ဩဂုတ် ၇ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မြေပြိုပြီးရေကြီးနေသလို မန္တလေး – မိုးကုတ်ကားလမ်းပိုင်းမှာလည်း မြေပြိုနေတာကြောင့် လမ်းပိတ်ပြီး ကားတွေပိတ်မိနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်ထဲက မန္တလေး – မိုးကုတ်ကားလမ်းပိုင်းမှာ အရင်ရင်ကတည်းကစပြီး ဒီနေ့ ဩဂုတ် ၇ ရက်နေ့အထိ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ခရီးသည်တင်ကားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။
” လမ်းတွေမှာ ဆက်တိုက် မြေ ပြိုနေတယ်။မိုးကုတ်ကနေ အုံဒန်ထိ အဆင်ပြေပေမယ့် အုံဒါန်ကနေ ၁၄၈ စစ်တပ်ဂိတ်အကြား မြေပြိုထားပါတယ်။ လမ်းကြောပေါ်ရှိနေတဲ့ ကားအားလုံး သာတဲ့နေရာမှာ သာရပ်ထားပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ မန္တလေးကနေတက်လာတဲ့ ကား ၊ မိုးကုတ်ကနေတက်လာတဲ့ကားအကုန်လုံး သွားမရသေးဘူး ။ ” လို့ ပိတ်မိနေတဲ့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။
မိုးကုတ် – မန္တလေးလမ်းပိုင်းရှိ မြေပြိုတဲ့နေရာတွေကို လက်ရှိမှာ အစိုးရတပ်ဖွဲ့ဝင်တွေက ရှင်းလင်းတာမျိုးရှိပေမယ့်လည်း မြေပြိုတဲ့နေရာများတာကြောင့် လမ်းပိတ်ဆို့မှု သုံးရက်လောက်ကြာနိုင်တယ်လို့ သိရပါတယ် ။
မိုးကုတ်မြို့အရှေ့ပိုင်းမှာဆိုရင် မင်းတံတားရပ်ကွက် ၊ စည်ပင်သာယာရပ်ကွက် ၊ မိုးကုတ်စျေးကြီးစတဲ့ ရပ်ကွက်နဲ့လမ်းတွေပေါ် ရေကြီးရေလျှံနေသလို မြေပြိုမှုတွေလည်း ဖြစ်နေပါတယ်။
အလားတူ မိုးကုတ်မြို့အနောက်ပိုင်း ရွှေလိပ်ပြာဟိုတယ်အနီး လမ်းပိုင်းမှာလည်း လမ်းပိုင်း ပိတ်ဆို့မှုဖြစ်လို့ ရှင်းလင်းခဲ့ရပြီး ကျပ်ပြင်ဘက် နဲ့ ကမ္ဘာအေးရပ်မှာ မြေပြိုမှုတွေ ဖြစ်နေသလို မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ဆက်သွယ်ထားတဲ့ လမ်းမကြီးတလျှောက်မှာပါ လမ်းအက်ကြောင်းတွေဖြစ်နေတယ်လို့ သိရပါတယ်။
” ဒီနေ့ မိုးကသည်းနေတော့ ရေကလည်း အရင်ရက်ထက်ပိုတက်လာတယ် ။ မင်းတံတားဘက်ရေလည်း များတယ်။မြေပြိုတာလည်းရှိတယ်။ တောင်ကျရေကများတော့ မြေသားတွေအိကျပြီး မြေပြိုတာတွေ ဖြစ်နေတာ ။ အနောက်ပိုင်းက ကမ္ဘာအေးရပ်မှာ ဒီနေ့ မြေပြိုသလို ကျပ်ပြင် ဗောဓီကုန်းရပ်ကွက်မှာလည်း မြေထိန်းနံရံပြိုကျပြီး နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့တယ်။” လို့ အနောက်ပိုင်း ဒေသခံက ပြောပါတယ် ။
ဒါကြောင့် သက်ဆိုင်ရာ မြို့နယ်မီးသတ် ၊ လူမှုကူညီရေး အသင်း ၊ မြို့ကြက်ခြေနီအဖွဲ့တွေ ပူးပေါင်းပြီး မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက မြေပြိုနိုင်တဲ့ ရပ်ကွက်တွေထဲက နေအိမ် ၁၅ လုံးလောက်ကို ကြိုတင်ရွှေ့ပြောင်းတာ ပြုလုပ်ထားပြီး လမ်းပေါ် ပိတ်ဆို့မှုတွေကိုပါ ရှင်းလင်းနေသလို ရေစီးရေလာကောင်းအောင်လည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
” အရင်ကလည်း ဖြစ်လေ့ဖြစ်ထရှိပေမယ့် ခုလောက်တော့ ရေမများဘူး ။အခုက တောင်ကျရေနဲ့မိုးရွာတာများပြီး ရေစီးမကောင်းတော့ ဖြစ်နေတာ။ ရေစီးကောင်းအောင် ရှင်းလင်းနေသလို လမ်းပေါ်သစ်ပင်လဲတာ မြေပြိုတာတွေကိုလည်း ကူညီနေပါတယ်။ အရင်ရက်ကလည်း အခုက လမ်းတွေပေါ်ပါ ရေကျော်တော့ သွားလာရလည်း.သိပ်မလွယ်ဘူးဖြစ်နေတယ်။ မန္တလေး – မိုးကုတ်လမ်းက မြေပြိုလမ်းပိတ်တာတွေကို အရင်ရက်ကလည်း ရှင်းလင်းတာရှိတယ်။ ” လို့ မိုးကုတ်မြို့ ကြက်ခြေနီအဖွဲ့ဝင်ကပြောပါတယ်။
မိုးကုတ်မြို့မှာ ဩဂုတ် ၄ ရက်နေ့ကစပြီး ဒီကနေ့ ဩဂုတ် ၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးပြီး ချောင်းရေလျှံခြင်း ၊ မြေပြိုပြီး အိမ်တွေပျက်စီးခြင်း ၊ မြေထိန်းနံရံတွေပြိုကျခြင်း ၊ ရေကြီးရေလျံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ် ၅ ရက်နေ့နဲ့ ၆ ရက်ကလည်း မိုးကုတ် – မန္တလေးလမ်းပိုင်း ၊ မိုးကုတ်မြို့နယ်၊ စိန်ကုန်းကျေးရွာ နဲ့ ဘန့်ဘွေးကုန်းရွာအကြားက လမ်းပိုင်းမှာ ခုနှစ်နေရာလောက်အထိ တောင်ကမ်းပါးရံများ ပြိုကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တာကြောင့် သတကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်း ရှင်းလင်းခဲ့တယ်လို့ သိရပါတယ် ။
ဩဂုတ် ၄ ရက်က မိုးကုတ်အနောက်ပိုင်း ပန်းမရပ်ကွက်၊ ပတ္တမြားသျိုမှာ မြေထိန်းနံရံ ပြိုကျခဲ့တဲ့အတွက် အိမ်နှစ်လုံး ပျက်စီးခဲ့ပြီး လူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပါရမီအသင်း /CJ
