ဩဂုတ် ၇၊ ၂၀၂၆
Shy V (VOM)
နေပြည်တော်မှာ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်တို့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ (UWSP) တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်တွေကို ဝဘက်က ထုတ်ပြန်ထားပါတယ်။
UWSP ဥက္ကဋ္ဌ ဦးကျောက်ကော့အန်းက မိုင်းပေါက်–မိုင်းပျဉ်း–မိုင်းဆတ် လမ်းဖောက်လုပ်ရေး၊ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း လျှောက်ထားမှု၊ ဝဒေသက ပြည်သူတွေ မြန်မာပြည်တွင်းမှာ ဆေးဝါးကုသခွင့် ရရှိရေး၊ တရားဝင်စီးပွားရေး လုပ်ကိုင်ခွင့်ကို ကာကွယ်ပေးရေး၊ ကျောင်းသားတွေ ပြည်တွင်းမှာ ပညာဆက်လက်သင်ယူခွင့် ရရှိရေးနဲ့ ဆွေမျိုးတွေ သွားရောက်လည်ပတ်ခွင့် စတဲ့ ကိစ္စရပ်တွေကို တင်ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဝပြည်နယ်အနေနဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ဒေသတွင်း မငြိမ်မသက်မှု မဖြစ်ပေါ်ရေးနဲ့ ရေရှည်တည်ငြိမ်ရေး စတဲ့ မူ ၃ ချက်ကို ခိုင်မာစွာ ကိုင်စွဲထားကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွေကို ပုံမှန်ပြုလုပ်ပြီး ယုံကြည်မှု တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်း–မြန်မာနယ်စပ်၊ မိုင်းတုံမြို့နယ်၊ နားမလွေဘက်က BP1 နယ်စပ်ဂိတ်ဆိုင်ရာ ကိစ္စရပ်တွေ၊ စိုက်ပျိုးရေးထုတ်ကုန်တွေ တင်ပို့ခွင့် ကန့်သတ်ထားမှုတွေ၊ ကျန်းမာရေးဆိုင်ရာ ကာကွယ်ဆေးနဲ့ ဆေးဝါးတွေ ရရှိရေး၊ ကျန်းမာရေးဝန်ထမ်း လေ့ကျင့်ရေးဆိုင်ရာ အကူအညီတွေကို ဒုတိယအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းက တင်ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံရေးမှူး ထျန်းဆန်းမုရုန်းကလည်း တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုရှင်းလင်းခဲ့သလို တင်ပြတောင်းဆိုချက်တွေကိုလည်း ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ UWSP ဥက္ကဋ္ဌ ဦးကျောက်ကော့အန်းတို့ သဘောတူညီချက် အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက် အဆင့်မြင့်ဆွေးနွေးပွဲတွေ ဆက်လက်တိုးမြှင့်ရန်နဲ့ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းတွေအကောင်အထည်ဖော်ရာမှာ လွယ်ကူချောမွေ့စေရန်အတွက် NSPNC နဲ့ UWSP အကြား သီးသန့်တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်း (Dedicated Communication Channel) တစ်ခု ထူထောင်ရန် သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။
NSPNC ဘက်က UWSP ရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်မှု ပုံစံတွေကို ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) အပါအဝင် နယ်စပ်ဒေသဆိုင်ရာ ပြစ်မှုတွေကို ပြတ်ပြတ်သားသား ပူးပေါင်းပညာပေးနှိမ်နင်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ထိန်းသိမ်းသွားရန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစိုးရသစ် တက်လာပြီးနောက် NSPNC နဲ့ UWSP တို့ ပထမအကြိမ်အဖြစ် ပန်ဆန်းမှာ တွေ့ဆုံခဲ့ပြီး နေပြည်တော်မှာ တွေ့ဆုံမှုဟာ ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဒီတွေ့ဆုံဆွေးနွေးပွဲဟာ အကျိုးရှိခဲ့ပြီး ဝပြည်နယ်ဟာ မြန်မာ–တရုတ်နယ်စပ်မှာ တည်ရှိတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါတဲ့ မိတ်ဖက်တစ်ခုဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြောင်း MOI ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
ဒါ့အပြင် NSPNC နဲ့ ပုံမှန်ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိစေဖို့ မျှော်လင့်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ပါတယ်။
