ဇူလိုင် ၁ – ၂၀၂၃
SN (VOM)
မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုကို သွားရောက်စစ်ဆေးစဉ် တိုက်ခိုက်ခံရတဲ့အဖွဲ့ထဲက လူ ၄ ဦး ဆေးရုံမှာ ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်၊ မနက် ၄ နာရီခွဲဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံရတာဖြစ်ပြီး အဲ့ဒီဖြစ်စဉ် ဖြစ်ပွားချိန် တံတားပေါ်မှာ ဖြတ်သန်းမောင်းနှင်နေတဲ့ မော်တော်ယာဉ် ၃ စီးပြုတ်ကျ ပျက်စီးခဲ့ကာ ယာဉ်တစ်စီးပေါ် လိုက်ပါလာတဲ့ ဥပဒေအရာရှိတစ်ဦး သေဆုံးပြီး ရဲတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ့နောက် မနက် ၈ နာရီလောက်မှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ တံတားကို စစ်ဆေးဖို့အတွက် သထုံခရိုင်အတွင်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကြချိန် Drop Bomb နဲ့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးခဲ့ကာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲဝင် အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူတွေထဲက ထွေအုပ်ရုံးဝန်ထမ်း နှစ်ဦးမှာ အဲ့ဒီ့နေ့ (ဇွန် ၂၉ ရက်) ညနေပိုင်းမှာ သေဆုံးခဲ့ပြီး စစ်သားနဲ့ရဲ နှစ်ယောက်ကတော့ စစ်ဆေးရုံမှာ ခွဲစိတ်နေရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။
“ဒီဖြစ်စဉ်မှာ လက်ရှိအချိန်အထိ သေဆုံးသူ ၆ ဦးအထိ ရှိလာပါပြီ။ တခြား သုံးပွင့် အဆင့်ရှိတဲ့ တပ်နယ်မှူးရယ်၊ ခရိုင်ရဲမှူးရယ်ကလည်း စိုးရိမ်ရတဲ့အဆင့်ရှိနေတယ်လို့ သိရတယ်”လို့ ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီ့ ဖြစ်စဉ်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ (၆) ဦးအထိ ရှိလာပြီဖြစ်ကာ ခရိုင်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း (၂) ဦး၊ တံတားဦး ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁) ဦး၊ စစ်သားတပ်ကြပ်ကြီး (၁) ဦးနဲ့ ရဲတပ်သား (၁) ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူတွေကတော့ စစ်သား၊ ထွေ/အုပ်ဝန်ထမ်း၊ မီးသတ်တွေ စုစုပေါင်း ၂၆ ဦးခန့်ရှိပြီး ဗိုလ်မှူး (၁) ဦး အပါအဝင် ဌာနဆိုင်ရာ အရာရှိတချို့မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အရှည် ၉၅ ပေ၊ တံတားအကျယ် ၄၁ ပေခန့်ရှိ သံကူကွန်ကရစ် အမျိုးအစား ကျုံအိတ်တံတား (ရွှေရောင်ပြတံတား) မှာ ရန်ကုန်-မော်လမြိုင်-မြဝတီ၊ ရန်ကုန်-မော်လမြိုင်-ထားဝယ် စတဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့ လမ်းပေါ်မှာ တည်ရှိနေပါတယ်။
အဲ့ဒီတံတားဟာ နစကရဲ့ ထောက်ပို့လမ်းကြောင်းအတွက် အလွန်အရေးပါပြီး ဒါကို ဖြတ်တောက်လိုတဲ့အတွက် ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)က ထုတ်ပြန်ထားပြီး ဖောက်ခွဲမှုကြောင့် တံတားမှာ ၂၇ ပေခန့် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“အချိုးခံရတဲ့ ကျုံအိတ်တံတားက ရန်ကုန်-မော်လမြိုင်-မြ၀တီ လမ်းကြောပေါ်မှာ ရှိနေတာပါ။ နစကရဲ့ စစ်ကြောင်းတွေအတွက် ရိက္ခာ၊ လက်နက်၊ လူအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေတဲ့ မဟာဗျူဟာလမ်း ဖြစ်ပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တံတားပျက်စီးမှုကြောင့် မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ ယာဉ်တွေနဲ့ အခြားသော အိမ်စီးယာဉ်တွေ သွားလာရ လမ်းကြော ကျပ်တည်းနေပြီး ကုန်သွယ်စီးဆင်းမှု ကြန့်ကြာနေတယ်လို့ မြဝတီနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးဆီကနေ သိရပါတယ်။
လက်ရှိမှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို ဘေလီတံတားအနေနဲ့ ယာယီပြင်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ (၆) ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတား (နတ်သံကွင်း)ကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တာကြောင့် တံတားရဲ့ ကမ်းကပ်ခုံနဲ့ ကပ်လျက် ၁၃၀ ပေခန့် ပြိုကျ ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ အခု ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်အထိ စာရင်းတွေအရ ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်အတွင်းက တံတားတွေ ဖောက်ခွဲဖျက်ဆီးခံရမှုဟာ စုစုပေါင်း အကြိမ်ရေ ၂၄ ကြိမ်ခန့် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ကျုံအိတ်တံတား #ပေါက်ကွဲမှု #လူ၄ဦးထပ်မံသေဆုံး