲ ငါးသွားရှာတာက ဟင်္သာ မဟုတ်လောက်ဘူး၊ အရုပ်ဆိုးဆိုး မန်ဒါလီဖြစ်မှာပေါ့လို့ဟု ဆရာငြိမ်းက ကွန့်လိုက်သေးသည်။ ထိုသီချင်းကို ရေးစဉ်က ရေပျော်ငှက်များဖြစ်သည့် ဝမ်းဘဲအုပ်စုမှ ငှက်များ အကြောင်းကို လေ့လာရန် ဆရာငြိမ်းက အနောက်ကျုံးလမ်းနှင့် စီလမ်းထောင့် အနီးမှာရသော မစ္စကွတ်စ် ကုန်တိုက်မှ Bird အမည်ရှိ စာအုပကို ဝယ်ပြီး လေ့လာသည်။ ‘မသန်း အနောက်ဘက် ထရံကပ်ထားသော စာအုပ်အပုံထဲမှ အင်္ဂလိပ်လို “ငှက်” စာအုပ် ပေးလိုက်ပါ၊ ညိန်း’ ဟူသော ဆရာငြိမ်း လက်ရေးလေးထဲက စာအုပ်ဖြစ်သည်။
ထို့ကြောင့် မန်ဒါလီသီချင်းအစမှာ ကျည်းကန်ရှင်ကြီး၏ မေတ္တာစာတွင် တကယ်ပါရှိသော “ချောင်းကိုပစ်ကာ မြစ်ထဲကိုရှာ ရေသာများတော့သည်….” ဟု အတည်ပေါက် ရေးပြီး အောက်မှာ “ ဝမ်းဘဲက ချောင်းထဲရှာသည် ရေသာနည်းလို့ ငါးလည်း မတွေ့ပြီ၊ ချောင်းရိုးမှီ ငေးတဲ့ မန်ဒါလီ” ဟု သရော်တော်တော် ရေးခဲ့ခြင်း ဖြစ်သည်။ ဒီလို ရေလိုက်မှားခဲ့တာ မေတ္တာစာထဲကလို ဟင်္သာတော့ မဟုတ်လောက်ဘူး၊ ဟင်္သာထက် ကဲတဲ့ ဘွဲ့ထူး ရ ထားတဲ့ မန်ဒါလီပဲပေါ့၊ အဲ့ဒီဘွဲ့ထူးက ဘဲအုပ်စုထဲမှာ အရုပ်ဆိုးဘွဲ့လို့ ထပ်ရိလိုက်သေးသည်။
ရှုပက်ခါ စပ်ဖြီး ရီတီတီ
————————–
ထိုသီချင်းထဲတွင် “ဘယ်မိန်းမမျိုး ဒေါက်ခံ ကြည့်ဦးမည်” ဟုလည်း ပါသေးသည်။ “ဒေါက်ခံ”ံ ဟူသည် မျက်လုံး ဒေါက်ထောက် ကြည့်မယ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဒေါက်ထောက် ကြည့်မယ်၊ ဒေါက်ခံ ကြည့်မယ် အလွတ်မပေးဘူးဟု ပြောဖြင်းဖြစ်သည်။ ထို့နောက် “ရှုပက်ခါ စပ်ဖြီး ရီတီတီ” ဟု လည်းပါတယ်။ မချိုမချဉ် မျက်နှာပေးကို ပြောသည်။ “ဒီကောင် ရှုပက်ပက်နဲ့နဲ့” ဟု ဆိုသည်မှာ၊ မျက်နှာ အမူအရာက တည်ဖို့ ကြိုးစားပေမယ့် မလုံမလဲမို့ စပ်ဖြီးဖြီး ဖြစ်တာမျိုးကို ပြောခြင်းဖြစ်သည်။ “ရှု” ဆိုသည်မှာ “ကြည့်သည်” ကို ပြောခြင်း ဖြစ်သလို ပက်တယ် ဆိုသည်ကလည်း မနက်တာ မပီပြင်တာ ကို ပြောသည်။ ခပ်ပက်ပက် ပန်းကန်ဆိုသည်မှာ ဇောက်မနက်တဲ့ ပန်းကန် တိမ်တဲ့ပန်းကန်ကို ပြောသည်။ ရှုပက်ပက် ဆိုသည်မှာ ကြည့်ရတာကို ရယ်တာလား တည်တာလား မပီမပြင် မျက်နှာထားကို ဆိုလိုပါသည်။
မန်ဒါလီ သီချင်းက ဆရာငြိမ်းအနေနှင့် အကြောင်းအရာအရ အငြိမ့်သီချင်းမို့ မင်းသမီး၏ ချစ်သူက မျက်နှာများတာ၊ အဟောင်းကို ပစ်ပြီး အသစ်ရှာတာကို ဖွဲ့ သလိုလိုနှင့် စင်ကူးသော လေဘာတီမမြရင်ကို ကလိထားခြင်း ဖြစ်သည်။ မြို့မအသင်းသား ဝါရင့်ကြီးများက အတီးပိုင်းတွင် မန်ဒါလီ သီချင်းကို သဘောခွေ့ကြသည်။ ထိုသီချင်းမှာ အတီး မတတ်လျှင် စည်းကျိုးပြီး ထိုးရပ်သွားမယ့် နေရာပါသတဲ့။ တီးဖူးမှ ချောသတဲ့။ သံစဉ်နဲ့ တီးလုံးအပိုဒ်တွေက ကောင်းလှသတဲ့။ ဒီသီချင်းက ဆိုတတ်တဲ့ သူနဲ့များ တီးရရင် တယ်အရသာ ရှိသကိုးလို့ အသင်းသားကြီး တစ်ယောက် က ပြောပြဖူးသည်။ ကျွနု်တော်လည်း ပြည်သူချစ်သော အနုပညာရှင်များ စာအုပ်ကို ဖတ်ပြီး ထိုစာအုပ်ထဲမှ သဲလွန်စတွေကို တွေ့တိုင်း မေးရမြန်းရသည်။ ထိုသို့ မေးမြန်း၍ အကြောင်းအရာ အသစ်တွေ တွေ့တိုင်း ရွှေအိုးကြီး ရသလို ဝမ်းမြောက်လှပေ၏။
မောင်ကျော်ညိန်း ခေါ် မြို့မငြိမ်း ၏ မြို့မ
———————————————
အနုပညာပါရမီရှင်ကြီး မြို့မငြိမ်းက၁၉၂၅ ခုနှစ်တွင် ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဘအုန်း၊ ကိုဘငွေ၊ ကိုလှဒင်၊ ကိုမြသိန်းတို့နှင့်အတူ ဗုဒ်္ဓဝေယျာဝစ်္စမြို့မ အပျော်တမ်းတူရိယာအသင်းကိုတည်ထောင်ခဲ့သည်။ “မြို့မ” ဟူသော နာမည်ကိုလည်း မောင်ကျော်ညိန်းကပဲ ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်မှာ စတင် သန္ဓေတည်ခဲ့သော “မြို့မ” သည် ၁၉၂၈ ခုနှစ်တွင် အသင်းဖွဲ့ စည်းပုံ စည်းမျဉ်းဥပဒေ၊ ရည်ရွယ်ချက် စည်းကမ်းချက်များနှင့် စနစ်တကျ ဖွဲ့စည်းခိုင်မာခဲ့သည်။
၁၉၂၈ခုနှစ်မှစ၍ မြို့မအသင်းသားများကို ဓားတန်းကိုသန့်နှင့် ပေါင်း၍ အနောက်တိုင်း ဂီတသင်္ကေတ ပညာများ သင်ကြားပေးခဲ့သည်။ ထိုနှစ်မှာပင် မိတ်္ထီလာမြို့သူ မန်္တလေးနော်မန် ကျောင်းဆရာမလေး မသန်းမေနှင့် အိမ်ထောင် ပြုသည်။ မြို့မတူရိယာအသင်းအတွက် “ကဆုန်ညောင်ရေ”နှင့် “တစ်ဝါတွင်း”ဟူသည့် သီချင်းနှစ်ပုဒ် ရေးစပ်ပေးခဲ့ပြီး နောက်နှစ် (၁၉၂၉) အသင်း၏ ပထမဆုံး ဝါဆိုပန်းကပ်ပွဲတွင် “ မြို့မဝါဆို ” သီချင်း ရေးစပ်ခဲ့သည်။ ၁၉၃၀-၃၁ ခုနှစ်များတွင် မဟာဂီတ သီချင်းကြီးများကို အနောက်တိုင်း တူရိယာ၊ အနောက်တိုင်း ဂီတသင်္ကေတများဖြင့် ဝိုင်းဖွဲ့ တီးမှုတ်နိုင်ရေးအတွက် မြို့မတူရိယာအသင်းကို ဦးဆောင်ခဲ့၏။ “တောမြိုင်ခြေလမ်း” ယိုးဒယားသီချင်းကြီးကို အနောက်တိုင်း တူရိယာ၊ အနောက်တိုင်း သင်္ကေတများဖြင့် ဝိုင်းဖွဲ့ကာ စတင် တီးမှုတ် ခဲ့သည်။
ဆရာမြို့မငြိမ်း၏ ဂီတအလုပ်
—————————
ဆရာမြို့မငြိမ်း၏ ဂီတအလုပ် ဆိုသည်က သီချင်းတွေ ရေးရုံဖြင့် တင်းတိမ် ကျေနပ်ကာ အချိန်ကုန်ခဲ့သည် မဟုတ်။ သေးသေးမွှားမွှား မဟုတ်။ ဆရာ့ရည်ရွယ်ချက်၊ ဆရာ့စိတ်ကူးစိတ်သန်းက မြို့မတူရိယာအသင်း စတင် သန္ဓေတည်စဉ်ကပင် မြန်မာ့ဂီတကို ကမ္ဘာအဆင့်သို့ မြှင့်တင်စေရန်နှင့် ဆင်ဖိုနီခေါ် မြန်မာ့သံစုံတီးဝိုင်းကြီး ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်ဦးတည် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဂီတနှင့်ပတ်သက်၍ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမား စိတ်ကူးထားသူ ဖြစ်သည်။ ဂီတတွင် နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှု မထားအပ်၊ လူသားအားလုံးပိုင် ပစ္စည်းအဖြစ် ယုံကြည်သည်။ ဂီတသည် အလွန်လေးနက်သည့် သဘောရှိသည်ဟု ခံယူသူလည်းဖြစ်၏။ စာဖြင့် ဖွဲ့မပြနိုင်သည့် ရင်ဖြင့် ခံစားမှုကို ဂီတဖြင့် ဖော်လှစ်နိုင်သည်ကို ဆရာမြို့မငြိမ်းက အကြွင်းမဲ့ လက်ခံသည်။ ထို့ကြောင့် နားဖြင့်သာမက ရင်ဖြင့် ခံစားနိုင်သည့် ဂီတမျိုးကို ဆရာက ဖွဲ့ချင်သည်။
သို့သော် အနေအထိုင် ရိုးသား သိုသိပ်လွန်းလှသဖြင့် ဆရာမြို့မငြိမ်း၏ ရည်ရွယ်ချက်နှင့် စိတ်ကူးစိတ်သန်းအား ထဲထဲဝင်ဝင် သိရန် မလွယ်ကူ။ မသိခဲ့ကြ။ ထိုအခါ ဆရာ့တွေ့လျှင် သီချင်းစပ်ခိုင်းဖို့၊ သီချင်းတောင်းဖို့ပဲ အားထုတ်ကြ သည်။ ဂီတကို နားလည်သူများကပင် သူ့ကို နားမလည်ခဲ့ကြ။ ဆရာသည် ထိုကွာဟမှုကို ကြံ့ကြံ့ခံသည်။ ထိုသူတို့ လိုလားသော သီချင်းစပ်ခြင်း အလုပ်ကို ဖြစ်အောင်လုပ်ပေးကာ ဆရာ့စိတ်ကူးစိတ်သန်း၊ ဆရာ့ရည် မှန်းချက်အတွက် ရှိသမျှအင်အား အစွမ်းအစတွေ ထုတ်သုံးပြီး ဇွဲကြီးနပဲကြီး ကြိုးစားခဲ့သည်။ လောကဓံ၏ အရိုက်အပုတ် အဆင်းရဲ အပင်ပန်းဒဏ်ကို မတုန်မလှုပ် ခံ၏။ အခက်အခဲကို ရင်ဆိုင်ခဲ့ရ၏။ သို့သော် လုပ်ရသမျှ၊ ပင်ပန်းသမျှ၊ အနစ်နာခံရသမျှ၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်ရသည်။ အိတ်ပေါက် နှင့် ဖားကောက်ခဲ့ရသည်။ တချို့ဖြစ်ရပ်များက လှေပြေးတုန်း တက်ကျိုး အဖြစ်မျိုး ရင်ဆိုင်ခဲ့ရ၏။
ထိုနှစ် (၁၉၅၂)တွင် ထိုစဉ်က ဝန်ကြီးတစ်ဦးဖြစ်သူ ဦးထွန်းဖေ၏ မေးမြန်းချက်အရ မြန်မာသီချင်းကြီးများအား International Music Note တို့နှင့် မှတ်တမ်းတင် တီးမှုတ်၍ ရ,မရဟူသော မေးခွန်းအပေါ် ‘စံရာတောင်ကျွန်း’ ကြိုးသီချင်းကြီးအား မြို့မအသင်းသားများက တီးမှုတ်စေကာ သက်သေပြခဲ့သည်။ တကယ်တော့ မြန်မာသီချင်းကြီးများကို ဂီတသင်္ကေတ အသုံးပြုပြီး ခေတ်မီ တူရိယာပစ္စည်းများနှင့် တီးမှုတ်နေသည်မှာ မြို့မ စတင်ဖွဲ့စည်းခဲ့သည့် ၁၉၂၈ခုနှစ် ကတည်းက ဖြစ်၏။ ထို့ကြောင့် ဝန်ကြီးက မြန်မာသီချင်းကြီးများကို ကမ္ဘာလုံးသင်္ကေတနှင့် ရေးသားပြုစု၍ ထိန်းသိမ်းလျှင် နောင်အရှည်သဖြင့် အကျိုးများဖွယ် ရှိကြောင်း၊ ထိုအခါကျမှ နားလည် သဘောပေါက်ကာ ကက်ဘိနက်တွင် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက် ရယူပြီးနောက် တစ်နှစ်အကြာ (၁၉၅၃ခု၊ ဧပြီလ) ၌ မဟာဂီတ အကြံပေးအဖွဲ့ ဖွဲ့ကာ မဟာဂီတ သီချင်းကြီးများ သီဆို တီးမှုတ်ခြင်းနှင့် မူမှန် စံပြထားရှိရေး၊ အမှတ် သင်္ကေတ ပြုရေး၊ အသံသွင်းထားရေးနှင့် ရုပ်ပေါ်သံထွက် ပြုလုပ်ရေး ကိစ္စအား ဆောင်ရွက်ခဲ့ပါသည်။
ဂီတကို နကန်းတစ်လုံးမှ မတတ်သော
—————————————
၁၉၅၂ခုနှစ် သင်္ကြန်သည်လည်း ပြည်ထောင်စု သင်္ကြန်အဖြစ် မန္တလေးမြို့၌ ကျင်းပခဲ့သည်။ ဆရာမြို့မငြိမ်းက သူ့မိတ်ဆွေ ကလယ်ရီနက် တောင်မြို့ဦးကိုလေးနှင့် တွဲဖက်ပြီး၊ အမရပူရ AMBA ကားအသင်းမှ ဒရိုင်ဘာ၊ စပယ်ရာများဖြင့် တေးသံစုံ ရေသဘင်အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီး ပြည်ထောင်စုသင်္ကြန်မှာ ဆင်နွှဲခဲ့သည်။ ဂီတကို နကန်းတစ်လုံးမှ မတတ်သော ဒရိုင်ဘာ စပယ်ရာများကို ရသမ်၊ လိဒ်၊ ဘေ့စ်၊ ဂီတာ၊ စကရက်ချာ၊ ရှာကာ စသော အနောက်တိုင်း ဂီတပစ္စည်းများ အစား ထန်းသီခလောက်၊ ဗူးသီးခြောက်၊ ရာဘာပြားကျက် သံစည်ပိုင်းဗုံ၊ ဝါးပုလွေ အတို အရှည်များဖြင့် အုပ်စုဖွဲ့ တီးခတ်စေပြီး ‘စောင်းကောက်’ ရေသဘင် သံစုံတီးဝိုင်းကို ဖွဲ့စည်း ပွဲထုတ်ပြခဲ့သည်။
၁၉၅၃ခုနှစ်တွင် ပီကင်းနိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံအတွက် ‘ငြိမ်းချမ်းရေးသည် ပျားသကာကဲ့သို့ အစဉ်’ အစချီ ‘ငြိမ်းချမ်းရေး’ သီချင်းနှင့် မန္တလေးကျုံးထိပ်မှာ ကျင်းပသော တောင်သူလယ်သမား ညီလာခံအတွက် ‘မင်းရာဇာ’ သီချင်းများလည်း ရေးစပ်ခဲ့သည်။ အများသူငါက ‘လ’ကို အဝန်းအဝိုင်း ‘လဝန်း’ ဟု သမရိုးကျ ရေးစပ်ခဲ့ရာမှ ‘လလုံး’ ဟု ထူးထူးခြားခြား ရေးစပ်ခဲ့သော ‘စာဆိုခံလလုံး’ သီချင်းကို ထိုနှစ်များက ရေးစပ်ခဲ့ခြင်း ဖြစ်ပါ၏။ ‘မြန်မာ့ မဟာဂီတ သီချင်းကြီးများကို ကမ္ဘာသုံး ဂီတသင်္ကေတပညာဖြင့် ကူးပြောင်း လေ့လာရန် မြန်မာ့ဂီတကမ္ဘာ့ အဆင့်မီစေရန်’ စသော ရည်ရွယ်ချက်များကို ဦးတည်ချက် မပျောက်စေဘဲ မဟာဂီတ သီချင်းကြီးများမှ အသွားများကို ခေတ်မီ ဝိုင်းဖွဲ့ပုံစံဖြင့် တီးခတ် ခြင်း စမ်းသပ်မှုများကို ဆရာငြိမ်း၏ သီချင်းများတွင် တွေ့ရှိရသည်။ ထိုသီချင်းများတွင် ဆရာ့ရည်မှန်းချက်၊ ဆရာ့ စိတ်ကူး စိတ်သန်းများ၊ စမ်းသပ်တီထွင် ပြသခဲ့ပါ၏။ ထု့ိကြောင့် ဆရာမြို့မငြိမ်း၏ သီချင်း အတော်များများတွင် မဟာဂီတ အသွားများကို ပုံစံသစ်ဖြင့် တီးမှုတ်များ တွေ့ရှိရခြင်းဖြစ်ပါသည်။
“ပြာရီမှိုင်းကာမို့မို၊ ညို့ညို့ညိုလွင်”
———————————-
ဆရာမြို့မငြိမ်း၏ ဘဝဇာတ်သိမ်းသည်လည်း အလွန် ဝမ်းနည်း ကြေကွဲဖွယ်ရာ ကောင်းသလို အလွန်လည်း နာကျည်းစရာ ကောင်းလှသည်။ အဖိုးတန်လှသော အနုပညာရှင်ကြီး၏ နောက်ဆုံးနေ့ရက်များတွင် ဖန်ဆင်းသွားသည့် အနုပညာပစ္စည်းများ အနက် “တိမ်လွှာမို့မို(မို့မို့မဟုတ်ပါ)လွင်” အမည်ရှိသည့် သီချင်းလည်း ပါဝင်သည်။ တကယ်တော့ အဆိုပါ သီချင်းသည် တေးသွားသံစဉ်အနေနှင့် ဆရာမြို့မငြိမ်းက အစောကတည်းက ရေးဖွဲ့ခဲ့သည်။ “တိမ်လွှာမို့မိုလွင်” သီချင်း၏ တေးသွားအတိုင်း “ခါတော်နှစ်သစ်ကူးတွင် နူးစိတ်ကြည်လင်…” အစချီသော သင်္ကြန်သီချင်း။ “ခါတော် နှစ်သစ်ကူးတွင်၊ နွှဲလို့ပါဝင်”အစချီသော “စစ်သွေးမောင်” သင်္ကြန်သီချင်းများ ရှိခဲ့ဖူးသည်။
စစ်ကြီးအပြီး ၁၉၄၇နှင့် ၁၉၅၀၀န်းကျင်မှာ ရေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာငြိမ်း ကွယ်လွန်ခါနီး ရေးခဲ့သော “တိမ်လွှာမို့မိုလွင်”က တေးသွားသံစဉ် အနေနှင့် ရှိပြီးသား မို့နောက်ဆုံး ရေးခဲ့သည့် သီချင်းဟု မဆိုနိုင် ဟုလည်း ပြောဆိုနိုင်ပါသည်။ ဆရာမြို့မငြိမ်းသည် “တိမ်လွှာမို့မိုလွင်” သီချင်းကို မန္တလေးရုပ်ရှင်၏ ပင်တိုင် မင်းသမီး ကြည်ကြည်မေ အတွက် ရေးပေးခဲ့သော ဇာတ်ဝင် “အမျှော်စိုက်” သီချင်းဖြစ်သည်။ အမျိုးသမီး သီဆိုမည့် သီချင်းမို့ “မြင်လှည့် ချစ်သူရယ်ရှင်” ဟူသော စာသားဖြင့် ရေးဖွဲ့ခဲ့သည်။
ဆရာမြို့မငြိမ်း၏ “တိမ်”
————————–
ကနဦး စာသားကိုပဲ ကြည့်ပါဦး။ လွင့်မျောနေသော တိမ်လွှာလေးများနှင့် ကောင်းကင်ကြီး၏ မြင်ကွင်းကို စဖွဲ့လိုက်တာက ကျစ်လျစ် အားကောင်းသော စကားလုံးများကို သေချာ သုံးစွဲလိုက်ခြင်း ဖြစ်သည်။ အပျိုလေး တစ်ယောက်၏ “အလွမ်း”ကို ဖော်တော့မှာလေ။ ရွာလုလု မိုး၏ ကနဦး ကောင်းကင်ကြီးက ပြိုမလို ညို့ဆိုင်းလို့။ ထိုတိမ်၏ ပုံသဏ္ဌာန် အထိအတွေ့ “မို့မို”။
ဤနေရာမှာ “မို့မို” မဟုတ်ဘဲ “မို့မို့” ဆိုလျှင်ဖြင့် တိမ်တွေက မာကျော အေးခဲသွားပါပြီ။ ရပ်တန့် ခိုင်မြဲသွားပါပြီ။ လှပ နူးညံ့သောသဘော ဆောင်သော်လည်း ထိတွေ့နိုင်သည့် သဘာဝဖြစ်သွားပါပြီ။ “သူမ၏ ရင်သားမို့မို့”၊ “မြေပြင် ထက်မှ တောင်ကုန်းမို့မို့” ဆိုတာမျိုး ဖြစ်သွားပါပြီ။
ဆရာမြို့မငြိမ်း၏ “တိမ်”တွေက အဲလှိမဟုတ်ဘဲ။ “တိမ်”ဆိုမှတော့ ဘယ့်နှယ် ပုံသဏ္ဌာန် အသေ ဖြစ်မှာလဲ။ တည်မြဲ ဆုတ်ကိုင်လို့ ရသည့် အရာမှ မဟုတ်ဘဲ။ ပြိုမလို ညို့နေသော ကောင်းကင်မှာ မိုးသက်လေနှင်လို့ တရွေ့ရွေ့ ပြေးနေသော တိမ်များ၏ သဏ္ဌာန်က “မို့မို”လေ။ “မို့မို”ဆိုသော စကားလုံး။ အသံထွက်အရကိုက လှုပ်ရှားနေတာ။ ပြောင်းလဲနေတာ။ ဒြပ်ဝတ္ထုမဟုတ်သည့် သဘောကို ဆောင်တာ။ နူးညံ့ သိမ်မွေ့ လွင့်မျောစေသည့် အဓိပ္ပာယ်ကို ဆောင်တာ။
တစ်ခါ အသံသဘောအရလည်း ကောင်းကင်ကြီး၏ “ညို့ညို့ညို”နေသည့် အသွင်နှင့် ပိုမို လိုက်ဖက်စေတာ။ “ညို့”ရုံမက “ညို့ညို့ညို”နေသည် ဟူသော စာသားများက ိုဂရုတစိုက် လေ့လာပြီး တန်ဖိုးထားကြပါ။ ဆရာ၏ နာမည်ကျော် “တိမ်လွှာမို့မိုလွင်” သီချင်းကို သီဆိုကြတိုင်း၊ သီချင်းခေါင်းစဉ် စာသား ရေးထိုးတိုင်း၊ သီချင်းစာသား ဖေါ်ပြတိုင်း၊ ထိုသီချင်းနှင့် ပတ်သက်ပြီး ပြောဆို ရေးသားကြတိုင်း “တိမ်လွှာမို့မိုလွင်” မဟုတ်ဘဲ “တိမ်လွှာမို့မို့လွင်” လို့ချည်း ဖြစ်နေကြတာကလည်း စိတ်မကောင်း ဝမ်းနည်းစရာ ဖြစ်သည်။
သီချင်းတစ်ပုဒ်၏ ထုပ္ပတ် ဗျုပ္ပတ်
———————————
သီချင်းတစ်ပုဒ်၏ တန်ဖိုးကို ဆုံးဖြတ်ရာတွင် သံစဉ် စာသားသာမက ထိုသီချင်း၏ ဗျုပ္ပတ်ကိုပါ မှန်ကန်စွာ သိရှိထားရန် လိုအပ်သည်။ အနုပညာရှင်ကြီး မာမာအေးက သူသီချင်းတစ်ပုဒ် သီဆိုတော့မည်ဆိုလျှင် သီးချင်းစာသားကို နားလည်အောင် အကြိမ်ကြိမ် ဖတ်သတဲ့။ မရှင်းလင်းသည့် နားမလည်သည့် စာသား စကားလုံးကို တွေ့လျှင် သီချင်းရေးဆရာကို ထိုစာသား စကားလုံး၏ အဓိပ္ပာယ်ကို ရှင်းပြခိုင်းသတဲ့။ သီချင်းရေးဆရာက ထိုစာသား စကားလုံး၏ ထုပ္ပတ် ဗျုပ္ပတ်ကို ရှင်းပြ၍ နားလည်မှ သဘောပေါက်မှ ခံစားမှု မှန်ကန်မှာတဲ့။ သို့မှသာ သံစဉ်တွင် ပီပြင်စွာ ခံစားနိုင်မယ်တဲ့။ ထိုသို့ ရှင်းပြဖူးသည်။
တစ်ခေတ်က နာမည်ကျော် သီချင်းရေးဆရာများက သီချင်းတစ်ပုဒ်ကို သာမန်ကာ ရှံကာ ရေးခဲ့ကြတာ မဟုတ်ပေ။ သီချင်းတစ်ပုဒ် နောက်ကွယ်မှာ ကိုယ်ပိုင် ခံစားချက်သာမက သီချင်း၏ ဗျုပ္ပတ္တ် နောက်ခံသမိုင်းများရှိသည်။ ထိုသမိုင်းများနှင့်အတူ သီချင်းရေးစပ်စဉ်က ခေတ်ကာလ နောက်ခံသမိုင်းက ိုသိရှိထားမှ သီချင်းရေးဆရာ၏ ခံစားချကနှင့် သီချင်း၏ စာသားအပေါ် အဓိပ္ပာယ်ပေါက် နားလည် သိရှိနိုင်ပေမည်။ ထို့ပြင် သီချင်းရေးဆရာ၏ ကိုယ်ပိုင်ဟန်ကိုလည်း သိရှိထားမှသာ သီချင်းစာသားအပေါ် အကဲဖြတ်နိုင်ပါလိမ့်မည်။
ဥပမာဆိုပါတော့ ဆရာမြို့မငြိမ်းက အကြောင်းအရာတစ်ခုအပေါ် သမရိုးကျ စဉ်းစားတာမျိုးထက် ပြောင်းပြန်လှန် စဉ်းစားတာမျိုး ဟန်လည်းရှိသည်။ သမရိုးကျ မယ်ဘွဲ့များတွင် မေ့နှုတ်ခမ်းလေးက ပတ္တမြားသွေးလေး ပမာ၊ မေ့သွားလေး တွေက ပုလဲကုံးလေး သီထားသလို၊ မေ့မျက်လုံးလေးတွေက သောက်ရှူးကြယ် အလား၊ မေ့ဆံကေသာတွေက ပိတုန်းရောင်ပမာ နက်မှောင်ကြော့ရှင်း..၊ ထိုသို့ုပဲ ဖွဲ့လေ့ရှိကြသည်။
သို့သော် မြို့မငြိမ်းက ပတ္တမြားသွေးလေးရေ မေ့နှုတ်ခမ်းလေးနဲ့ တူလိုက်တာ၊ ပုလဲသွယ်ကုံးလေးရေ မေ့သွားလေးတွေနဲ့ တူလိုက်တာ၊ သောက်ရှူးကြယ်လေးရေ မေ့မျက်ဝန်း မေ့မျက်လုံးလေးတွေနဲ့ တူလိုက်တာ၊ ပိတုန်းရောင် နက်မှောင်ကြော့ရေ မေ့ဆံနွယ်တွေနဲ့ တူလိုက်တာ၊ မေနဲ့ ဒီလို တူလိုက်တာလို့ နှိုင်းတာကို ဂုဏ်ယူလိုက်စမ်းပါ ဟု ပြောင်းပြန်လှန်ပြီး ဖွဲ့တတ်သည်။ ဒီလို မေနဲ့တူတယ်လို့ အနှိုင်းခံရတာကို ဂုဏ်ယူ ကြည်ဖြူပါဘိလို့ “ နှိုင်းတော့ ကြည်ဖြူ” ဟူသော သီချင်းမှာ ဖွဲ့ဆိုခဲ့သည်။ ဒီ သဘော သဘာဝကို မသိတော့ သီချင်းနာမည်မှာ“ နှိုင်းတော့ကြည်ဖြူ”အစား“နှိုင်းတော့ ကြယ်ဖြူ” ဖြစ်ကုန်တော့သည်။
ရေထဲကျလို့ ဆယ်တာတဲ့
————————–
ယခု ပြောချင်တာက သီချင်းနောက်ခံ ဗျုပ္ပတ္တ် နှင့် သမိုင်းကို မသိရှာတော့ ငြင်းကြတဲ့ ကိစ္စ။ မြို့မငြိမ်း၏ “ရေချိုးဆိပ်” သီချင်းထဲက “စစ်သားကောင်းတို့ အမေ တော်ချင်သူရယ်၊ ဟောဟိုလူ ရင်အုပ်ကားကား ကြွက်သား အဖုအဖု ထုထုပြီး ခရာချင်စရာနှယ်၊ ထွားကျိုင်းတဲ့ ဗမာလူငယ်၊ တော်စမ်းဟယ် ကောင်မရယ် ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့တဲ့၊ မျက်စောင်းကလေးကချီ ရှုတော့ဖြင့် မတည်ရှာတယ်၊ အနားက အဖွားအို အဝတ်လျှော်နေရင်း ဆပ်ပြာကိုဆဲတော့ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ်” ဟု ကလိတိတိ သရော်တော်တော် စာသားပါရှိသည်။
ဒါကိုသီချင်း၏ ဗျုပ္ပတ္တ်နှင့် သမိုင်းမသိရှာကြတော့ “ဆပ်ပြာကိုဆဲတော့” မဟုတ်ပါဘူး၊ ဘယ့်နှယ် ဆဲရမှာလဲ။ အဖွားအိုက အဝတ်ဖွပ်ရင်း ဆပ်ပြာက ရေထဲကျသွားလို့ ဆယ်တာ၊ ဒါကြောင့် “ဆပ်ပြာကိုဆယ်တော့” ဖြစ်တယ်ဟု ရွှေဉာဏ်တော် စူးရောက်ကြတော့သည်။ ထိုအကြောင်းကို ဒေါ်ဒေါ်လူထုဒေါ်အမာ က “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်တွင် ၁၉၆၄ခုနှစ် ပထမအကြိမ် ထုတ်ဝေစဉ် ကတည်းက ဆပ်ပြာကို ဆဲတဲ့အကြောင်း ရေးသားခဲ့ပြီး ဖြစ်သည်။ ဒီလိုစာအုပ်မျိုးကိုမဖတ်ဖူးဘဲ အနုပညာရှင် အမည်ခံသူအချို့က ဆပ်ပြာကို မဆဲဘဲ ဆပ်ပြာကို သနားစရာ ဇွတ်ဆယ်ကြတောသည်မှာ ယခုတိုင် ဖြစ်သည်။ သီချင်း၏ ဗျုပ္ပတ္တ်က ဤသို့ ဤနှယ် ဖြစ်ပါ၏။
နွေဦး လေရူး စစ်ဦး ဘီလူး
————————-
၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) မနက် ၁၁နာရီလောက်တွင် ဂျပန်လေယာဉ် အစင်း ၈၀ လောက်က မန္တလေးမြို့ကို ပိုက်စိတ်တိုက် ဗုံးကြဲတော့သည်။ ဒါဟာဒုတိယအကြိမ်ပါ။ မတ်လဆန်းတုန်းကလည်း မန္တလေးနန်းတွင်းကို ဂျပန်က ဗုံးလာကြဲခဲ့သေးသည်။ အခ ုဒုတိယအကြိမ်မှာတော့ စစ်ရေးနှင့် မပတ်သကသည့် လူနေရပ်ကွက်တွေထဲအထိ ဗုံးတွေ ကြဲရုံသာမက၊ စက်သေနတ် များဖြင့်လည်း ဒရစပ် ပစ်ခတ်သောကြောင့် တစ်မြို့လုံး မီးဟုန်းဟုန်းတောက်ပြီး လူအသေအပျောက် ကလည်း များလှသည်။
ထို့ကြောင့် တစ်မြို့လုံးက ဆောက်တည်ရာမရ ဖြစ်ပြီး လွတ်ရာကျွတ်ရာသို့ ပြေးကြတော့သည်။ အများစုက မန္တလေး အနောက်ဖက် ကမ်းမှာရှိ စစ်ကိုင်း မင်းဝံတောင်ရိုးဘက် ပြေးကြသည်။ မြို့မငြိမ်းတို့ မိသားစုက ကနဦးအစမှာတော့ မေမြို့ (ပြင်ဦးလွင်)ကတစ်ဆင့် ကျောက်မဲနမ့်ဟူးတောင်းရွာဖက် ပြေးကြသည်။ နောက်တော့ ပိုလုံခြုံပြီး အသွားအလာ လွယ်ကူနိုင်မည့် စစ်ကိုင်းနှင့် မင်းကွန်းကြားက ဝါးချက်ရွာမြောက်ဘက်၊ မင်းကျောင်းအထက်၊ မာဃချောင်မှာ ခိုလှုံကြသည်။
ရောက်ကြဖူးသလား ဇေယျာရွှေမြေ
—————————————
မြို့မအသင်းသား အတော်များများလည်း စစ်ကိုင်းတောင်ရိုးမှာပဲ စစ်ခိုကြတော့ တောင်ခြေ နိဗ္ဗိန္ဒချောင်မှာ မြို့မအသင်းသားကြီး ဦးရင်လေးက လက်ဖက်ရည်ဆိုင် ဖွင့်သည်။ သူ့ဆိုင်က လူစုံကာ မြို့ထဲနှင့်လည်း အဆက်အစပ်မပြတ်သောကြောင့် သတင်းစုံသည်။ စစ်သတင်းများကို ကြားသိရသူတွေချင်း ဆုံကြပြီးသတင်း ဖလှယ်ကြသည်။ ထို့ကြောင့် မနက်လင်းသည်နှင့် တောင်ခြေနိဗ္ဗိန္ဒ ချောင်က ဦးရင်လေး လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ကြသည်။
မြို့မငြိမ်းကလည်း ဝါးချက်ကနေ နိဗ္ဗိန္ဒချောင်ကို ရောက်လာတတ်၏။ မြို့မငြိမ်းက စစ်ကိုင်းတောင်ရိုးမှာ ကူးချည် သန်းချည် …၊ တောင်ပေါ် တောင်အောက် တက်ချည် သက်ချည် …၊ ဧရာဝတီမြစ်တွင် ငှက်တစ်စီးနှင့် စုန်ချည်ဆန်ချည် ဆိုတော့ နေထွက်က နေဝင်အထိ စစ်ကိုင်းတောင်၏ အလှကို ရှုလိုမငြီးနိုင်အောင် ခံစားရသည်။ ဒီမြင်ကွင်း ဒီအလှများက အနုပညာရှင်တစ်ယောက်၏ ရင်ကို ဘယ့်နှယ် မလှုပ်ခါဘဲ ရှိပါ့မလဲ။ စာသားလေးတွေ ရလာမည်။ သံစဉ်လေးတွေ ရလာမည်။ တေးသွားလေးတွေ ရလာပါမည်။
ရာသီကလည်း နွေဦးပေါက်ကာလ၊ တောင်ရိုးပေါ်က သစ်ပင်သစ်တောတွေမှာ ရော်ရွက်ဝါတွေက လှုပ်လိလှုပ်လဲ့။ သရဖီ၊ ရင်ကပ်၊ ကံ့ကော် ပန်းရနံ့တွေ ကလည်း သင်းလို့၊ သည်သစ်ပင် သစ်ကိုင်းတွေမှာ ရွက်ဝါအကြွေ ဖူးငုံ ဖူးတံလေးတွေမှာ ပရစ်ဖူးအစို့ အညှောက်လေးတွေ ထွက်လို့၊ ဧရာမြစ်တွင်းမှာလည်း လှိုင်းလေးတွေ လူးနေတဲ့အပေါ် ငွေရည်လူးလို့။ ဟိုမှာဖက် သဲသောင်ပြင်မှာလည်း ဟင်္သာမောင်နှံက ချစ်ခွန်းတုံ့တင်လို့ …။ ထို့ကြောင့် “ပုညရှင် စေတီအပါး စစ်ကိုင်းတောင် အထက်နားဆီက အခြေတလွှား ရှုလိုက်ရင် ဧရာဝတီ နတ်ပန်းချီ ဆေးရောင်စုံ ကွန့်သည့်နှယ် ဝဲလက်ယာအတွန့်အတွန့်နဲ့ အလွန့်အလွန် သာယာ ပါပေသည်” ဟူသော စစ်ကိုင်းတောင်သီချင်း ပေါက်ဖွားခဲ့သည်။
ကိုယ်လက်သန့်ရှင်း ရေချိုးဆင်းရာဝယ်
————————————–
ထို့အတူ စစ်ကိုင်းတောင်မှာပဲ စစ်ခိုလှုံနေကြ၊ လင်းတာနှင့် တောင်ခြေက နိဗ္ဗိန္ဒချောင် ဦးရင်လေး လက်ဖက်ရည်ဆိုင်မှာ ဆုံကြရင်း သူငယ်ချင်း မိတ်ဆွေတစ်စု အနီးအနားက သရက်ပင်ဆိပ်ကို ဆင်းပြီး ရေချိုးကူးကြသည်။ ဒါမှမဟုတ် မြို့မငြိမ်းက သူ့သမီးကြီး မတင်ကြည် မြစ်ဆိပ်ဆင်းပြီး အဝတ်လျှော်တိုင်း အစောင့်အရှောက် အနေနှင့် လိုက်ပါကာ မြစ်ဆိပ်ရှုခင်းကို မြင်တွေ့နေကျဖြစ်သည်။ ဒီအခါ မြစ်ဆိပ်မှာ မြင်တွေ့နေရသော လူ့သဘာ၀ အလှုပ်အရှား ရှုမျှော်ခင်းကို၊ စာသား စကားလုံးများဖြင့် အနုစိတ် ခြယ်မှုန်းလိုကပြန်သည်။ “ရေချိုးဆိပ်”ဆိုတဲ့ သီချင်းပါပဲ။
ဒီသီချင်းမှာ စစ်ကြီးအတွင်း စစ်ပြေး ဒုက္ခသည်တွေ စုပြုံ ခိုလှုံရာ စစ်ကိုင်းတောင်ခြေ ဧရာဝတီမြစ်ကမ်း ရေချိုးဆိပ်၏ လှုပ်ရှားနေသော မြင်ကွင်းကို အနုစိတ် စုတ်ချက်တွေ၊ အလင်းအမှောင်တွေနှင့် ပန်းချီကားတစ်ချပ်ကဲ့သို့ ရေးစပ်လိုက်သည်။ အလင်းအမှောင်နှင့် ပတ်သက်ပြီး “ညနေချမ်းဆီ နေရီရီ … ရောင်ခြည်ဆွတ်ဖျန်း ကမ္ဘာတစ်ဝှမ်း … အလှဆန်းကြယ်…” တဲ့။ ထိုအချိန်တွင် ရေချိုးဆိပ်က “နုမျစ်ပျိုရွယ်၊ ဖူးသစ်စလုံမယ်” မြန်မာမလေးများ၏ ရင်လျားနှင့် ညိုညက်ညက် အသားအရေကို “ရွှေစီတဲ့ ပတ္ကမြား၊ နေခြည်နဲ့အသား၊ ပနံစားတယ်”ဟု ပြောင်မြောက်စွာ အနုစိတ် ဖွဲ့နွဲ့ခဲ့သည်။
စစ်၏ ဖွားဖက်တော်
————————
အနုစိတ်လိုက်ပုံများ ရေချိုးဆိပ်မှာ အရွယ်သုံးပါးမရွေး ရေချိုးကြတော့ အပျို လူပျိုအရွယ် ကာလသား ကာလ သမီးလေးတွေက အပျို လူပျိုသဘာ၀ ဟန်ရေးပြကြ၊ စ ကြ ပြောင်ကြ နောက်ကြပုံ။ ခါးတောင်း မြောင်အောင်ကျိုက်ပြီး အပေါ်ပိုင်း အကျီၤီဘလာဖြင့် အပျိုလေးများရှေ့ အစွမ်းပြသလို ရေထဲ ဒိုင်ဗင်ထိုးပြနေသည့် ကာလသားလေးကို “ကုန်းပေါ်က လူပျိုလေး”ရဲ့ “ကြွက်သား အဖုအဖု … ထုထုပြီး ခရာချင်စရာ”ဟု အပျိုလေးများက ကလိတိတိ ငြိတိတိ ဖြစ်ကြပုံအထိ စပ်ဆိုခဲ့သည်။ တကယ်တော့ စစ်ကြီးကြောင့် အိုးပစ်အိမ်ပစ်ပြီး မိကွဲဖကွဲနှင့် စစ်ကိုင်းတောင်မှာ နှစ်ရှည် လများ စစ်ခိုကြသူတွေမှာ ဒုက္ခတွေ အပုံအပင်နှင့် ဖြစ်သည်။ အစားသောက်ချို့တဲ့၊ အဝတ်အစား ချို့တဲ့၊ ကျန်းမာရေးချို့တဲ့၊ ဆေးဝါးချို့တဲ့ဒုက္ခများက စစ်၏ ဖွားဖက်တော်များ ဖြစ်သည်။
ကုန်ကုန် ပြောကြပါစို့၊ ဆပ်ပြာကိုပင် လူလိုသူလို အမြှုပ်ထွက် ချေးပြောင်တဲ့ ဆပ်ပြာမရှိခဲ့။ ဝါးချက်နား သဲချောင်းထဲက ဆားပေါက်နေသော သဲကြမ်းယူပြီး ရရာအမဲဆီနှင့် ဖြစ်သလို ချက်ထားရသည့် သဲဆပ်ပြာခဲပဲရှိသည်။ ဒီဆပ်ပြာသည်ပင် ဈေးချိုဝါးတန်းရပ်က စစ်ပြေးလာသည့် ဦးဝင်းတို့ အပျိုကြီး လူပျိုကြီး မောင်နှမ နှစ်ယောက်က ကြံဖန် ချက်ထားပြီး ရောင်းချလို့ ဆပ်ပြာခဲ သုံးကြရသည်။ နို့မို့ဆို သဲကြမ်းနှင့် လျော်ပေ ဖွပ်ပေရော။ ဆပ်ပြာကောင်းကောင်း မရှိတော့လည်း လူကြီးလူငယ် ကျားမမရွေး ကလေးတွေပါမကျန် ယားနာတွေ ပေါက်လိုက်ကြတာတဲ့။
ရဲရဲ ဆဲပါ၊ မဆယ်လိုက်ပါနဲ့
—————————
ဒီလိုဒုက္ခ သုက္ခပေါင်းစုံမှာ မျက်ရည်နဲ့ မျက်ခွက်နေကြရတဲ့ကြား အပျိုလေး လူပျိုလေးတွေက အလိုက်ကမ်းဆိုးမသိ အူရွှင် ပျော်မြူးနေကြတော့ မြစ်ဆိပ်ရေစပ်တွင် အဝတ်ဖွပ်လျှော်နေသော အဖွားအိုက မျက်စိနောက်ပြီး ဆပ်ပြာကိုပဲ အမြှုပ်မထွက် ချေးမကျွတ်တာ ယမယ်ရှာ စောင်းမြောင်း ဆဲရင်းဆိုရင်း အဝတ်တွေကို ဆောင့်အောင့် ဖွပ်လိုက်တာ ဖောင်အစွန်းထိ ရေတွေ စင်ပါလေရော။ ကိုင်း..၊ ဘယ်လောက် ခေတ်သရုပ်ပေါ်ပြီး အသေးစိပ်လိုက်သလဲဆိုတာ..၊ ဂျပန်ခေတ် မီခဲ့သူတိုင်းက ဆပ်ပြာကို ဆဲခဲ့ကြသူချည်းကိုး။
ထို့ကြောင့် ဆရာမြို့မငြိမ်း၏ “ရေချိုးဆိပ်” သီချင်ကို သီဆိုကြလျှင် ဆပ်ပြာကို ရဲရဲဆဲကြပါ။ ဒါကှ သမိုင်းအမှန်ပါ။ စာမဖတ် ပေမဖတ် တတ်ယောင်ကားနှင့် ဆပ်ပြာကို မဆယ်လိုက်ကြပါနဲ့ဟု ပန်ကြားလိုပါ၏။
ဆူးငှက်
